သံဖြူဇရပ်မြို့ဟာ တချိန်တုန်းကတော့ ဂျပန်တွေရဲ့လက်အောက်မှာ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုတွေ ပေါ်ပေါက်ခဲ့ဖူးတဲ့နေရာပါပဲ။ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန် ၁၉၄၂ – ၄၃ ခုနှစ်တွမှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအကြားမှာ မီးရထားလမ်းတခု ဂျပန်တွေကဖောက်လုပ်ခဲ့ပါတယ်။
အဲဒီမီးရထားလမ်းဟာ နောင်အခါမှာတော့သေမင်းတမန် မီးရထားလမ်းလို့ နာမည်ကျော်လာခဲ့ပါတယ်။ အဲဒီမီးရထားလမ်း အတွက် မဟာမိတ်အကျဉ်းသား ၃၀၀၀၀ ကျော်နဲ့ ထိုင်း၊ မြန်မာ ရွာသားပေါင်း ၁၀၀၀၀၀ ကျော်ဟာ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခံခဲ့ရပါတယ်။ လုပ်အားပေး စေခိုင်းခံခဲ့ရသူတွေဟာ အငတ်ငတ်အပြတ်ပြတ် လုပ်ကိုင်စေခိုင်းခံရပြီး အသေသတ်ခံရတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း ခံခဲ့ရပါတယ်။
အခုဆိုရင်တော့ အဲဒီနေရာတွေကို ခရီးသွားတွေက စိတ်ဝင်စားလာကြပါတယ်။ စိတ်ဝင်စားလာရတဲ့ အကြောင်းကတော့ နှစ်ခုရှိပါတယ်။
ပထမတခုက သေမင်းတမန်ရထားလမ်းကို ကြည့်ရှုဖို့ဖြစ်ပြီးနောက်တခုကတော့ သံဖြူဇရပ်စစ်သချိၤုင်းပါ။ စစ်သင်္ချိုင်းကိုတော့ ဓနသဟာယစစ်သင်္ချိုင်းကောင်စီက တည်ဆောက်ထိန်းသိမ်းထားတာပဲဖြစ်ပါတယ်။
အဲဒီစစ်သင်္ချိုင်းမှာဆိုရင်တော့ သြစတြေးလျ ၊ ဗြိတိသျှ ၊ နယ်သာလန် ၊ အိန္ဒိယနဲ့ နီပေါနိုင်ငံကမဟာမိတ်စစ်သားတွေကို မြှုပ်နှံထားပါတယ်။ အုတ်ဂူပေါင်းထောင်ပေါင်းများစွာရှိတဲ့ အဲဒီစစ်သင်္ချိုင်းမှာဆိုရင်တော့ နာမည် ၊နိုင်ငံနဲ့ လူမျိုး တိတိကျကျမဖော်ပြနိုင်တော့တဲ့ စစ်သားပါင်းများစွာကိုလည်း မြှုပ်နှံထားပါတယ်။
ဒီနေရာကိုတော့ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီး စစ်ပွဲအတွင်းက သေကြေပျက်ဆီးခဲ့ရသူတွေအတွက် အမှတ်တရဆောက်လုပ်ပေးခဲ့တဲ့ နေရာတနေရာပါပဲ။ နောက်ထပ်တနေရာကတော့ နာမည်ကျော် သေမင်းတမန် မီးရထားလမ်းပါပဲ။
ဒီနေရာမှာဆိုရင်တော့ လွန်ခဲ့တဲ့ ၁၉၄၂ – ၄၃ ကာလလောက်တွေမှာ လူအများအပြား သေကြေပျက်စီးခဲ့ရပါတယ်။ ပိန်လှီနေတဲ့ အရိုးပေါ်အရေတင် ခန္ဓာကိုယ်တွေဟာ အသက်ဆုံးရှုံးရသည်အထိ အလုပ်လုပ်ခဲ့ကြရပါတယ်။
အဲဒီမီးရထားလမ်းတလျှောက်မှာဆိုရင်တော့ သေဆုံးသွားခဲ့ကြသူတွေရဲ့ အရိုးအကြွင်းတွေကိုတောင် တွေ့ရနိုင်ပါသေးတယ်။ ဒီနေရာကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ မော်လမြိုင်ကတော့ ကားတနာရီသာသာ စီးသွားလိုက်ရုံပါပဲ။ သံဖြူဇရပ်ကိုရောက်ပြီဆိုရင်တော့ ဒီနေရာတွေအပြင်နောက်ထပ်တနေရာကိုလည်း သွားရောက်လည်ပတ်သင့်ပါသေးတယ်။ အဲဒီနေရာကတော့ကျိုက္ခမီရေလယ်ဘုရား ဖြစ်ပါတယ်။
သံဖြူဇရပ်မှာရှိတဲ့ စစ်သင်္ချိုင်းနဲ့ သေမင်းတမံမီးရထားလမ်းတွေဟာ စစ်ပွဲရဲ့ အထိမ်းအမှတ်နရာမျိုးတွေဖြစ်တဲ့ အတွက်ကြောင့် လေးလေးစားစားလည်ပတ်ရမယ့်နေရာမျိုးတွေပါ။
ဒုတိယ ကမ္ဘာစစ်ဖြစ်ခဲ့တဲ့အတွက်ကြောင့် မလိုအပ်ဘဲ လူတွေအများကြီးသေဆုံးခဲ့ရတဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။ သေဆုံးသူတွေအားလုံးဟာ တန်းတူလေးစားထိုက်တဲ့ လူတွေချည်းပဲ ဖြစ်ကြပါတယ်။
Ref : quitjobtravelworld