ဇန်နဝါရီလဆိုရင်တော့ မြန်မာနိုင်ငံရဲ့ဒေသတော်တော်များများမှာ ရာသီဥတုဟာ အပူပိုင်းဘက်ကိုရောက် လာပါတယ်။ ဒီအချိန်ဟာ ဒီဇင်ဘာထက် ပိုပြီးပူလာတဲ့အချိန်ပါပဲဖြစ်ပါတယ်။ ဇန်နဝါရီလဟာ မြန်မာလ နဲ့ တွက်မယ်ဆိုရင်တော့ ပြာသိုလထဲကိုရောက်ပါပြီ။
ဆယ့်နှစ် လရာသီပွဲတော်တွေထဲမှာဆိုရင်တော့ ပြာသိုလဟာ မြင်းခင်းသဘင်ပွဲတော် ကျင်း ပလေ့ရှိတဲ့ လတလဖြစ်သလို မြန်မာနိုင်ငံလွတ်လပ်ရေး ရလာခဲ့တာကလည်း မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက်နေ့ ဖြစ်ပါတယ်။
အခုနောက်ပိုင်း မှာတော့ ပြာသိုလပြည့်နေ့ကို “အမေများနေ့” ဆိုပြီး သတ်မှတ် ကျင်းပလာ တာ တွေ့ရပါတယ်။
ခွာညိုပန်းတွေပွင့်တတ်တဲ့ ပြာသိုလမှာပဲ ရှေးမြန်မာမင်းတွေက မြင်းခင်းသဘင်ပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။ မြင်းခင်းသဘင် စတင်ကျင်းပရာကာလကိုတော့ ပင်းယခေတ် ၊ ငါးစီးရှင် ကျော်စွာလက်ထက်ကလို့ ယူဆထား ကြပါတယ်။
ဒီလထဲမှာပဲနောက်ထပ်ကျင်းပကြတဲ့ ပွဲတော်တွေရှိနေပါသေးတယ်။ အဲဒီပွဲတော်ကတော့ ပြာသို ပြည့်ကနေ ပြာသိုလကွယ်အထိကျင်းပကြတဲ့ ပုဂံ ၊ အာနန္ဒာဘုရားပွဲတော်ပါပဲ။
ဒီဘုရားပွဲတော်ကိုတော့ ဗုဒ္ဓဘာသာ အဓွန့်ရှည် တည်တန့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပ ပါတယ်။ ဒီပွဲတော်ဟာ ပုဂံမှာ ထင်ရှားကျော်ကြားတဲ့ ပွဲတော်တခုပါပဲ။ ဒီပွဲတော်ကို ခရီးသွားတွေက အထူးစိတ်ဝင်စားကြပြီး အာရှရဲ့ ဆွဲဆောင်မှုတခုဆိုရင်လည်း မမှားပါဘူး။ ဒီပွဲတော်ကိုတော့ ပုဂံခေတ်ဦးကာလကတည်းက ကျင်းပလာခဲ့ကြတယ်လို့ လူတွေက ယုံကြည် ထားကြပါတယ်။
သမိုင်းတလျှောက်လုံးမှာဆိုရင်လည်း အာနန္ဒာဘုရားပွဲ ကျင်းပနေတဲ့အချိန်ဆို ပုဂံအနီး တဝိုက်က ရွာတွေဟာ နွားလှည်းတွေစီးပြီး အာနန္ဒာဘုရားပွဲဆီ လာလေ့ရှိပါတယ်။ ဒါကြောင့်လည်း အခုချိန်ထိတိုင်အောင် လူတချို့က ဒီအစဉ်အလာကိုထိန်းသိမ်းထားကြပါတယ်။
ဘုရားပွဲအချိန်မှာဆိုရင်တော့ ပြဇာတ်ရုံအသီးသီးမှာ ဖျော်ဖြေပွဲတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ မြန်မာ့ရိုးရာ လက်မှုပစ္စည်းတွေကိုရောင်းချပေးနေကြတဲ့ ပျံကျဈေးသည်တွေကိုလည်း နေ ရာအနှံ့တွေ့နိုင်သလို မြန်မာ့အစားအစာ သက်သက်ကိုသာရောင်းချပေးတဲ့ ဆိုင်တွေကိုလည်း တွေ့ရမှာပါပဲ။
ခရီးသွားတွေ စိတ်အဝင်စားဆုံးကတော့ သံဃာအပါး ၁၀၀၀ က အသံမစဲ မဟာပဋ္ဌာန်း.ဒေသနာမြတ်ကို သုံးရက် တိုင်တိုင် ပူဇော်နေတာပါပဲ။ ပဋ္ဌာန်းပူဇော်ပွဲပြီးသွားရင်တော့ သံဃာ အပါး ၁၀၀၀ က စီတန်းပြီး အလှူခံကြွရောက်တဲ့ မြင်ကွင်းကိုတော့ နိုင်ငံခြားသား ခရီးသွားတွေက ပိုသဘောကျတတ်ပါတယ်။
ဇန်နဝါရီလမှာ နောက်ထပ်ကျင်းပတဲ့ပွဲတော်တခုကတော့ ကချင် မနောပွဲပါပဲ။ ဒီပွဲတော်ကို တော့ ဇန်နဝါရီ ပထမပတ် လောက်မှာကျင်းပလေ့ရှိပြီး တရက်တည်းသာ ကျင်းပကြပါတယ်။ ဒီ ပွဲတော်ဟာ ကချင်ရိုးရာ နှစ်သစ်ကူးပွဲတော် ဆိုရင်လည်း မမှားပါဘူး။
