သြစတြေးလျနိုင်ငံ အနှံ့ကို ကားတစီးနဲ့ လည်ပတ်ခဲ့တဲ့ အမျိုးသား
Ash လို့ ခေါ်တဲ့ အမျိုးသားတဦးဟာ သူ့ရဲ့ ခွေးကလေးဖြစ်တဲ့ Tilly နဲ့ သြစတေးလျနိုင်ငံ အနှံ့ကို ခရီးထွက်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ စွန့်စားရေးခရီးတခုကို ထွက်မယ်ဆိုပြီး ဒီခရီးစဉ်ကို အကောင်အထည်ဖော်ခဲ့တာ လို့ သူက ဆိုပါတယ်။
ခရီးတလျှောက်ကို ဗန်ကားတစီးနဲ့ သွားခဲ့ပြီး သူတို့ရဲ့ ကားကိုတော့ “Vincent Van Go” လို့ အမည်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ကို သွားခဲ့တဲ့ Ash က မျှဝေထားတဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ကား
ကားနဲ့ ခရီးရှည်ထွက်တဲ့သူတွေ တော်တော်များများက ကားအကြီးတွေ ဝယ်ကြပေမယ့် Ash ကတော့ သူတတ်နိုင်တဲ့ ဗန်ကားအသေးလေးကိုသာ ပြုပြင်ပြီး သွားခဲ့တာပါ။ ကားကို ပြင်ဆင်တဲ့ အခါမှာ အဓိကပြုလုပ်ရတာကတော့ သူနဲ့ သူခွေးအိပ်ဖို့ အိပ်ရာ တခုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ခွေးအတွက် စားစရာကို သေတ္တာတလုံးနဲ့ အပြည့်ထည့်ခဲ့ပါတယ်လို့ သူက ဆိုပါသေးတယ်။ သူ့အတွက်ကတော့ အဝတ်အိတ်၊ သူအကြိုက်ဆုံးပစ္စည်းအချို့နဲ့ လမ်းမှာတွေ့တဲ့ မိတ်ဆွေတွေအတွက် ခုံအပိုတွေပဲ ဖြစ်ပါတယ်။
(၂) လမ်းခရီး
သြစတြေးလျ တနိုင်ငံလုံးရဲ့ နယ်နမိတ်အားလုံးကို သူသွားခဲ့တာဖြစ်ပါတယ်။ ခရီးတလျှောက်မှာ အိပ်မပျော်သွားအောင် သီချင်းနားထောင်ရင်းနဲ့ သူ့ရဲ့ Playlist က ကမ္ဘာ့အရှည်ဆုံး Playlist ဖြစ်နေလောက်ပီလို့ သူက ပြောပါတယ်။ သူ့ရဲ့ ခရီးသွားဖော်လေးကတော့ ယာဉ်မောင်လိုင်စင်မရှိတဲ့ ခွေးမလေးဖြစ်နေလို့ ခရီးစဉ်တလျှောက် သူပဲ ကားမောင်းခဲ့ရတာပါ။
(၃) လည်ပတ်စရာများ
Ash ကတော့ သြစတေးလျနိုင်ငံဟာ လှပတဲ့ ရှုမျှော်ခင်းတွေ အများဆုံးရှိတဲ့ နိုင်ငံဖြစ်တယ်လို့ တင်စားထားပါတယ်။ ကားမောင်းပြီးသွားရတဲ့ ခရီးတလျှောက်မှာ သူဟာ မုတ်သုန်တော၊ လှပလွန်းတဲ့ ပင်လယ်တွေမှာ လမ်းတွေ လျှောက်ခဲ့ပြီး သူ့ရဲ့ ခွေးလေးနဲ့အတူ တောင်တွေလည်း တက်ခဲ့တယ်လို့ ဆိုပါတယ်။ ရေတံခွန်တွေမှာ ရေကူးခြင်းတွေ ပြုလုပ်ခဲ့သလို ဗလာကျင်းနေတဲ့ ကောင်းကင်အောက်မှာ ထိုင်ပြီး ကြယ်တွေကို ကြည့်ခဲ့သေးတယ်လို့ သူက ပြောပြပါတယ်။
(၄) မိတ်ဆွေ အသစ်များ ရရှိခြင်း
သြစတေးလျနိုင်ငံ အနှံ့ကို ခရီးသွားပြီးတဲ့ နောက်မှာတော့ သူဟာ ဘဝသက်တမ်းတလျှောက် အမြဲပေါင်းသင်းလို့ ရမယ့် မိတ်ဆွေတွေနဲ့ ခင်မင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ရောက်တဲ့ မြို့တိုင်းမှာ သူ့လို ခရီးသည်တွေရော အိမ်ရှင်တွေကပါ ဖော်ရွေပျူငှာကြပြီး လည်ပတ်သင့်တဲ့ နေရာတွေကို လမ်းညွှန်ပေးကြတယ်လို့ ဆိုပါတယ်။
မြစ်ကမ်းရှိတဲ့ မြို့တွေကို ရောက်တဲ့ အခါမှာလည်း သူ့လို ခရီးသွားတွေနဲ့ မီးပုံပွဲတွေ ပြုလုပ်ပြီး ဘဝနဲ့ ပတ်သက်တာတွေကို အများကြီး ပြောဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။ နောက်ပြီး သူက တကမ္ဘာလုံးမှာရှိတဲ့ လူငယ်တွေကို ခရီးများများသွားဖို့နဲ့ ကိုယ့်ကိုယ်ကို ရှာဖွေဖို့ အကြံပေးထားပါသေးတယ်။
Ref ; destination