စစ်ကိုင်းမြို့ဟာ မန္တလေးမြို့ရဲ့ အနောက်တောင်ဖက် ၁၂ မိုင် ကျော်ကျော်ဝေးတဲ့အရပ်မှာ ရှိပါတယ်။ စစ်ကိုင်းမြို့ မှာဆိုရင်တော့ စစ်ကိုင်းတောင်ရိုးတလျှောက် စေတီတော်အများအပြားကို ကြည်ညိုဖွယ် ရာ ဖူးတွေ့နိုင်သလို တောင်စောင်းတလျှောက်မှာဆိုရင်လည်း ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း အများအပြားကို တွေ့နိုင်ပါသေးတယ်။
စစ်ကိုင်းမြို့ကိုတော့ ၁၃၂၂ ခုနှစ်ကတည်ထောင်ခဲ့တာဖြစ်ပြီး ယနေ့ခေတ်ထိတိုင်အောင်လည်း စစ်ကိုင်း က လုပ်တဲ့ ငွေ ထည်နဲ့ တခြား လက်မှုပညာ ပစ္စည်းတွေက ကျော်ကြားပါတယ်။ အဓိကထင်ရှားတာ ကတော့ ငွေနဲ့လုပ်တဲ့ လက်မှု ပစ္စည်းတွေနဲ့ ရိုးရာအိုးလုပ်ငန်းပါပဲ။
စစ်ကိုင်းမြို့ဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ထွန်းကားတဲ့မြို့တမြို့ ဖြစ်တာနဲ့ အညီ စစ်ကိုင်းမြို့ကို အလည်ရောက်ခဲ့ရင် အဓိကလည်ပတ်သင့်တဲ့ စေတီပုထိုးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဆွမ်းဦးပုညရှင်စေတီ
ဆွမ်းဦးပုညရှင် စေတီကတော့ စစ်ကိုင်းမှာ ထင်ရှားကျော်ကြားတဲ့စေတီတော်ပါပဲ။ ဆွမ်းဦးပုညရှင် စေတီကိုရောက်ပြီ ဆိုရင်တော့ စေတီတော်ကြီးကို ကြည်ညိုနိုင်သလို တောင်ရိုးပေါ်ကနေ စစ်ကိုင်း၊ မန္တလေးနဲ့ မြစ်မင်း ဧရာဝတီကို မြင်ကွင်းကောင်းကောင်းနဲ့ ကြည့်ရှုနိုင်ပါသေးတယ်။
ဒီစေတီတော်ကိုတော့ ၁၄ ရာစု ပင်းယခေတ် အမတ်ကြီး ဦးပုညက ဆောက်လုပ် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။
အလားတူ တဆက်တည်း ဆွမ်းဦးပုညာရှင်မှနေပြီး ဥမင်သုံးဆယ်ကိုလည်း သွားရောက် ဖူးနိုင်ပါသေး တယ်။
(၂) ကောင်းမှုတော်ဘုရား
ကုသိုလ်ကောင်းမှု ပြုလုပ်ရာ နေရာကောင်း တနေရာဖြစ်တဲ့ ရာဇမဏိ စူဠာ ကောင်းမှုတော် ဘုရား ကတော့ စစ်ကိုင်းမြို့ မြောက်ဖက် ၆မိုင်အကွာ မှာရှိပါတယ်။ ဒီဘုရားကိုတော့ ၁၆၃၆ ခုနှစ်မှာ သာလွန်မင်းတရားကြီးက တည်ထားခဲ့ပြီး သားတော် ပင်းတလဲ မင်းလက်ထက် ၁၆၄၆ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
