Travel

ကိုကြီးကျော်ဆီ အလည်တခေါက်

Want create site? Find Free WordPress Themes and plugins.

ကိုကြီးကျော်လို့ နာမည်ကြားလိုက်တာနဲ့ ကျမတို့ ကလေးဘဝထဲက နတ်ဒိုးသံတွေနဲ့ ဘယ်ညာညီညီစည်းချက်အတိုင်းကကြတဲ့ နတ်ပွဲတွေက နတ်ဆရာတွေရဲ့ ရုပ်ပုံကို ပြေးမြင်မိလိုက်တာပါပဲ။

လက်တဖက်က ကြက်ကြော်ကိုကိုင်၊ တဖက်က ယမကာပုလင်းကြီးနဲ့ ယိမ်းလိုက်ပြီး ကကြတဲ့အထဲ ကိုကြီးကျော်နတ်ဝင်တဲ့ နတ်ဆရာ ကတဲ့အချိန်ဆိုရင် ကြည့်ရှုသူတွေပါ လိုက်ပါကချင်တဲ့အထိ ဖြစ်အောင် ဆွဲဆောင်ထားခဲ့ပါတယ်။

ကိုကြီးကျော်လို့ အများသိကြတဲ့ ပုခန်းဦးမင်းကျော်နတ်ဟာ ၃၇ မင်းသော နတ်တွေထဲမှာ ပုဂံခေတ်ကာလအစောပိုင်းက ဖြစ်တည်ခဲ့တဲ့ နတ်သက်ရှည်တဦးဖြစ်ခဲ့ပြီး ယုံကြည်သူတွေကြားမှာ ပူဇော်ပသဆုတောင်းရင် ကောင်းကောင်း “မ” စတယ်လို့ သတင်းလည်းမွှေးပါတယ်။

မြန်မာပြည်က ကျေးလက်ဒေသတွေမှာ အလှူအတန်းပွဲတွေရှိရင်လည်း ကိုကြီးကျော် နတ်ဒိုးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကကြဆိုကြတဲ့ အတွက်လည်း ဒီနာမည်ဟာ တနိုင်ငံလုံးမှာ တော်တော်လေးကို ရင်းနှီးမှုရှိတဲ့ နာမည်လို့ ပြောရမှာပါ။

စာရေးဆရာမ ခင်ခင်ထူးရဲ့ ‘ဝတ်လဲတော်ရွှေပုဆိုး၊ တန်းထိုးလို့ကြိုမယ်” ဆိုတဲ့ ကျေးလက်ရနံ့ လွှမ်းခြုံနေသလို ကိုကြီးကျော်နတ်နန်း တည်ရှိရာ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ထဲက ထန်းတော-ကူနီကျေးရွာမှာ နှစ်စဉ်ပြုလုပ်တဲ့ ကိုကြီးကျော်နတ်ပွဲ သဘင်အကြောင်းကို အခြေခံရေးထားတဲ့ ဝတ္ထုဖတ်ပြီးချိန်မှာတော့ အဲဒီဒေသကို ရောက်ဖူးမြင်ဖူးချင်သော စိတ်ကို နှိုးဆွနေစေခဲ့ပါတယ်။

ကူနီနန်းလို့ခေါ်တဲ့ ကိုကြီးကျော်ရဲ့ နန်းတော်တွေ၊ နတ်ပွဲကာလမှာ နတ်ဆရာတွေက နတ်ချော့တာတွေ၊ ချိူးရေတော်ဆက်တာတွေ၊ နတ်နန်းကြီးထဲ အလှည့်ကျ အပူဇော်ခံတာတွေ၊ ဒေသခံတွေရော ယုံကြည်သက်ဝင်သူတွေ အပြည့် လာကြတဲ့ ပွဲတော်ကာလတွေအကြောင်း ဖတ်ရှုပြီးကတည်းက အတွေးထဲ ပုံဖော်ပြီး ရောက်ချင်နေတာ ယခုတော့ ဆန္ဒပြည့်ခဲ့ပါတယ်။