ကချင်လူမျိုးဟာ မြန်မာနိုင်ငံတိုင်းရင်းသားတွေထဲက အဓိကလူမျိုးနွယ်စုတစုပါပဲ။ ဒီကချင် မနောပွဲကိုတော့ ဒေသခံ ကချင်လူမျိုးတွေကော ပြည်ပရောက် ကချင်လူမျိုးတွေပါ လာရောက်ဆင်နွှဲ လေ့ရှိပါတယ်။
နာမည်ကြီး ကချင်မနောအကဆိုတာကလည်း ဟိုးရှေးရှေးကတည်းကပေါ်ပေါက်လာခဲ့ပါ။ ကချင် မနောပွဲကတော့ ဘာသာရေးဆိုင်ရာ ထုံးတမ်းဓလေ့တွေကနေ ဆင်းသက်လာတဲ့ ပွဲတော်တခုလို့ ဆိုကြပါတယ်။
အဲဒီအချိန်ဆို မနောတိုင်စိုက်ထူထားတဲ့ မနောကွင်းကြီးထဲမှာဆိုရင်တော့ လှပပြီး အရောင်အသွေး ကြွယ် ဝတဲ့ ကချင်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားကြတဲ့ ကချင်လူမျိုး အများအပြားကို တွေ့ ရ မှာပါပဲ။ ကချင် ရိုးရာမနောပွဲကိုတော့ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့မှာ ကျင်းပပါတယ်။
နောက်ထပ် ကျင်းပကြတဲ့ပွဲတော်တခုကတော့ နာဂနှစ်သစ်ကူးပွဲတော်ပါပဲ။ ဒီပွဲတော်ကိုတော့ ပုံမှန်အားဖြင့်ဆို ဇန်နဝါရီ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပလေ့ရှိပါတယ်။ ကျင်းပလေ့ရှိတဲ့နေရာတွေကတော့ လဟယ် ၊ လေရှီး နဲ့ စစ်ကိုင်းတိုင်းဒေသကြီးပါပဲ။
ဒီပွဲတော်ကိုကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ အခုလာမယ့်နှစ်သစ်မှာ ကျန်းမာရေး ၊ စီးပွားရေး ၊ ပျော်ရွှင်မှု နဲ့ ကောင်းမွန်တဲ့ရာသီဥတုတို့ကို ရရှိဖို့ ကျင်းပရခြင်းပဲ ဖြစ်ပါတယ်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကတော့ မြန်မာနိုင်ငံမှာလူသိအလွန်နည်းနေသေးတဲ့ ပွဲတော် တခုပါပဲ။ နာဂတွေဟာ နာဂနှစ်သစ်ကူးပွဲတော်ကို ကျင်းပဖို့ ဇန်နဝါရီလလောက်မှာ စုစည်းတိုင်ပင်လေ့ ရှိကြပါတယ်။ နာဂနှစ်သစ်ကူးပွဲတော်ရောက်လာရင်တော့ နိုင်ငံခြားသားခရီးသွားရာပေါင်းများစွာက ဒေသခံတွေနဲ့ လက်ဆောင် ပစ္စည်းအမှတ်တရ ဖလှယ်ဖို့ အရောက်သွားလေ့ရှိကြပါတယ်။
ပွဲတော်ကို လာရောက်ဆင်နွှဲကြသူတွေအဖို့တော့ နာဂရိုးရာအကကို ဝင်ရောက် ကခုန်နိုင်မှာဖြစ်သလို နာဂရိုးရာ အစားအသောက်တွေအပြင် ဆန်နဲ့ချက်ထားတဲ့ ဝိုင်ကောင်းကောင်း သောက်ရမှာ အမှန်ပါပဲ။
နာဂလူမျိုးတွေမှာဆိုရင် နာဂရိုးရာ ဝတ်စုံက ၄၉ မျိုးလောက်အထိရှိပြီး ပြောဆိုတဲ့ ဘာသာစကားတွေကလည်း ကွဲပြားကြပါသေးတယ်။
နှစ်သစ်ကူးပွဲတော်မှာ နာဂတွေဝတ်ဆင်ကခုန်လေ့ရှိတဲ့ ဝတ်စုံတွေမှာတော့ ဆင်စွယ် ၊ ကျား ၊ ဝက်ဝံ ၊ တောဝက် အစွယ် ၊ ကျွဲချို ၊ ခရုခွံ ၊ မြင်း နဲ့ ဆိတ်မြီးတွေနဲ့ အလှဆင်ထားတတ်ပြီး ခေါင်း မှာဆိုရင်တော့ အောက်ချင်းငှက်ရဲ့ နှုတ်သီး ဒါမှမဟုတ် အမွှေးအတောင်တွေကို တပ်ဆင်ထားလေ့ ရှိကြပါတယ်။
အဲဒါတွေအပြင် ငွေ ဒါမှမဟုတ် ကြေးဝါတွေနဲ့လုပ်ထားတဲ့ လက်ကောက် နဲ့ နားကွင်းတွေကိုလည်း တပ်ဆင်လေ့ ရှိပါတယ်။
Ref: gomyanmartours