ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာတွေက တင်ပေးလိုက်တဲ့ ခရီးသွားလမ်းညွှန်တွေကို ကြည့်ပြီး ခရီးသွားသူတွေ အရမ်းကို များလာပါတယ်။ ခရီးသွားဦးရေများလာတာနဲ့ အမျှ လူတွေရဲ့ စည်းကမ်းပျက်မှုကို သဘာဝပတ်ဝန်းကျင်က ခံရပါတော့တယ်။ အမှိုက်တွေကို စနစ်တကျ မပစ်တာတွေနဲ့ လူထူထပ်တာတွေကြောင့်လည်း ပျက်စီးလာရတာတွေ ရှိပါတယ်။
(၁) Maya Bay (ထိုင်းနိုင်ငံ)
ဒီနေရာဟာ “The Beach” လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကား ထွက်ပြီးတဲ့နောက်မှာ ခရီးသွားများလာတဲ့ နေရာတခု ဖြစ်ပါတယ်။ မင်းသား လီယိုနာဒိုဒီကာပရီရို ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကြောင့် မာယာကမ်းခြေကို တနေ့ ခရီးသည် ၅၀၀၀ ကျော် လာရောက်လည်ပတ်လေ့ ရှိတယ်လို့ သိရပါတယ်။ ကမ်းခြေကို လာရောက်သူတွေ များပြားလွန်းတာကြောင့် ကမ်းခြေဟာ ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။
(၂) Altamira ဂူ (စပိန်)
၂၀၀၂ ခုနှစ်မှာ ဒီဂူကို လည်ပတ်ခွင့် ပိတ်လိုက်ပါတယ်။ ပိတ်လိုက်ရတဲ့ အကြောင်းရင်းကတော့ ခရီးသွားတဲ့ သူတွေရဲ့ အသက်ရှုမှု၊ ချွေးရဲ့ ရေငွေ့ပျံမှုနဲ့ လူတွေဆီကရတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြောင့် နံရံမှာ ရှိတဲ့ ဆေးရေးပန်းချီတွေ ပျက်စီးခဲ့ရပါတယ်။ လူတွေ ဆက်ပြီး လည်ပတ်လို့ ရအောင်တော့ စပိန်အစိုးရက ဂူပုံစံအတုနဲ့ ပြတိုက်ကို ပြုလုပ်ထားပေးတယ်လို့ သိရပါတယ်။
(၃) Duckbill (အမေရိကန်)
အမေရိကန်နိုင်ငံ အော်ရီဂန်ပြည်နယ်ထဲက ကမ်းခြေမှာ ရှိတဲ့ ဘဲနှုတ်သီးပုံ ကျောက်တုံးဟာ ခရီးသွားလူတစုကြောင့် ပျက်စီးခဲ့ရပါတယ်။ ဒီကျောက်ဆောင်ဟာ အဲဒီကမ်းခြေရဲ့ ဆွဲဆောင်ရာတခုဖြစ်ခဲ့ပေမယ့် ကျောက်ဆောင်ရဲ့ အောက်ခြေအထိ ထိုးဖောက်ပြီး ဝင်ရောက်သွားလာတဲ့ လူတွေကြောင့် ၂၀၁၆ ခုနှစ်မှာ ကျောက်ဆောင်တခုလုံး ပျက်စီးသွားခဲ့ရပါတယ်။
(၄) Pont des Arts (ပြင်သစ်)
ဒီတံတားဟာ ချစ်သူတွေကြားမှာ ကျော်ကြားလွန်းတဲ့ တံတားပဲဖြစ်ပါတယ်။ ပဲရစ်ကို သွားရောက် လည်ပတ်တဲ့ အတွဲတွေဟာ သော့ခလောက်ကို ချိတ်ပြီး သော့တံကိုတော့ ရေထဲ လွှင့်ပစ်ကြပါတယ်။ ဒီလို သော့ခတ်လိုက်တာနဲ့ အတူတူ သူတို့ အချစ်တွေလည်း တည်မြဲသွားပြီလို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် မတည်မြဲတာကတော့ တံတားပါပဲ။ သော့ချိတ်တာတွေ များပြီး တံတားပြိုခါနီးအထိ ဖြစ်ခဲ့ပါတယ်။
တံတားပေါ်မှာ ရှိတဲ့ သော့အလေးချိန် စုစုပေါင်းဟာ ၄၅ တန်တောင် ရှိလို့ သော့ချိတ်ခွင့်ကို ပိတ်လိုက်ပြီး အလေးချိန် ၁၀ တန်လောက်ကို လျော့ခဲ့ရတယ်လို့ သိရပါတယ်။
Ref ; Trill