ကိုကြီးကျော်နတ်ရဲ့ နေရပ်ဒေသကို ပြီးခဲ့တဲ့ အပတ်က သွားရောက်လေ့လာခွင့် ရခဲ့ပါတယ်။ ကိုကြီးကျော်နတ်နန်းရှိတဲ့ အရပ်ကိုရောက်ဖို့ဆိုရင် ပခုက္ကူမြို့ကနေ ပုခန်းကြီးမြို့ဟောင်းကိုသွား၊ အဲဒီကနေ ပုခန်းငယ်ရွာကိုဆက်သွားပြီးတော့ ချင်းတွင်းမြစ်တဖက်ကမ်းကို စက်လှေနဲ့ ကူးပြီးရင် ထန်းတော-ကူနီဆိုတဲ့ ရွာကိုရောက်တဲ့အခါ ရွာလမ်းအတိုင်း ၅ မိနစ်လောက် ကားနဲ့ ဝင်လိုက်တဲ့အခါ ကိုကြီးကျော်ရဲ့ နန်းရှိရာကို ရောက်ပါတော့တယ်။

ဒီဒေသဟာ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းရွာတွေအဖြစ် တည်ရှိနေတာဖြစ်ပြီး အရှေ့ဘက်မှာ ဧရာဝတီမြစ်နဲ့ အနောက်ဘက်မှာ ချင်းတွင်းမြစ်တည်ရှိသလို မြစ်ဆုံဒေသလည်းဖြစ်ပါတယ်။

ပုခန်းဦးမင်းကျော်နတ်နန်း/ ကျော်ဆုမွန်

ကြည်လင်နေတဲ့ ဧရာဝတီမြစ်ရေနဲ့ နောက်ကျိနေတဲ့ ချင်းတွင်းမြစ်ရေတို့ဟာ ဒီဒေသမှာ လာရောက်ပေါင်းဆုံကြပြီး ဧရာဝတီမြစ်တခုတည်းအဖြစ် ဆက်လက် စီးဆင်းသွားတာလည်း ဖြစ်ပါတယ်။ ကျယ်ပြောလှတဲ့ သောင်ပြင်ကျယ်ကြီးကနေ ရေလယ်ကျွန်းအထိ ဖြစ်လာတဲ့အတွက် ယခင်က မြစ်ကြီးတွေရဲ့ ကြီးမားပုံကိုလည်း ပုံဖော်ကြည့်လို့ရနိုင်ပါတယ်။

ရေစကြို ရေလယ်ကျွန်းရွာတွေဟာ ၅၂ ရွာအထိ ဖြစ်နေပြီး လူဦးရေကလည်း လေးသောင်းကျော်အထိ နေထိုင်နေကြပြီဖြစ်ပါတယ်။ ဒီထဲမှာမှ ထန်းတော-ကူနီရွာမှာတော့ အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ ကျော်နေထိုင်ကြပါတယ်။ ရှေးယခင်ကတည်းက လူသားတို့ အခြေချနေထိုင်ခဲ့တာဖြစ်တာကြောင့် မြစ်နှစ်ခုကြားက နုန်းတင်မြေနူကျွန်းကြီးမှာ စိုက်ပျိူးရေးဟာ အဓိက စီးပွားရေးအဖြစ် ရပ်တည်နေတာတွေ့ရပါတယ်။

အဲဒီထဲကမှ မူလက ထန်းတောရွာအဖြစ်သာ တည်ရှိခဲ့ပြီး နောက်ပိုင်းမှာ ကိုကြီးကျော်နတ်နန်းရှိတဲ့ ကူနီနန်းကို အစွဲပြုလို့ ထန်းတော-ကူနီရွာရယ်လို့ အမည်တွင်တဲ့ဒီရွာလေးကတော့ ကျွန်းရွာတွေကြားထဲမှာ ရွာခပ်သေးသေးလည်းဖြစ်ပါတယ်။ ထန်းပင်တွေရှိပေမယ့်လည်း ထန်းပင်စီးပွားရေးထက် ယာခင်းတောင်သူအလုပ်ကို ပိုပြီး လုပ်ကြသူတွေနေထိုင်ကြပါတယ်။

