အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံဟာ ခရီးသွားတွေကို ဆွဲဆောင်လာနိုင်တဲ့ နိုင်ငံတနိုင်ငံပါ။ ဒါကြောင့် ဖေဖော်ဝါရီလမှာဆိုရင် ဗီယက်နမ်နိုင်ငံရဲ့ ဘယ်နေရာတွေကို ခရီးသွားလို့ ကောင်းလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) Moc Chau
ကုန်းမြင့်ဒေသတခုဖြစ်တဲ့ Moc Chau မြို့လေးဟာ ဟနွိုင်းမြို့တော်ရဲ့ ၁၁၁ မိုင်အကျော်မှာ တည်ရှိပါတယ်။ Moc Chau ဟာ ဟနွိုင်းမြို့တော်ကနေ ဆိုင်ကယ်စီးသွားရင်လည်း လွယ်လွယ်ကူကူ ရောက်နိုင်တဲ့ ဒေသတခုပါ။ ဆောင်းကာလ ကုန်ခါနီး နွေဦးပေါက်လာပြီဆိုရင် ဗီယက်နမ်နိုင်ငံရဲ့ Moc Chau မြို့ဟာ ခရီး ထွက်လို့ကောင်းတဲ့ ဒေသပါပဲ။ ကျယ်ပြောတဲ့ မြက်ခင်းတွေနဲ့ သစ်ပင်ကြီးကြီးမားမားတွေ လွှမ်းမိုးထားတဲ့ Moc Chau မှာဆိုရင် လေကောင်းလေသန့်တွေကို ရှုရှိုက်ရမှာပါ။
Moc Chau မြို့ မှာဆိုရင် တိုင်းရင်းသား ၁၂ မျိုးလောက် နေထိုင်ကြပြီး ထိုင်းလူမျိုး ၃၃ ရာခိုင်နှုန်းနဲ့ Muong လူမျိုး ၁၈ ရာခိုင်နှုန်းလောက် နေထိုင်ကြပါတယ်။ မြို့ ပြရဲ့ မွန်းကြပ်မှုတွေကနေ လွတ်မြောက်နိုင်ဖို့ဆိုရင် Moc Chau မြို့ဟာ အကောင်းဆုံး ဒေသတခုပါ။
မက်မန်းသီးပင်တွေ ပေါတဲ့ Moc Chau မြို့ဟာ နေအိမ်ကိုလည်း သွပ်မိုး နီနီလေးတွေ မိုးထားကြပါတယ်။ Moc Chau မြို့ကို ခရီးသွားတွေ သဘောကျရတဲ့ အကြောင်းရင်းကတော့ မတူကွဲပြားတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကြောင့်ပါ။ ဒါကြောင့်လည်း ဗီယက်နမ်နိုင်ငံ ရဲ့ Moc Chau မြို့ကလေးဟာ ယဉ်ကျေးမှုတွေ စုဝေးတဲ့ နေရာတနေရာလို့ ဆိုကြပါတယ်။
အဲဒီမြို့လေးမှာဆိုရင် မနက်စာအဖြစ် အာရှရဲ့ အစားအသောက်မျိုးစုံ ရနိုင်သလို စက်ဘီးစီးရင်း ရွာ ပတ်ဝန်းကျင်တလျှောက်ကို လည်ပတ်နိုင်ပါသေးတယ်။ ကျယ်ပြောတဲ့ လက်ဖက်စိုက်ခင်းတွေကလည်း Mou Chau မြို့ရဲ့ ဂုဏ်သိက္ခာတခုပါ။ ဒါကြောင့်လည်း အရည်အသွေးမြင့်တဲ့ လက်ဖက်ရည်ကောင်းကောင်းကို Moc Chau မြို့က ထုတ်လုပ်ပေးပါတယ်။
(၂) Da Lat
ဖေဖော်ဝါရီလမှာ နောက်ထပ် လည်ပတ်လို့ကောင်းတဲ့ နေရာတနေရာကတော့ ဗီယက်နမ် နိုင်ငံရဲ့ Da Lat မြို့ပါပဲ။ Da Lat မြို့ကတော့ တည်ငြိမ်အေးချမ်းနေတဲ့ မြို့ကလေးတမြို့ပါ။ အထူးသဖြင့်တော့ ဖေဖော်ဝါရီလဟာ ပိုပြီး ခရီးထွက်လို့ ကောင်းပါတယ်။
ခရီးသွားတွေကတော့ Da Lat မြို့ကို ပဲရစ်အငယ်စားလို့ တင်စားခေါ်ဝေါ်လေ့ ရှိပါတယ်။ တမြို့လုံးကို ထင်းရှူးပင်တွေက ဝန်းရံထားပါတယ်။ ဒေသခံတွေက ဖော်ရွေလေ့ ရှိကြပြီး ဝန်ဆောင်မှုတွေကလည်း အဆင်ပြေပါတယ်။ ဖေဖော်ဝါရီလမှာဆိုရင် Da Lat မှာ ပန်းပွဲတော်ကို ကျင်းပလေ့ ရှိပါတယ်။
Ref : Topsvietnam