မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဇန်နဝါရီလ ကုန်ဆုံးလို့ဖေဖော်ဝါရီလကို ရောက်ရှိလာပါတာ့မယ်။ ဖေဖော်ဝါရီလ မှာဆိုရင်တော့ ရန်ကုန်ရာသီဥတုက နေလို့ထိုင်လို့ကောင်းတဲ့ အခြေအနေပါပဲ။
ဒီအချိန်ဆို ရာသီဥတုက ပူတဲ့ဖက်ကိုရောက်လာပြီဖြစ်တဲ့အတွက် ရန်ကုန်မြို့ဆီကို ခရီးထွက်မယ်ဆိုရင် သွားလာသင့်တဲ့ နေရာတွေကို ကြိုတင်သိထားဖို့ လိုအပ်ပါလိမ့်မယ်။
ဖေဖော်ဝါရီလမှာဆိုရင်တော့ ရန်ကုန်ရာသီဥတုအတွက်ဆို တီရှပ်နဲ့ လက်တိုလေးတွေဝတ်တာက အသင့်တော်ဆုံးပါပဲ။ စာမေးပွဲတချို့ကလည်း ဖြေဆိုပြီးသွားပြီဖြစ်တဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေနဲ့အတူ ရန်ကုန်ကို ခရီးထွက်ချင်သူတွေအနေနဲ့ သွားလည်သင့်တဲ့နေရာဒေသအချို့ကိုဖော်ပြပေးချင်ပါတယ်။
ရန်ကုန်မြို့မှာဆိုရင်တော့ အဓိကလည်ပတ်သင့်တဲ့နေရာတွေက ကန်တော်ကြီးပန်းခြံနဲ့ အင်းယားကန်ပါပဲ။ ကန်တော်ကြီးပန်းခြံဆိုရင်တော့ မြန်မာ့လူနေထိုင်မှုစနစ်ကို တစိတ်တပိုင်းဖြစ်ဖြစ် လေ့လာနိုင်တဲ့နေရာတခုပါ။ ကန်တော်ကြီးပန်းခြံဟာ ရွှေတိဂုံဘုရားအရှေ့ဖက်မှာရှိပြီး မြို့နေလူထုတွေအကြားမှာတော့ နာမည်ကြီးရေပန်းစားလှတဲ့ နေရာတနေရာပါပဲ။
အပန်းဖြေစရာနေရာတခု ဖြစ်တဲ့အတွက်ကြောင့်လည်း ရုံးပိတ်ရက်လိုနေ့မျိုးတွေမှာဆိုရင်တော့ သက်သောင့်သက်သာ အပန်းဖြေအနားယူနေကြတဲ့ ရန်ကုန်လူတန်းစားတွေကို တွေ့ရမှာပါပဲ။ ကန်တော်ကြီးပန်းခြံကို အလည်သွားသူတွေ အဖို့ကတော့ လှပတဲ့ရှုခင်းနဲ့ အရိပ်ရ သစ်ပင်တွေကြားထဲမှာအေးအေးလူလူ လမ်းလျှောက်နေနိုင်မှာပါပဲ။
ဖေဖော်ဝါရီညနေခင်းတွေမှာဆိုရင်တော့ ကန်တော်ကြီးရေကန်ကနေတဆင့် လှပတဲ့နေဝင်ချိန်တွေကိုလည်း ငေးမောကြည့်နိုင်ပါသေးတယ်။ ဖေဖော်ဝါရီလမှာဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့အတူ ပြည်ထောင်စုနေ့ ကလည်းရှိနေပြန်တော့ ကန်တော်ကြီးပန်းခြံဟာ လူအင်မတန်စည်ကားတဲ့နေရာတနေရာပါပဲ။
ပြည်ထာင်စုနေ့မှာဆိုရင်တော့ လူမျိုးစုအသီးသီးရဲ့ ချီတက်ပွဲတွေကလည်းရှိပါသေးတယ်။ သက်ဆိုင်ရာလူမျိုးစုအလိုက် ဖျော်ဖြေပွဲအသီးသီးကလည်း ရှိနေပြန်ပါတယ်။
နောက်ထပ် သွားလည်သင့်တဲ့နေရာကတော့ အင်းယားကန်ပါပဲ။ အင်းယာကန်ဟာ ရန်ကုန်ရဲ့ အကြီးဆုံးရေကန်ဆိုလည်း မမှားပါဘူး။ အင်းယားရေပြင်ကတော့ အစဉ်အမြဲသန့်ရှင်းနေတတ်ပြီး စိမ်းလန်းတဲ့ ပန်းပင်အမျိုးမျိုးကိုလည်း စိုက်ပျိုးထား ပါတယ်။ မိုးကလည်းမရွာ၊ လေကလည်းနည်းနည်းလောက်သာ တိုက်ခတ်နေမှာဖြစ်တဲ့အတွက် ရန်ကုန်ကို လာရောက်လည်ပတ်သူတွေအနေနဲ့ကတော့ အင်းယားကန်ဟာ မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာတနေရာပါပဲ။
မနက်ပိုင်းမှာဆိုရင်တော့ လှေတစင်းငှားပြီး အင်းယားရေပြင်အနှံ့ လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။ ညနေပိုင်းအချိန် ဆိုရင်တော့ အင်းယားကန်စပ်တလျှောက်မှာ လမ်းလျှောက်ရင်း ရင်သပ်ရှုမာဖွယ်ရာကောင်းတဲ့ နေဝင်ချိန်အလှကို ငေးကြည့်နိုင်ပါလိမ့်မယ်။
အစားအသောက်ဆိုရင်လည်း ပူစရာတော့မရှိပါဘူး။ ဗိုလ်ချုပ်ဈေးကနေ ၁၀ မိနစ်လောက် လမ်းလျှောက်သွားရင်ကိုပဲ တရုတ်တန်းကိုရောက်မှာ ဖြစ်ပါတယ်။ တရုတ်တန်းမှာဆိုရင်တော့ အစားအသောက်အမျိုးမျိုးကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ စားသောက်နိုင်ပါတယ်။ ရာသီပေါ်အသီးအနှံတွေ ၊ အကင်နဲ့ အခြားအစားအစာအမျိုးမျိုးကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။
တရုတ်တန်းကိုတော့ ပုံမှန် ညနေ ၅ နာရီကနေ သန်းခေါင်ယံအချိန်အထိ သွားရောက်စားသာက်နိုင်ပါတယ်။ တရုတ်တန်းကတော့ ရန်ကုန်မြို့ရဲ့လမ်းမတော်လမ်းနဲ့ ၂၄လမ်း ကြား ၊အနော်ရထာလမ်းနဲ့ ကုန်သည်လမ်း ကြားမှာ ရှိပါတယ်။
Ref : asiahighlights