စေတီတော်ကြီးရဲ့ပုံစံကိုတော့ သီရီလင်္ကာနိုင်ငံကနေ ပုံစံကူးယူထား တာဖြစ်ပြီး ဘီစီ ၃ ရာစုလောက်က ပုံစံပါ။ ဉာဏ် တော်အမြင့်က ပေ ၁၅၀ အမြင့်ရှိ ပြီး အုတ်ချပ်ပေါင်း ၉၉၅၆၅၅ ချပ် အသုံးပြုပြီး တည် ဆောက်ထားတဲ့ စေတီတော်ကြီး လို့ ဆိုပါတယ်။
အဲဒီစေတီတော်ကြီးအတွင်းမှာဆိုရင်တော့ မြတ်စွာဘုရားရှင်ရဲ့ အရိုးတော် (သို့မဟုတ် ) သွားတော်နဲ့ သပိတ်တော်တို့ ကို ထည့်သွင်းဌာပနာထားတယ်လို့ ယုံကြည်ထားကြပါတယ်။
စစ်အစိုးရလက်ထက်တွင် မူလ ကပ်လှူထားသည့် ထုံးသင်္ကန်းမှနေ၍ ရွှေဆေးသင်္ကန်း ပြောင်းလဲ ကပ် လှူခဲ့ရာ၊ ယခု အခါ ထုံးသင်္ကန်းကို ပြောင်းလဲကပ်လှူရန် ပြင်ဆင်နေပြီဖြစ်ပါတယ်။
ခရီးသွားတွေအကြာမှာတော့ ဘုရားဖူးပြီးအပြန်ဝယ်ယူနိုင်တဲ့ သနပ်ခါးကြောင့်လည်း ထင်ရှားတဲ့ နေရာတနေရာပါပဲ။
(၃) မင်းကွန်း
ဒီနေရာကတော့ မြသိန်းတန်စေတီ၊ မင်းကွန်းပုထိုးတော်ကြီး ၊ မင်းကွန်းခေါင်းလောင်း စတာတွေ ကြောင့် ထင်ရှားတဲ့နေရာတနေရာပါပဲ။
မင်းကွန်း ခေါင်းလောင်းကြီးကတော့ တန်ချိန်ပေါင်း ၉၀ ရှိပြီး မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ အကြီးဆုံး ခေါင်းလောင်းစာရင်းဝင်ပါတယ်။
အခုဖော်ပြတဲ့နေရာတွေကိုတော့ စစ်ကိုင်းကနေ ကားနဲ့လာရောက်နိုင်သလို မန္တလေးကနေဆိုရင်လည်း ရေလမ်းကနေ လာရောက်နိုင်ပါတယ်။ မန္တလေးမြို့ကနေဆိုရင်တော့ ၇ မိုင်ကျော်ကျော်ဝေးပ ါတယ်။
မင်းကွန်း ပုထိုးတော်ကြီးကိုတော့ ၁၇၉၀ ခုနှစ်မှာ ဘိုးတော်ဘုရားက စတင်ဆောက်လုပ်ခဲ့ပေမယ့် ဘုရားတည်ပြီးရင် ဘုရင် နတ်ရွာစံလိမ့်မယ်ဆိုတဲ့ဗေဒင်ဟောကိန်းတွေကြောင့် ဘုရားတည်တဲ့အလုပ် ကိုရပ်ထားခဲ့ရပါတယ်။
ဒါကြောင့်လည်း ၃ ပုံ ၁ ပုံ သာပြီးစီးခဲ့ပါတယ်။ ဒီတည်ဆောက်ပြီးစီးခဲ့တဲ့. ပုထိုးတော်ကြီးရဲ့ ဉာဏ် တော်အမြင့်ကကိုပဲ ပေ ၄၉၀ ရှိပြီး ကမ္ဘာ့ အကြီးဆုံး ပုထိုးတော်ကြီးများ စာရင်းမှာ ပါဝင်ခဲ့ ပါတယ်။
ပုထိုးတော်ကြီးဟာ ၁၈၃၉ နဲ့ ၁၉၅၆ ခုနှစ်တွေမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် အတော် များများ ပျက်စီးသွားခဲ့ရ ပါတယ်။