Travel

ကယားရှိ ထီးပရူနူဂူကို ခရီးသွားဒေသသစ်အဖြစ် အကောင်ထည်ဖော်မည်

Want create site? Find Free WordPress Themes and plugins.

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ထီးပရူနူဂူကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသအသစ်အဖြစ် ဖော်ဆောင်ရန် ပြည်နယ်အစိုးရက ဆွတ်ပိုက်ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ခွင့်ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ လဆန်းပိုင်းက ကယားပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ် ဒေသ အသစ်များ ဖော်ထုတ်နိုင်ရေး တို့အတွက် ရည်ရွယ်ပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (လွိုင်ကော်ရုံးခွဲ) ၏ ဦးဆောင်မှု ဆွစ်ဇာလန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဆလိုဗက်ကီးယားနိုင်ငံ များမှ လိုဏ်ဂူပညာရှင်များ၊ မြန်မာနိုင်ငံ တောင်တက်အဖွဲ့နှင့် မြန်မာနိုင်ငံဧည့်လမ်းညွှန်များ အသင်း (ကယားဇုန်) တို့ ပူးပေါင်းပါဝင်သည့် လိုဏ်ဂူလေ့လာရေး အဖွဲ့ ဖွဲ့စည်းကာ ကယားပြည်နယ် ဖရူဆိုမြို့နယ်ရှိ ထီးပရူနူဂူနှင့် ထီမိုးအိဂူ၊ ဒီးမော့ဆိုမြို့နယ်ရှိ ကွိုင်ငံဂူနှင့် ဘောလခဲမြို့အနီးရှိ ရေနီပေါက်ဂူများသို့ လေ့လာမှုများ ပြုလုပ်ခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (လွိုင်ကော်ရုံးခွဲ) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က “ဒီဆာဗေးလုပ်တဲ့ထဲက လောလောဆယ်စပြီး အကောင်ထည် ဖော်နိုင်တာက ဖရူဆိုမြို့နယ်က ထီးပရူနူဂူပေါ့။ အဲဒီဂှုက နဂိုကတည်းက လုပ်ဖို့ရှိတယ်။ သူတို့သေချာ လိုက်လေ့လာကြည့်တဲ့ အခါကျတော့ လုပ်လို့လည်း ရတယ်။ ခရီးသွားတွေ အတွက်လည်း အန္တရာယ်ကင်းနိုင်တယ်လို့ တွေ့တယ်။ အဲဒီနေရာကလည်း ဆွတ်ပိုက်ကုမ္ပဏီနဲ့ ပြည်နယ် အစိုးရက MOU ရေးထိုးပြီးသား ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်နယ်အစိုးရအနေနှင့် ရင်းနှီးမြှုပ်နှံမှု ပုဂ္ဂလိကသို့ ပေးခြင်းမှာ လိုဏ်ဂူဖြစ်သောကြောင့် အရေးပေါ် စက်ပစ္စည်း ကိရိယာများ အသုံးပြု၍ ဆောင်ရွက်ရမည် ဖြစ်ခြင်း၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု များခြင်းတို့ကြောင့် ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ထီးပရူနူဂူ/Supplied

“လုပ်ငန်းကတော့ အကုန်အကောင်ထည် မဖော်နိုင်သေးဘူး။ ဘာကြောင့်လဲ ဆိုတော့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ မြေအသုံးချမှုတွေကို ပြည်ထောင်စုအစိုးရကို ခွင့်ပြုချက်ရဖို့ တင်ပြတုန်းပဲ ရှိသေးတယ်။ ခွင့်ပြုချက်ဆိုတာက သစ်တော ဦးစီးဌာနရဲ့ ခွင့်ပြုချက်တို့၊ လယ်ယာမြေအသုံးပြုမှု၊ မြေအသုံးချခွင့် ဒါတွေလိုသေးတယ်။ ဒါတွေရမှ ဒီဘက်က စ အကောင်ထည် ဖော်လို့ ရမှာ” ဟု ဦးလင်းဇော်ထွဋ်က ပြောသည်။

လက်ရှိတွင် ကုမ္ပဏီဘက်က ထီးပရူနူဂူသို့ ရောက်ရှိရန် လမ်းဖောက်ခြင်း၊ မြေပြင်ညှိခြင်း အစရှိသည်တို့ကို လုပ်ဆောင်လျှက်ရှိပြီး ယခု ပြည်ပနိုင်ငံမှ ပညာရှင်များပါဝင်သော လိုဏ်ဂူလေ့လာရေးအဖွဲ့၏ လေ့လာ တွေ့ရှိချက်များ ကိုလည်း ဆွတ်ပိုက်ကုမ္ပဏီသို့ ပြောကြားထာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (လွိုင်ကော်ရုံးခွဲ) မှ သိရသည်။

“ဂူထဲမှာ ရှိတဲ့ ဘယ်ဟာတွေကတော့ မထိရ မကိုင်ရဘူး။ တန်ဖိုးရှိတယ်။ အဲဒါတွေကို မထိမကိုင်ဘဲနဲ့ ခရီးသွားတွေကို ဆွဲဆောင်ဖို့ ပြောထားတယ်။ လုပ်ထုံးလုပ်နည်း ဥပဒေတွေ၊ သတ်မှတ်ချက်တွေကို ကျနော်တို့က ထုတ်ပေးပြီးမှ ခွင့်ပြုလို့ရမှာ။ မြေအသုံးချခွင့်ရမှသာ ဒါကို သေသေချာလုပ်မယ်။ ကုမ္ပဏီအနေနဲ့ ဂူထဲမှာ ချော်နိုင်ပြုနိုင်တဲ့ ဧရိယာတို့ ဘာတို့ကို ကွင်းတွေ ဘာတွေနဲ့ သေချာလုပ်မယ်။ အိမ်သာတို့ ဘာတို့ပေါ့။ ကျန်တဲ့ဟာလေးတွေကို သဘာဝအတိုင်း ထားပြီး ခရီးသွားတွေကို ဆွဲဆောင်မှာ ဖြစ်တယ်” ဟု ဦးလင်းဇော်ထွဋ်က ဆိုသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ထီးပရူနူဂူ/Supplied

