ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်ကတော့ တရုတ်နှစ်သစ်ကူး ပွဲတော်အတွင်းမှာ ခရီးသည် ၂ ဒဿမ ၆ သန်းလောက် လာရောက်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
သုဝဏ္ဏဘူမိလေဆိပ်ဟာ ထိုင်းနိုင်ငံရဲ့ အဓိကကျတဲ့ လေဆိပ်ဖြစ်တာနဲ့အညီ တရုတ်နှစ်သစ် ကူးပွဲတော်ကာလ အတွင်းမှာ တနေ့ကို ခရီးသည် ၂ သိန်း လာရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီနှစ်အတွင်း လာရောက်မယ့် ခရီးသွားအရေအတွက်ဟာ မနှစ်က တရုတ်နှစ်သစ်ကူးပွဲတော် အချိန်ကထက် ၃ ဒဿမ ၃ ရာခိုင်နှုန်း တိုးလာတာဖြစ်တယ်လို့ လေဆိပ်ဒါရိုက်တာ တယောက် ဖြစ်တဲ့ Suthirawat Suwannawat က ပြောပါတယ်။
တရုတ်နှစ်သစ်ကူးပွဲတော်အတွင်းမှာ နိုင်ငံတကာကိုပြေးဆွဲပေးမယ့် လေကြောင်းလိုင်းပေါင်း ၂၀ လောက်အထိ ရှိပြီး တရုတ် လေကြောင်းလိုင်း၊ ထိုင်းလေကြောင်းလိုင်းနဲ့ Cathay Pacific လေကြောင်းလိုင်းတွေလည်း ပါဝင်ပါတယ်။
အခုလာရောက်မယ့် တရုတ်ခရီးသွားဧည့်သည်အရေအတွက်ဟာ တကယ်ကိုကြီးမားတဲ့ ပမာဏပါပဲ။ အဲဒီအချိန်လာရောက်ကြမယ့် ခရီးသွားတွေအတွက်လည်း လေဆိပ် အဆောက်အဦတွေက အသုံးပြုနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ လာရောက်ကြမယ့် ခရီးသွားတွေအတွက်လည်း အချိန်တိုတိုအတွင်း သွားလာနိုင်မယ့် လေယာဉ်ခရီးစဉ်တွေကို စီစဉ်ပေးထားပြီး လူဝင်မှုကြီးကြပ်ရေးဌာန အနေနဲ့ကလည်း အမြန်ဆုံး စစ်ဆေးပေးနိုင်ဖို့ ပြင်ဆင်ထားကြပါပြီလို့ လေဆိပ်ဒါရိုက်တာ Suthirawat က ပြောပါတယ်။
တရုတ်စကားပြောတတ်တဲ့ ဝန်ထမ်းတွေကိုလည်း စီစဉ်ပေးထားပြီး အများသုံးတယ်လီဖုန်း ပြောဆိုနိုင်မယ့် နေရာတွေကိုလည်း စီစဉ်ထားပေးပါသေးတယ်။ တိုးလာမယ့် ခရီးသည်တွေအတွက်လည်း စင်းလုံးငှားလို့ ရနိုင်မယ့် လေကြောင်းလိုင်းတွေကို စီစဉ်ထားပေးပါသေးတယ်။
တရုတ် နှစ်သစ်ကူးပွဲတော်အတွင်းမှာတော့ သုဝဏ္ဏဘူမိ လေဆိပ်အနေနဲ့ လေယာဉ်ခ ရီးစဉ်ပေါင်း ၁၄၇၀၅ လောက်ပြေးဆွဲဖို့ ရှိပြီး ဒီပမာဏဟာ မနှစ်ကထက် ၈ ရာခိုင်နှုန်းတိုးလာပါတယ်။ လာရောက်မယ့် ခရီးသည်တွေအတွက်လည်း Taxi တွေကို လုံလုံလောက်လောက် စီစဉ်ထားပေးပါသေးတယ်။
(Bangkokpost တွင် ဖော်ပြထားသော Suvarnabhumi on Lunar traffic alert သတင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်)