ကိုကြီးကျော်နတ်ပွဲ ကာလဆိုရင် ချင်းတွင်းမြစ်ကမ်းဘက်ကလာရင် ပိုနီးတဲ့အတွက်လည်း ပွဲတော်ကာလမှာ လာရောက်လည်ပတ်သူတွေက ပုခန်းငယ်ရွာဘက်ကမ်း ချင်းတွင်းမြစ်ကိုဖြတ်ပြီး လာရောက်တာပိုများပါတယ်။ နောက်ထပ်နေရာကတော့ မြိုင်မြို့နယ်ဘက်ကနေ လာကြတာပါ။ ဧရာဝတီမြစ်ကို ဖြတ်ပြီး လာရတဲ့လမ်းဖြစ်ပါတယ်။

ကျမတို့တွေ ကူနီနန်းရှိတဲ့ နေရာကို ရောက်တဲ့အခါမှာ ပွဲတော်ရက်မရောက်သေးတဲ့အတွက်ကြောင့် လူရှင်းလင်းနေပြီး နန်းတော်ထဲကို ဝင်ရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ပုခန်းဒေသဘက်ကို စိတ်ဝင်စားလို့ သွားရောက်လေ့လာချင်တယ်ဆိုရင်လည်း ဒီအချိန်ဟာ သွားလာလည်ပတ်ဖို့ အကောင်းဆုံးအချိန်လို့ ဆိုရမှာပါ။

ကူနီနန်းရှိတဲ့ ဝင်းထဲမှာပဲ တောင်ပြုံးမင်းညီနောင်၊ ကိုးမြို့ရှင်အစရှိတဲ့ ၃၇ မင်းနတ်အချိူ့ရဲ့ နန်းတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ကိုကြီးကျော်နတ်ရုပ်ရှိတဲ့ ကူနီနန်းတော်လို့ခေါ်တဲ့ နေရာကတော့ ဝင်းအတွင်းမှာ အကြီးဆုံးအဆောက်အဦပဲဖြစ်ပါတယ်။ အဝင်ဝမှာ ခပ်ကြွားကြွားရပ်နေတဲ့ မြင်းရုပ်ကြီး နှစ်ရုပ်ကို တွေ့မြင်ရပြီး နန်းတော်အဝင်ပုံစံလို စူးလစ်မွန်းချွန်တွေနဲ့ တည်ဆောက်ထားတဲ့ နန်းအဝင်ကို ဆက်လက်တွေ့ရပါတယ်။

အတွင်းကို ဝင်သွားတဲ့အခါမှာတော့ ကိုကြီးကျော်နတ်ပွဲသဘင်ကာလမှာ နတ်ရုပ်ကိုတင်ပြီး ချိူးရေသုံးတော်မူတယ်ဆိုတဲ့ ဝေါကြီးတခုကိုလည်း တွေ့ရပါတယ်။ အဲဒီကနေ ဆက်ကြည့်လိုက်ရင်တော့ ကိုကြီးကျော်နတ်ရုပ်အပါအဝင် အချို့သော နတ်ရုပ်များ စီတန်းထားတဲ့ စင်ကို မြင်ရပါတယ်။

နန်းကိုထိန်းသိမ်းစောင့်ရှောက်တဲ့ နန်းထိန်းမိသားစုဝင် တစ်ဦးက သော့ဖွင့်ပြီး လေ့လာခွင့်ပေးခဲ့တာကြောင့် နတ်ရုပ်များ အစီအရီတင်ထားတဲ့ နေရာထိကို ဝင်ရောက်လေ့လာခွင့်ရခဲ့ပါတယ်။