ဆက်လက်၍ ၎င်းက “ပြည်နယ်ဝန်ကြီးချုပ်ကတော့ ထောက်ခံပြီး တင်ပေးတယ်။ လုပ်ပေးတယ်။ ဒါပေမယ့် သစ်တောဦးစီးဌာနတို့ လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီတို့က ကြာတဲ့ အခါကျတော့ ဒီကသွားလိုက်၊ ဟိုက ပြန်လာလိုက်နဲ့ ကြာနေတာ။ လုပ်ဖို့ ၈၀ ရာခိုင်နှုန်းတော့ပြီးပြီ။ ထုံးစံအတိုင်း ကြာနေတာပေါ့။ တကယ်တမ်းလုပ်လို့ ရမယ်ဆိုရင် လုပ်ငန်းက စလို့ရနေပြီ။ ကုမ္ပဏီက မလုပ်ရဲသေးဘူးဆိုတာက ခွင့်ပြုချက်မရပဲ ဆက်လုပ်ရင်လည်း သူမှာ ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်လေ” ဟု ပြောသည်။

ထို့ကြောင့် လာမည့် ယခုလ ၂၆ ရက်နေ့တွင် နိုင်ငံတော်ဒုသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ တွေ့ဆုံရာတွင် ထီးပရူနူဂူဒေသကို ခရီးစဉ်ဒေသသစ်အဖြစ် အမြန်ဆုံး ဖော်ဆောင်နိုင်ရန် အတွက် ကြန့်ကြာနေသော သစ်တောဦးစီးဌာန ခွင့်ပြုချက်နှင့် မြေအသုံးချမှု ခွင့်ပြုချက်တို့ကို ရရှိရန် တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စု အစိုးရအဆင့်ဖြစ်သော သစ်တော ဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီတို့မှ ခွင့်ပြုချက်ရရန် ကြန့်ကြာနေခြင်းဖြစ်သည်။

ဆွတ်ပိုက်ကုမ္ပဏီ အော်ပရေရှင်းဒါရိုက်တာ ဒေါ်နုနုအောင်ကျော်က “ကျမတို့ကတော့ ထီးပရူနူဂူရယ်၊ ထီးဆိုဒူး အမြဲစိမ်းသစ်တော (အပန်းဖြေစခန်းပေါ့)၊ ရှုမျှော်ခင်းကြည့်တဲ့ ဆင်ဖြူတောင်ဒေသပေါ့။ အဲဒီ ၃ ခုကို အစိုးရအဖွဲ့နဲ့ စာချုပ် ချုပ်ထားတာ အခုဆိုရင် ၅ လလောက်ရှိနေပြီ။ စာရွက်စာတမ်းအနေနဲ့ လုပ်နေရတာက သစ်တောနဲ့ မြေစာရင်းရဲ့ ခွင့်ပြုမှုတွေပေါ့။ အဲဒီအပိုင်းမှာ ကြန့်ကြာနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ထီးပရူနူဂူ/Supplied

ထီးပရူနူဂူ ခရီးစဉ်ဒေသသစ် ဖော်ဆောင်ခြင်းကို ဆတ်ပိုင်ကုမ္ပဏီအနေနှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီတခုနှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး စီမံကိန်း ၃ ခုစလုံးအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅ သန်းနှင့် စီမံကိန်း ကာလမှာ ၃ နှစ်ဖြစ်ကာ BOT စနစ်ဖြင့် လုပ်ဆောင်ရန် ပြည်နယ်အစိုးရနှင့် စာချုပ်ချုပ်ဆိုထားကြောင်း ၎င်းက ပြောသည်။

ထီးပရူနူဂူအပြင် ယခုနှစ်အတွင်း၌ ကယားပြည်နယ်၊ ဘောလခဲမြို့အနီးရှိ ရေနီပေါက်ဂူကိုလည်း ခရီးစဉ်ဒေသ အသစ်အဖြစ် အကောင်အထည်ဖော်ရန် ရှိနေပြီး ၂၀၁၈ ခုနှစ်တွင် ကယားပြည်နယ်သို့ ပြည်တွင်းခရီးသွားဦးရေ ၇ သောင်းကျော်နှင့် ပြည်ပခရီးသွားဦးရေ ၁ သောင်း ၂ ထောင်ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (လွိုင်ကော်ရုံးခွဲ) မှ သိရသည်။

ယခု ၂၀၁၉ ခုနှစ်တွင် ပြည်တွင်းခရီးသွားဦးရေ ၁ သိန်းကျော်နှင့် ပြည်ပခရီးသွားဦးရေ ၂ သောင်းကျော် ဝင်ရောက် နိုင်မည်ဟု ခန့်မှန်းထားကြောင်းနှင့် ကယားပြည်နယ်သို့ ပြည်ပခရီးသွားအနေနှင့် ပြင်သစ်၊ အီတလီနိုင်ငံသားများ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading