အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ၂ နှစ်ကျော်ကျော်အကြာ ၁၉၅၀ ဇန်နဝါရီ ၂၆ ရက်နေ့ မှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ပြီး သမ္မတနိုင်ငံထူထောင်ကြောင်း ကြေညာခဲ့ပါတယ်။
ဒါကြောင့် မနက်ဖြန် ဇန်နဝါရီ ၂၆ ရက် စနေနေ့မှာ ဆိုရင် အိန္ဒိယနိုင်ငံရဲ့ Republic Day ကို နိုင်ငံအနှံ့ ဝှဲချီး ကျင်းပကြတော့မှာပဲဖြစ်ပါတယ်။
အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကြီးမားတဲ့ဒီမိုကရေစီနိုင်ငံတနိုင်ငံဖြစ်သလို ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အလေးအနက်ထား တဲ့နိုင်ငံတနိုင်ငံပါပဲ။ နိုင်ငံရဲ့ အခမ်းအနားတခုဖြစ်တဲ့ Republic Day ကိုလည်း ပြည်နယ်အလိုက် ခမ်းခမ်းနားနား ကျင်းပလေ့ရှိကြပါတယ်။
အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး ကျင်းပတာကတော့ နယူးဒေလီမြို့တော်ပါပဲ။ နယူးဒေလီမြို့တော် မှာဆိုရင်တော့ စစ်ရေးပြအခမ်းအနားတွေအပြင် ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ ပွဲတော်တွေကိုပါ ခမ်းခမ်းနားနားကျင်းပလေ့ရှိပါတယ်။
ဒီလိုနေ့မျိုးမှာ အိန္ဒိယနိုင်ငံကိုခရီးထွက်မယ်ဆိုရင်တော့ သယ်ယူပို့ဆောင်ရေးတွေမှာ အခက်အခဲရှိမှာ အမှန်ပါပဲ။
စီးပွားရေးကိစ္စတွေအားလုံးနီးပါးလောက်ကလည်း ယာယီရပ်ဆိုင်းထား ပါလိမ့်မယ်။ အထူးသဖြင့် ကတော့ နယူးဒေလီ ပါပဲ။ ဒါပေမယ့် ကြီးကျယ်ခမ်းနားတဲ့ ဒီလိုပွဲမျိုးကို ကြုံ တွေ့ရမှာဖြစ်တဲ့အတွက် ဘဝတသက်စာ အမှတ်တရတော့ ဖြစ်နေမှာပါပဲ။
အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နယူးဒေလီမှာဆိုရင်တော့ လူထ ုလမ်းလျှောက်ပွဲတွေကို စည်စည် ကားကား ကျင်းပ သလို စစ်ရေးပြအခမ်းအနားကိုလည်း ခမ်းခမ်းနားနားကျင်းပတတ်ပါတယ်။
တဖွဲ့ချင်းအလိုက် တူညီဝတ်စုံဝတ်ဆင်ထားကြတဲ့ ဒီအခမ်းအနားမှာဆိုရင်တော့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့အတူ အိန္ဒိယစစ်တပ်ကပိုင်ဆိုင်တဲ့ လက်နက်တွေကိုလည်း ထုတ်ဖော် ပြသလေ့ရှိပါ တယ်။
အိန္ဒိယနိုင်ငံဟာ ယဉ်ကျေးမှုအမျိုးမျိုး ၊ ဘာသာတရားအမျိုးမျိုး ၊ လူမျိုးနွယ်စုအမျိုးမျိုး စုပေါင်း နေထိုင်တဲ့ နိုင်ငံ တနိုင်ငံဖြစ်တာကြောင့် သက်ဆိုင်ရာလူမျိုး ၊ ယဉ်ကျေးမှုကိုကိုယ်စားပြုတဲ့ အဖွဲ့အစည်းအသီးသီးကိုလည်း ဒီအခမ်း အနားမှာ မြင်တွေ့ရပါလိမ့်ဦးမယ်။
ဇန်နဝါရီ ၂၆ ၊ Republic Day ဟာ အိန္ဒိယနိုင်ငံသားအားလုံးရဲ့ အောင်မြင်မှုတရပ်ဖြစ်တဲ့ အတွက် ကြောင့်လည်း ဒီလိုနေ့မျိုးမှာဆိုရင်တော့ လက်ဝှေ့ပွဲတွေ ၊ ဆပ်ကပ်ပွဲတွေ နဲ့ အကပွဲတွေ ကိုလည်း ကျင်းပကြပါသေးတယ်။
ဒီလိုနေ့ဟာ နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်လည်း နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက် လေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာဆိုရင် အမေရိကန်သမ္မတ ဘားရက် အိုဘားမား တက်ရောက်ခဲ့ပြီး ၁၉၅၀ ၊ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပထမဆုံးကျင်းပတဲ့ Republic Day ကိုတော့ အင်ဒိုနီးရှားသမ္မတ ဆူကာနို တက်ရောက်ခဲ့ပါတယ်။
ဒီနှစ် မှာတော့ တောင်အာဖရိကနိုင်ငံရဲ့သမ္မတဖြစ်တဲ့ ဆိုင်ရေး ရာမာဖိုဆာ က အထူးဧည့်သည်တော် တယောက် အနေနဲ့ တက်ရောက်မှာဖြစ်ပါတယ်။
အဲဒီအခမ်းအနားကိုတော့ အိန္ဒိယနိုင်ငံရဲ့ အခမ်းအနားတွေကိုကျင်းပလေ့ရှိတဲ့ Rajpath လမ်းမှာ ကျင်းပလေ့ရှိ ပါတယ်။ အဲဒီလမ်းဟာ ၅ ကီလိုမီတာ ( ၃ မိုင်ကျော် ) ရှည်လျားတဲ့ လမ်း တလမ်းပါပဲ။
စစ်ရေးပြအခမ်းအနားက အနည်းဆုံး ၃ နာရီနီးပါးကြာလေ့ရှိပြီ အိန္ဒိယအလံတင်ပြီးတဲ့ နောက်ပိုင်း မနက် ၉ နာရီခွဲမှာ စစ်ရေးပြအခမ်းအနားကိုကျင်းပမှာပဲ ဖြစ်ပါတယ်။
Republic Day ကိုတော့ နယူးဒေလီမြို့အပြင် ကာလကတ္တား နဲ့ မွမ်ဘိုင်းမြို့တွေမှာလည်း ကျင်းပကြပါသေးတယ်။
( CNN Travel တွင် Forrest Brown ရေးသားထားသော Republic Day in India 2019 ဆောင်းပါး ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည် )