ပုခန်းဦးမင်းကျော်နတ်နန်း/ ကျော်ဆုမွန်

စင်ပေါ်မှာ စီရီတည်ရှိနေတဲ့ နတ်ရုပ်တွေထဲမှာဆိုရင် မဏိစည်သူ (နရပတိစည်သူ)၊ ဝေဠုဝတီ၊ ကူနီရွာသူရှင်ဘို့မယ်နတ်ရုပ်တုတော် စတာတွေပါဝင်ပါတယ်။ ကိုကြီးကျော်ရုပ်တုဟာဆိုရင် ချိတ်ပုဆိုးကိုဝင်ဆင်ထားပြီး ခေါင်းပေါင်းစခပ်ရွယ်ရွယ်၊ ဓားတလက်ကို ပခုံးမှာ တင်ထားကာ၊ မြင်းစီးနေတဲ့ဟန်ပုံစံပဲဖြစ်ပါတယ်။ နတ်ပွဲကာလဆိုရင် လာရောက်ကြတဲ့ ပရိတ်သတ်များလွန်းလို့ ကိုကြီးကျော်နတ်ရုပ်နား ထိတွေ့ဆုတောင်းဖို့မပြောနဲ့ အဝေးကနေတောင်မြင်ဖို့ခဲယဉ်းလှတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ကူနီနန်းက ကိုကြီးကျော်ပွဲကိုတော့ နှစ်စဉ် တပေါင်းလဆန်း ၃ ရက်နေ့ကနေ တပေါင်းလပြည့်နေ့အထိ ဆယ်ရက်ကျော်ကြာ ကျင်းပကြပါတယ်။ ဒေသခံတွေကတော့ ကူနီမြတ်စွာဘုရားပွဲလို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်းကိုကြီးကျော်နတ်နန်းနဲ့ တဝိုက်မှာတော့ မြန်မာတနိုင်ငံလုံးက နတ်နဲ့ စပ်ဆိုင်တဲ့နတ်ဆရာတွေ နတ်ချော့သူတွေ နတ်ကတော်ပေါင်းစုံစုစည်းပြီး ပွဲတော်ကျင်းပကြတာကြောင့် ကိုကြီးကျော်နတ်ပွဲလို့သာ နာမည်ကြီးလှပါတယ်။

ပွဲတော်ကာလရောက်ပြီဆိုရင် ထန်းတော-ကူနီရွာလေးတရွာလုံးအပြည့် ဧည့်သည်တွေနဲ့ ပြည့်နေပြီး အနယ်နယ်အရပ်ရပ်က ဈေးလာရောင်းသူတွေ၊ နတ်ပွဲမှာ အချီအချော့တွေနဲ့ နတ်ပွဲသဘင်နွဲကြသူတွေနဲ့ လူစည်ကားတယ်လို့ ကိုကြီးကျော်နတ်နန်းရဲ့ နန်းထိန်းမိသားစုဝင် တဦးဖြစ်တဲ့ ကိုဇော်မျိူးနိုင်က ပြောပါတယ်။

နန်းထိန်းမိသားစုဆိုတာကတော့ မင်းတုန်းမင်းလက်ထက်မတိုင်ခင်ကပင် နန်းကို ထိန်းသိမ်းစောင့်ရှောက်ရသည့် မိသားစုဝင်များကို ခေါ်ဆိုခြင်းဖြစ်ကာ ကိုဇော်မျိူးနိုင်တို့ကတော့ ထိုမျိူးရိုးမှ ဆက်လက်ဆင်းသက်လာပြီး ယခုအချိန်တွင် တာဝန်ယူဆောင်ရွက်နေရသူများ ဖြစ်တယ်လို့ ဆိုပါတယ်။

“နန်းထိန်းမိသားစုတွေဖြစ်ဖို့က မင်းတုန်းမင်းလက်ထက်ကတည်းက ယှဉ်ပြိုင်တဲ့ ပွဲလေးတွေလုပ်ရတယ်။ အဲဒီကာလက ဦးပေတိုးဆိုတဲ့ ပုဂ္ဂိုလ်က အနိုင်ရခဲ့တော့ နန်းထိန်းဖို့ တာဝန်ပေးခံခဲ့ရတယ်။ ကျနော်တို့ကတော့ အဲဒီဦးပေတိုးကနေ ဆက်လက် ဆင်းသက်လာကြတာ” လို့ ပြောပြတယ်။

“ပုခန်းဦးမင်းကျော်ကို ဘာလို့ ကိုးကွယ်ကြလဲဆိုတော့ လူတွေက ယုံကြည်မှုအရပေါ့၊ အဓိဌာန်ပြုပြီးဆုတောင်းကြတယ်။ ဆုတောင်းပြည့်တဲ့အခါကြတော့ ပိုယုံကြည်ပြီး ကိုးကွယ်လာကြတယ်ပေါ့။ ဦးမင်းကျော်က ဟိုးတုန်းကဆိုရင် သောက်မယ်စားမယ်၊ ပျော်ပါးတယ်ပေါ့။ ဒါပေမယ့် ဦးမင်းကျော်က နတ်ဝိဇ္ဖာဖြစ်နေတယ်လို့ ယုံကြည်ကြတယ်။ ဒါပေမယ့် သိပ်မသိကြဘူးပေါ့”

“နတ်ဝိဇာဆိုတာက နတ်ထဲမှာဆိုရင် မြင့်မြတ်တယ်ပေါ့။ ပွဲတော်တင်ပြီးတော့ တင်မြှောက်ပသရတယ်။ သာသနာပြုနေတဲ့ နတ်လို့ ယုံကြည်တယ်။ သူ့ကို တကယ်ယုံကြည်ပြီး ကိုးကွယ်ရင် တကယ်ဖြစ်တယ်လို့ ယူဆကြတာပေါ့” လို့ ကိုဇော်မျိူးနိုင်က ပြောပါတယ်။

ကိုဇော်မျိူးနိုင်က နန်းထိန်းမိသားစုထဲမှာပါတာကြောင့် ပုခန်းဦးမင်းကျော်ကို ယုံကြည်ပေမယ့် ဗုဒ္ဒဘာသာတဦးအနေနဲ့ ရတနာသုံးပါးကို ဦးထိပ်ထားတယ်လို့ဆိုပါတယ်။

ကူနီကျေးရွာရှိ နတ်ကွန်းအတွင်းရှိ နတ်ရုပ်များ/ ကျော်ဆုမွန်

“နတ်တွေထဲမှာက ကောင်းကျိူးကို ပေးနိုင်တာရှိသလို၊ ဆိုးကျိူးကို ပေးနိုင်တာတွေလည်းရှိတယ်။ သူတို့ကို ဗာလိနတ်စာ ပူဇော်ပသကြတာပေါ့။ ဒီမှာကတော့ ပုခန်းဦးမင်းကျော်ကို ဘယ်လောက်ဆက်သမှ ဘယ်လိုအကျိူးဖြစ်မယ်လို့မဆိုဘူး။ ယုံကြည်မှုနဲ့ ဆက်ပြီး ဆုတောင်းရင် ပြည့်စေတာပဲ”လို့ သူက ပြောပါတယ်။

ကူနီနန်းပွဲကာလမှာဆိုရင် အစဉ်အဆက် ယုံကြည်မှုတွေကြောင့် လာရောက်ကြတဲ့သူအများစုဟာ အဓိဌာန်ဆုတောင်းအမျိူးမျိူး ပြုလုပ်သွားကြပြီး ဆုတောင်းပြည့်တယ်ဆိုရင် ဆုတောင်းစဉ်က ပေးခဲ့တဲ့ ကတိအတိုင်း ကူနီနန်းကို ပြန်လာပြီး ပူဇော်ပသမှုတွေ ပြုလုပ်ကြတာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့အတွက်ဆိုရင် အနန္တောအနန္တငါးပါးပြီးရင် ကျွေးမွေးနေတဲ့ သခင်ကြီးပဲ။ ဒါကြောင့်ယုံကြည်ကိုးကွယ်တာ” လို့ သူကဆိုပါတယ်။

