Travel

သုဝဏ္ဏဘူမိ လေဆိပ်အတွင်းရှိ အစားအစာများကို လူတိုင်းတတ်နိုင်အောင် ဈေးနှုန်းပြောင်းလဲ

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်အတွင်းမှာရှိတဲ့ စားသောက်ဆိုင် ၇၀ ခန့်က အစားအစာတွေကို Menu အသစ်တွေနဲ့ ပေါ့ပေါ့ပါးပါး စားသောက်နိုင်မယ့် အစားအစာ အမယ်စာရင်းတွေကို ထပ်မံတိုးချဲ့လိုက်တဲ့အပြင် အစားအစာတွေရဲ့ ဈေးနှုန်းတွေကိုလည်း ထိုင်းဘတ်ငွေ ၅၀ ခန့်ကနေစပြီး သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။

ဒီအစီအစဉ်ကို ထိုင်းနိုင်ငံ၊ သယ်ယူပို့ဆောင်ရေးအာဏာပိုင်တွေက ဘန်ကောက်မြို့က အဓိကလေဆိပ်တွေမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြောင်းလဲခဲ့တာဖြစ်ပြီး ခရီးသွားဧည့်သည်တွေ အနေနဲ့ လေဆိပ်က အစားအစာတွေကို ဈေးနှုန်း ချိုသာစွာနဲ့ ဝယ်ယူစားသောက်နိုင်အောင် ပြောင်းလဲပေးခဲ့တာလည်း ဖြစ်ပါတယ်။

လေဆိပ် စီမံခန့်ခွဲမှုအပိုင်းက တာဝန်ရှိသူတွေကတော့ ဒီအစီအစဉ်လိုမျိုး ဖြစ်အောင်လို့ ယခင်ကတည်းက အာဏာပိုင်တွေကို တောင်းဆိုခဲ့တာဖြစ်ပြီး အခုပြောင်းလဲလိုက်တဲ့ အစားအစာတွေရဲ့ အမယ်စာရင်းနဲ့ ဈေးနှုန်းတွေဟာဆိုရင် သုဝဏ္ဏဘူမိရဲ့ အစားအစာ လမ်းညွှန်တွေစာရင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။

ဒီ အစားအစာလမ်းညွှန် (Food Guide) က သတင်းအချက်အလက်တွေကို သိချင်ရင်တော့ QR code ကိုအသုံးပြုကာ Download ဆွဲနိုင်မှာဖြစ်ပြီး အစားအစာတွေရဲ့ဈေးနှုန်းတွေကိုတော့ အမျိုးအစားအလိုက် ၃ မျိုး ခွဲခြားထားတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်သစ်ကို စတင်ပြောင်းလဲခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ သယ်ယူပို့ဆောင်ရေး ဒုဝန်ကြီး Pailin Chuchottaworn က အခုလိုပဲ ပြောပါတယ်။

“ခရီးသွားဧည့်သည်တွေအတွက် အဆင်ပြေအောင်လို့ အစားအသောက် အမယ်စာရင်းတွေကို ထပ်မံတိုးခဲျ့လိုက်သလို ဈေးနှုန်းတွေကိုလည်း သင့်တင်မျှတအောင်လို့ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ ဒီဇင်ဘာလလောက်ကတည်းကနေ ဒီအစီအစဉ်ဖြစ်အောင်လို့ အစားအစာတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး ဈေးနှုန်းချိုသာအောင်လို့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

Bangkok Post တွင် ရေးသားထားသော Suvarnabhumi boosts affordable grub  သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

Loading