ဆီနီဂေါနိုင်ငံဟာ အနောက်အာဖရိကမှာတော့ အတည်ငြိမ်ဆုံ းနိုင်ငံတနိုင်ငံပါ။ ကျန်တဲ့ နိုင်ငံတွေဟာ ပျင်းစရာ ကောင်းချင်ကောင်းနိုင်ပေမယ့် ဆီနီဂေါနိုင်ငံကတော့ ပျင်းစရာကောင်းတဲ့ နိုင်ငံ မဟုတ်ပါဘူး။
Dakar မြို့ဟာ ဆီနီဂေါနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ကိပ်ဗာဒီကျွန်းဆွယ် အစွန်အဖျားမှာ တည်ရှိတဲ့ မြို့ပါ။ ဆီနီဂေါနိုင်ငံရဲ့ မြို့တော်ဖြစ်တာနဲ့အညီ Dakar မြို့ရဲ့လမ်းမတွေဟာ လူတွေနဲ့ စည်ကားနေလေ့ ရှိပါတယ်။ တကယ်တော့ Dakar မြို့ဟာ ဆီနီဂေါနိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှု နိဒါန်းပါပဲ။
ဆီနီဂေါနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Saint Louis မြို့ဆိုရင်လည်း သာယာလှပတဲ့ အမျိုးသားဥယျာဉ်ရှိသလို ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ ဗိသုကာလက်ရာတွေကြောင့်လည်း နာမည်ကြီးပါတယ်။
ဆီနီဂေါနိုင်ငံဟာ ၁၉၇၀၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး လူဦးရေ ၁၃ သန်းလောက် နေထိုင်ပါတယ်။ ရာသီဥတုအနေနဲ့ဆိုရင်လည်း နွေရာသီနဲ့ မိုးရာသီလောက်သာ ရှိပါတယ်။ နွေရာသီဆိုရင်တော့ ပူပြင်းခြောက်သွေ့ပေမယ့် မိုးရာသီဆိုရင်တော့ အအေးပိုတတ်ပါတယ်။
ဆီနီဂေါနိုင်ငံဟာ ၁၉၆၀ တုန်းက ပြင်သစ်တွေဆီက လွတ်လပ်ရေးရခဲ့ပေမယ့် နိုင်ငံသုံး ဘာသာစကားကတော့ ပြင်သစ်ဘာသာစကားကိုသာ ဆက်လက် သုံးစွဲနေခဲ့ပါတယ်။
နိုင်ငံရဲ့ အဓိကဝင်ငွေကိုတော့ ငါးတင်ပို့မှု လုပ်ငန်းနဲ့ ဖော့စဖိတ် ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်း ၊ ဓာတ်မြေသြဇာ လုပ်ငန်း၊ ရေနံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘောတည်ဆောက်တဲ့ လုပ်ငန်းနဲ့ ပြန်လည်ပြင်ဆင်တဲ့ လုပ်ငန်းတွေကနေ ရရှိပါတယ်။ ဒီလုပ်ငန်းတွေအပြင် မြေပဲ၊ ကြံ၊ ဝါဂွမ်း၊ ပဲစိမ်း၊ ခရမ်းချဉ်သီး၊ ဖရုံနဲ့ သရက်သီး စိုက်ပျိုးတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ကြပါတယ်။
အရင်တုန်းကတော့ ဆီနီဂေါနိုင်ငံဟာ မြေပဲစိုက်ပျိုးရေး တမျိုးတည်းကိုသာ မှီခိုခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ အစိုးရကတိုင်းပြည်ရဲ့ စီးပွားရေးကို ဘက်ပေါင်းစုံက ကြိုးစားအားထုတ်ခဲ့တာကြောင့် အောင်မြင်မှုအချို့ကိုရခဲ့ပါတယ်။ ဒါတောင် ၂၀ရာစုမှာ စီးပွားရေးကျဆင်းမှုဒဏ်ကို ခံခဲ့ရပါတယ်။
အတ္တလန္တိတ်ကမ်းခြေတလျှောက် ကိပ်ဗာဒီကျွန်းဆွယ်ပေါ်မှာတည်ရှိနေတဲ့ Dakar မြို့တော်ဟာဆိုရင်တော့ ခရီးသွားတွေ စိတ်ဝင်စားတဲ့မြို့တမြို့လည်း ဖြစ်ပါသေးတယ်။ ဒါ့အပြင် Dakar မြို့ ဟာ အာဖရိကရဲ့ အရေးအပါဆုံး ဆိပ်ကမ်းမြို့တော် ဖြစ်နေသေးသလို အနောက်အာဖရိကရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဗဟိုအချက်အချာကျတဲ့ဲ မြို့လည်း ဖြစ်ပါတယ်။
Ref : britannica & lonelyplanet