သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ဝင်ကြေးများမြှင့်တင်နေသောကြောင့် ကမ္ဘာလှည့်ခရီးသည်များသည် အရှေ့တောင်အာရှ၏ အဓိက ခရီးစဉ်ဒေသများတွင် ပိုမိုမြင့်မားသော ဈေးနှုန်းများ ပေးဆောင်နေရသည်။
နှစ်စဉ် ခရီးသည် ၃ သန်းကို ဆွဲဆောင်နိုင်သော ဘန်ကောက်ရှိ ဝက်ဖို ဘုရားကျောင်းသည် ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဝင်ကြေးကို ဘတ် ၂၀၀ ( ၆.၃၉ ဒေါ်လာ) အထိ ပြီးခဲ့သည့် ဇန်နဝါရီလက မြှင့်တင်လိုက်သည်။
ကမ္ဘောဒီးယားနိုင်ငံမှ အန်ကောဝပ် ဘုရားကျောင်းသည် ဝင်ခွင့်လက်မှတ်ဈေးနှုန်းကို ၂၀၁၇ ခုနှစ်က ၈၅ ရာခိုင်နှုန်းမြှင့်တင်လိုက်သောကြောင့် ဝင်ကြေးမှာ ၃၇ ဒေါ်လာ ဖြစ်သွားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကိုဒိုမို အမျိုးသား ဥယျာဉ်သို့ နိုင်ငံခြားသားများ ဝင်ကြေးကို လက်ရှိဝင်ကြေး၏ ၁၀ ဆဖြစ်သော ဒေါ်လာ ၅၀၀ အထိမြှင့်တင်ရန်ပြောဆိုမှုများလည်း ရှိနေသည်။
ထိုသို့ဈေးနှုန်းများမြှင့်တင်ခြင်းသည် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲအောင် လုပ်ရန် ရည်ရွယ်သော်လည်း လာရောက်လည်ပတ်ဖွယ်ရှိသည့် ခရီးသည်များကို မောင်းထုတ်သကဲ့သို့ဖြစ်မည်ကို ခရီးသွားလုပ်ငန်းရှင် အချို့က စိုးရိမ်နေသည်။
ခရီးသွားလုပ်ငန်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် အဓိကလုပ်ငန်းဖြစ်ပြီး ဒေသတွင်း အချို့နိုင်ငံများတွင် စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းအထိ ရှိနေသည်။ ထိုင်းနိုင်ငံတွင် ၂၀ ရာခိုင်နှုန်းအထိပင်မြင့်မားသည်။
ပိုမိုတိုးတက်နေသည့် နိုင်ငံများထက် ဈေးသက်သာသော အရှေ့တောင်အာရှ ခရီးသွားလုပ်ငန်းသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တိုးတက်လာပြီး ကမ္ဘာတဝှမ်းလုံးရှိ ခရီးသွားများကို ဆွဲဆောင်လာသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သို့ လာရောက်သော ခရီးသည် အရေအတွက်မှာ ၂၀၁၇ ခုနှစ်က ၁၂၅ သန်းအထိရှိပြီး ယခင် ၅ နှစ်ထက် ၄၀ ရာခိုင်နှုန်းတိုးတက်လာသည်။
ထိုအရေအတွက်သည် ကမ္ဘာ့နှစ်စဉ်ခရီးသွားများ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းရှိသည်။ ထိုတိုးတက်မှုမှာ ဂျပန်၊ တရုတ်၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စု တို့မှ ခရီးသည်များကြောင့် ဖြစ်သည်။
ထိုနိုင်ငံများသည် များပြားလှသော ဧည့်သည်များကို နေရာချထားရမည့် အခြေခံအဆောက်အအုံများ မရှိကြဘဲနောက်ဆက်တွဲ ဒေသပတ်ဝန်းကျင် ထိခိုက်မှုများကိုလည်း ဖြေရှင်းနေရသည်။
အရှေ့တောင်အာရှရှိ ခရီးစဉ်များသည် ၎င်းတို့လုပ်ငန်းများ ရေရှည် တည်တံ့ရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်နှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် ဈေးနှုန်းများမြှင့်တင်နေကြသည်။
မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းမှ အမျိုးသားဥယျာဉ်ဖြစ်သော တန်ကူ အဗ္ဗဒူ ရာမန် အဏ္ဏဝါဥယျာဉ် သည် အသက် ၁၈ အထက် ပြည်ပခရီးသွားများထံမှ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး စရိတ်ကို ၂၀၁၈ ခုနှစ်က ၂ ဆ မြှင့်တင်ပြီး ၄.၈၉ ဒေါ်လာအထိ တိုးမြှင့် ကောက်ခံလိုက်သည်။
ကိုမိုဒို အမျိုးသားဥယျာဉ် ဝင်ကြေးကို လက်ရှိ ၁၀ ဒေါ်လာမှ အကြီးအကျယ်မြှင့်တင်မည်ဟု အင်ဒိုနီးရှားနိုင်ငံ အရှေ့ နူဆာ တန်ဂါရာ ပြည်နယ်အုပ်ချုပ်ရေးမှူးက လွန်ခဲ့သော နိုဝင်ဘာလက ကြေညာသည်။
လက်ရှိဈေးနှုန်းသည် နိုင်ငံတကာခရီးစဉ်ဒေသများအတွက် လွန်စွာနိမ့်လွန်းသည်ဟု သူက ပြောသော်လည်း ဒေသခံ ခရီးသွားလုပ်ငန်းရှင်တဦးက ဈေးနှုန်း အကြီးအကျယ်မြှင့်တင်သောကြောင့် ပြည်ပခရီးသွားများကို တားဆီးသကဲ့သို့ဖြစ်မည်ကို စိုးရိမ်နေသည်။
ထိုဥယျာဉ်ခရီးစဉ်တွင် အထူးသဖြင့် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုမှ ခရီးသည်များကို ဆွဲဆောင်သည့် ကိုဒိုမိုနဂါးများကျက်စားသည့်နေရာများ၊ ပန်းရောင် သဲသောင်ပြင်များရှိသည့် ကမ်းခြေတခုတို့ပါဝင်သည်။
ရုတ်တရက်ဈေးနှုန်းအကြီးအကျယ် မြှင့်တင်ခြင်းသည် ကုန်ကျစရိတ်သက်သာပြီး ကျော်ကြားမှုရှိသော အရှေ့တောင်အာရှသို့ ခရီးသည်လာရောက်မှုကို အတားအဆီးဖြစ်စေနိုင်သည်။
ဗီယက်နမ်တွင် ကမ္ဘာ့ အမွေအနှစ်နေရာဖြစ်သော ဟလောင်ပင်လယ်ကွေ့ဇိမ်ခံ သင်္ဘောခရီးစဉ်များအတွက် ငွေကောက်ခံမှုကို ၈၅ ရာခိုင်နှုန်းတိုးမြှင့်တင်ရန် အဆိုပြုခဲ့သော်လည်း ဒေသခံ ခရီးသွားလုပ်ငန်းများ၏ ပြင်းထန်သော ဆန့်ကျင်မှုကြောင့် ထို အစီအစဉ်ကို ရုတ်သိမ်းခဲ့သည်။
ကိုးကား ။ ။ Nikkei Asian Review