အဝမြို့ရယ်လို့ တချိန်တုန်းကခေါ်ခဲ့ကြတဲ့ အင်းဝမြို့ဟာ မန္တလေးမြို့နဲ့ ၁၃ မိုင်ကျော်ကျော်ဝေး ပါတယ်။ အင်းဝမြို့ကို ရတနာပူရလို့လည်း ခေါ်ကြပါသေးတယ်။
အင်းဝမြို့ကို စတင်တည်ထောင်သူကတော့ သတိုးမင်းဖျားဖြစ်ပြီး အေဒီ ၁၃၆၄ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၁၈၃၉ မတ်လမှာတော့ မြေငလျင်လှုပ်ခတ်ခဲ့တဲ့အတွက်ကြောင့် အင်းဝ မြို့တော်ကြီး ပျက်ဆီးခဲ့ရပါတယ်။
ရှေးဟောင်းမြို့တော်ကြီးဖြစ်တဲ့ အင်းဝမြို့ကိုလည်ပတ်ချင်တယ်ဆိုရင်တော့ မန္တလေးကနေ မိနစ် ၃၀ လောက် ကားစီးသွားရင်ရောက်ပါပြီ။ အင်းဝမြို့ကိုရောက်သွားခဲ့မယ်ဆိုရင်တော့ ၂၇ မီတာ ( ၈၈ ပေကျော် ) မြင့်တဲ့ နန်းမြင့်မျှော်စင်နဲ့ စေတီပုထိုးပေါင်းများစွာကို ဖူးမြော်နိုင်ပါတယ်။ ဒီနေရာ တွေကတော့ အတိတ်ရဲ့ခမ်းနားမှုတွေကို ပြောပြနေတဲ့နေရာတွေပါပဲ။
ထင်ရှားတဲ့ကျောင်းတော်ကတော့ မဟာအောင်မြေဘုံစံကျောင်းတော်ပါပဲ။ ဒီကျောင်းတော် ကိုတော့ ၁၈၁၈ ခုနှစ်မှာ နန်းမတော်မယ်နုက ဆောက်လုပ်ကိုးကွယ်ခဲ့တာပဲ ဖြစ်ပါတယ်။ အုတ် ၊ အင်္ဂတေတွေသုံးပြီး ဆောက်လုပ်ထား တဲ့ကျောင်းဖြစ်တဲ့အပြင် အနုစိတ်လက်ရာတွေကလည်း အံ့ အားသင့်စရာကောင်းပါတယ်။
မဟာအောင်မြေဘုံစံကျောင်းဟာ ၁၈၃၉ ငလျင်ကြောင့် ပျက်ဆီးခဲ့ရပေမယ့် ၁၈၇၃ ခုနှစ်မှာ ဆင်ဖြူမရှင်မိဖုရားက ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ဒီကျောင်းတော်ကြီးကတော့ ၁၉ ရာစု ကုန်းဘောင် ခေတ်ရဲ့ အကောင်းဆုံးဗိသုကာ စာရင်းဝင်ကျောင်းတကျောင်းပဲ ဖြစ်ပါတယ်။
နောက်ထပ်ကျော်ကြားတဲ့ ကျောင်းတကျောင်းကတော့ ဗားကရာကျောင်းပါပဲ။ ဗားကရာဆိုတဲ့ စကားလုံးကတော့ မွန်ဘာသာစကားဖြစ်ပြီး မြန်မာလိုဆိုရင်တော့ ခရေပင်ကျောင်းလို့ အဓိပ္ပါယ်ရပါ တယ်။
ဗားကရာကျောင်းကိုတော့ ၁၅၉၃ ခုနှစ်မှာ အင်းဝနန်းတော်ရဲ့ အနောက်တောင်ဖက်မှာ ဆောက်လုပ်ခဲ့ပါတယ်။ အင်းဝမြို့ဟောင်းကြီးမှာတည်ရှိတဲ့ ဗားကရာကျောင်းတိုက်ကြီးကတော့ မြန်မာ့ကျက်သရေဆောင် ကျောင်းတိုက်ကြီး တတိုက်လည်း ဖြစ်ပါတယ်။
အဲဒီ ဗားကရာကျောင်းတိုက်ကြီးကတော့ မန္တလေးမြို့နဲ့ ၁၁ မိုင် အကွာမှာရှိပါတယ်။ အဲဒီ ကျောင်းတော်ကြီး အတွင်းမှာဆိုရင်တော့ တရားဟော ၊ တရားနာနိုင်ဖို့ ကျောင်းတော်ကြီးကိုလည်း ဆောက်လုပ်ထားပါသေးတယ်။
ဗားကရာကျောင်းတိုက်ကြီးကိုတော့ ကျွန်းတိုင်ပေါင် ၂၆၇ တိုင်နဲ့ တည်ဆောက်ထားပါတယ်။ အကြီးဆုံးကျွန်းတိုင်ကြီးရဲ့ လုံးပတ်က ၉ ပေရှိပြီး ပေ ၆၀ အမြင့်ရှိပါတယ်။ အဲဒီကျောင်းတိုက်ကြီး ဟာ ၁၁၈ ပေရှည်လျားပြီး ၁၀၃ ပေ ကျယ်ဝန်းပါတယ်။
အခုထိတိုင်အောင်ပဲ ဗားဂရာကျောင်းတိုက်ကြီးဟာ အရင်ဆောက်လုပ်ခဲ့တဲ့ ပုံစံအတိုင်း တည်ရှိနေတုန်းပါပဲ။
မြန်မာနိုင်ငံသားတဦးအဖို့ဆိုရင်တော့ ဗားကရာကျောင်းတိုက်ကြီးဟာ အနုပညာပြတိုက်ကြီး တခုဖြစ်သလို မြန်မာ့ကျက်သရေဆောင် ကျောင်းတိုက်ကြီးတတိုက်ဆိုရင်းလည်း မမှားပါဘူး။
ရှေးတုန်းက မင်းနေပြည်တော်ဖြစ်ခဲ့တဲ့အင်းဝမြို့ကိုရောက်ရင် နောက်ထပ်လည်ပတ်သင့်တဲ့ နေရာကတော့ နန်းမြင့်မျှော်စင်ပါပဲ။ ၁၈၃၉ ငလျင်ကြောင့် တချို့အစိတ်အပိုင်းတွေပျက်ဆီးခဲ့ပေမယ့် နဂိုမူလပုံစံအတိုင်း ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ဒီနန်းမြင့်မျှော်စင်ကြီးကိုရောက်ခဲ့ရင်တော့ ၁၉ ရာစုက အစောပိုင်းက ခမ်းနားခဲ့တဲ့ မြန်မာ့ဗိသုကာလက်ရာတွေကို တွေ့ရမှာအမှန်ပါပဲ။
Ref : myanmartravelinformation