ပွဲတော်ချိန်တွေမှာဆိုရင် အနယ်နယ်အရပ်ရပ်က ဆယ့်နှစ်ပွဲဈေးသည်တွေ၊ ဒေသထွက်ကုန်ရောင်းကြတဲ့သူတွေ၊ ဈေးသက်သက် လာရောက်လည်ပတ်သူတွေနဲ့ စုံလင်လှတာကြောင့် ခြေချင်းလိမ်နေကြတဲ့ လူတွေကြားမှာ ပွဲတော်ကို စနစ်တကျစီစဉ်ရတာဟာ အင်မတန်ခက်ခဲတယ်လို့ ဆိုပါတယ်။

ပွဲတော်ကာလအတွင်းမှာ ထန်းတော-ကူနီရွာက ဒေသခံတွေဟာ ဝင်ငွေလမ်းဖြောင့်လှပြီး တည်းခိုအိမ်လုပ်တဲ့သူတွေ ဈေးရောင်းသူတွေနဲ့ မအားလပ်ဘူးလို့လည်း သိရပါတယ်။ ဒီပွဲတော်ကို ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးက ဦးဆောင်ပြီး ပွဲတော်ကျင်းပရေးကော်မတီဖွဲ့ကာ လာရောက်လည်ပတ်သူတွေ အဆင်ပြေစေဖို့ ဆောင်ရွက်ရတယ်လို့ ဆိုပါတယ်။

နှစ်စဉ်လာရောက်လည်ပတ်သူဦးရေဟာ တစထက်တစမြင့်တက်လာနေပြီး ယမန်နှစ်ကဆိုရင် လာရောက်လည်ပတ်သူဦးရေ တသိန်းကျော်ခန့် ရှိတယ်လို့ ကိုဇော်မျိူးနိုင်က ပြောပါတယ်။

ဒီလိုလာရောက်လည်ပတ်သူတွေ များပြားလွန်းတာကြောင့် နေရေးထိုင်ရေးကအစ အဆင်ပြေအောင် ဆောင်ရွက်ရပြီး ပွဲတော်ကာလအတွင်း ယင်၊ခြင်များကြောင့် ရောဂါများဖြစ်ပွားခြင်းမှလည်း အထူးကာကွယ်ရတယ်လို့ဆိုပါတယ်။

စိတ်မကောင်းစရာတခုကတော့ လာရောက်လည်ပတ်သူ အင်မတန်များပြားပြီး စည်ကားလှတဲ့ ပွဲတော်ကြီး တည်ရှိတဲ့ဒေသဟာ ခုချိန်ထိ ဖွံံ့ဖြိုးမှုအားနည်းကာ လမ်းပန်းဆက်သွယ်ရေးလည်း ညံ့ဖျင်းနေဆဲ ဖြစ်တာကို တွေ့ရတာပါ။ လာရောက်လည်ပတ်သူများပြားတာကြောင့် ရရှိမယ့် ဝင်ငွေဟာလည်း မနည်းလောက်ပေမယ့် ထန်းတော-ကူနီရွာလေးဟာ ခုချိန်ထိ ဗွက်ထူထူ၊ရွံ့ညွံံတွေနဲ့ ပြည့်နေတဲ့ လမ်းတွေပိုင်ဆိုင်ထားပြီး ဖုန်ထူညစ်ပတ်နေတဲ့ အနေအထားကိုလည်း ရရှိထားပါသေးတယ်။

ကူနီကျေးရွာသူ ကျေးရွာသားများ /ကျော်ဆုမွန်

“ဒီထန်းတော-ကူနီဒေသက ဖွံ့ဖြိုးမှုက အရမ်းနောက်ကျနေတယ်။ ဦးဆောင်လုပ်တာက မြို့နယ်က ဦးဆောင်လုပ်တာ၊ ဒီပွဲကနေ ရတဲ့ ဝင်ငွေတွေရှိတယ်။ ဒါပေမယ့် ဒါတွေက ဒေသဖွံ့ဖြိုးရေးအတွက် ရောက်မလာဘူး။ အဲဒီတော့ ကျျနော်တို့က အခု ကျေးလက်ဦးစီးဌာနက ဒေသဖွံ့ဖြိုးရေးအတွက် ချပေးတဲ့ ကုန်ထုတ်လမ်းလုပ်ဖို့ သိန်း၁၀၀ လေးနဲ့ ဖြစ်မြောက်အောင် လုပ်နေရတယ်”

“အနယ်နယ်အရပ်ရပ်က လူတွေ လာလည်ကြတယ်။ ဒါပေမယ့် ဒီရွာလေးဖွံ့ဖြိုးမှုအတွက်တော့ မကြည့်ကြပါဘူး”လို့ သူက မချိတင်ကဲ ပြောပါတယ်။

“ကျနော်တို့ရွာမှာ ပွဲပြီးရင် ဘာကျန်ခဲ့လဲဆိုတော့ အမှိုက်နဲ့ ယင်ကောင်တွေပဲကျန်ခဲ့တယ်။ အများသိစေချင်တာပါ။” လို့ သူကဆက်လက်ပြောပါတယ်။

ဒေသခံတွေအနေနဲ့လည်း ပွဲတော်ကာလမှသာ အူတစိုစိုနဲ့ ငွေသုံးစွဲကြပေမယ့် ပွဲတော်ပြီး နောက်ကာလတွေမှာတော့ ပွဲပန်း၊ ခြေကုန်လက်ပန်းကျကာ၊ ယာခင်းတွေဆီ ပြန်လည်လုပ်ကိုင်ကြရပြန်တာပါပဲ။ ပဲခင်း၊ပြောင်းခင်း၊ဆေးခင်းနဲ့ နေကြာခင်းတွေကတော့ ဒေသခံတွေအတွက် အဓိက ငွေရှာပေးတဲ့ စီးပွားရေးတွေပဲဖြစ်ပါတယ်။ လက်လုပ်လက်စားလုပ်ကိုင်သူတွေကလည်း အင်မတန်ပေါလှပါတယ်။

“ကျမတို့ကတော့ ပွဲတော်ကာလမှာဆိုရင် စားသောက်ဆိုင်ဖွင့်တယ်။ ရွာထဲက အကုန်လုံးနီးပါးက ပွဲတော်မှာ စီးပွားရေးလုပ်ကြတာပါပဲ။ ဒါပေမယ့် ရရစားစားပါပဲ”လို့ ထန်းတော-ကူနီရွာသူတဦးက ဆိုပါတယ်။

မကြာခင်မှာ ကူနီပွဲကြီး ဆင်နွဲတော့မှာဖြစ်တဲ့အတွက် အခုချိန်ကတည်းက တည်းခိုဆောင်တွေ စတငေ်ဆာက်နေပြီလို့လည်း ပြောကြပါတယ်။

အနယ်နယ်အရပ်ရပ်က နတ်ကို ကိုးကွယ်ယုံကြည်မှုရှိတဲ့သူတွေကော ပျော်ပွဲသဘင်ကြိုက်တဲ့သူတွေရော လူစုံတက်စုံလာကြတော့မှာပါ။

နတ်ဒိုးသံတွေလည်း ဒီဒေသမှာ မကြာခင် ဝေစည်လာတော့မှာပါ။ နှစ်စဉ်ကြုံနေကြ အခက်အခဲတွေကိုလည်း ရင်ဆိုင်ကြရဦးမှာပါ။ ဒါပေမယ့် ထန်းတော-ကူနီရွာလေးကတော့ ပွဲတော်ပြီးချိန်မှာ ဒုံရင်းဒုံရင်းပဲ ပြန်ဖြစ်ဦးမလားဆိုတာကတော့ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading