ချင်းပြည်နယ်မှာ ရှိတဲ့ ခေါ်နူးစုမ် (ခေါ်) နတ်မတောင်၊ ဝိတိုရိယတောင်ကို တက်ချင်နေခဲ့တာ ကြာပါ ပြီ။ ဒီနှစ်မှာတော့ ချင်းပြည်နယ် နတ်မတောင်ကို တက်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၁၀၂၀၀ အမြင့်ရှိတဲ့ ဒီတောင်က အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် ၂၀၁၂ ခုနှစ်မှာ သတ်မှတ်ခံထားရတယ်လို့ သိရပါတယ်။
လေ့လာမိသလောက် နတ်မတောင်ဟာ ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်၊ မင်းတပ်နဲ့ မတူပီ (၃) မြို့နယ် အတွင်းမှာ တည်ရှိပြီး ယခင်ကတော့ ၁၉၃၆ ခုနှစ်မှာ ဘောလီမိုး ကြိုးဝိုင်းအဖြစ် စတင် ဖွဲ့စည်းခဲ့တယ်လို့ သိရတယ်။ ၁၉၉၇ ခုနှစ်မှာတော့ အမျိုးသားဥယျာဉ်အဖြစ် အဆိုပြုခဲ့ပြီး ၂၀၁၀ ခုနှစ် မှာ အမျိုးသားဥယျာဉ်အဖြစ် အတည်ပြု ဖွဲ့စည်းကာ ၂၀၁၂ ခုနှစ်မှာ အာဆီယံ အမွေအနှစ် ဥယျာဉ် အဖြစ် တိုးမြှင့် သတ်မှတ်ခဲ့တယ်လို့ သိရတယ်။
လမ်းကြောင်း ဘယ်လိုသွားမလဲ
ခေါ်နူးစုမ် (ခေါ်) နတ်မတောင်ကို သွားမယ်ဆိုရင် ရန်ကုန်ကနေ လမ်းကြောင်းက ၂မျိုး ရှိပါတယ်။ တိုက်ရိုက်တော့ မရောက်ပါဘူး။ ရန်ကုန် – ပခုက္ကူ အရင်ဆုံး ကားစီးရပါတယ်။ ပခုက္ကူကနေမှ တဆင့် (ပခုက္ကူ – မင်းတပ် – အေးစခန်း – နတ်မတောင်) အဲဒီလမ်းကြောင်းအတိုင်း သွားလို့ရသလို ပခုက္ကူ ကနေပဲ (ပခုက္ကူ – ကန်ပက်လက် – နတ်မတောင်) အဲဒီလိုလည်း သွားလို့ ရပါတယ်။

ပထမ လမ်းကြောင်းကတော့ မင်းတပ်မြို့ကို ဖြတ်ရတဲ့အတွက် လမ်းကြောင်းက ပိုရှည်ပြီး တောင် တန်းတွေကို ပတ်သွားရတာကြောင့် တောင်ပတ်လမ်း ရှည်သလို ခရီးလည်း အနည်းငယ် ကြာပါတယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းက မင်းတပ် – အေးစခန်းတို့ကိုပါ သွားရတဲ့အတွက် ချင်းပြည်နယ်ရဲ့ အနှစ်သာရကို ပိုပြီး ခံစားရစေပါတယ်။
မင်းတပ်မြို့မှာ လည်စရာ
မင်းတပ်မြို့မှာတော့ လည်ပတ်စရာ ထွေထွေထူးထူး မရှိပါဘူး။ မင်းတပ်မြို့လယ်ခေါင်က မင်းတပ် “မြို့မဈေး” နဲ့ မင်းတပ်မြို့ထဲက “ချင်းရိုးရာ ပြတိုက်”၊ “View Point ဘုန်းကြီးကျောင်း” စတဲ့ နေရာ တွေပါ။ စာရေးသူတို့ မင်းတပ်ကို ရောက်သွားတဲ့အချိန်ဟာ နေ့လယ်ခင်း အချိန် ဖြစ်တာကြောင့် မင်းတပ်မြို့ထဲမှာပဲ နေ့လယ်စာ စားခဲ့ကြပါတယ်။
အဲဒီမှာ နေ့လယ်စာကတော့ ဟင်းအစုံနဲ့ ထမင်းအဝစား တဦး ၃ ထောင်ကျပ်နှုန်းနဲ့ စားနိုင်ပါတယ်။ ချင်းရိုးရာ နွား နောက်သားဟင်း၊ ဝက်သားပြာရည်ဟင်း၊ ကြက်သားဟင်း စတဲ့ ဟင်းလျာတွေ အစုံ အလင်နဲ့ အရသာရှိရှိ စားခဲ့ရ ပါတယ်။ အဲဒီကနေ မြို့မဈေး ဝင်ကာ အမှတ်တရ ပစ္စည်းများ ဝယ်ယူ ကြပါတယ်။ ဒီနေရာမှာ မင်းတပ်မြို့မ ဈေးက ကန်ပက်လက်ထက် ဝယ်စရာ ပိုစုံပြီး ဈေး ပိုသက်သာ တယ်လို့ သိရပါတယ်။

အဲဒီကနေ ချင်းရိုးရာ ပြတိုက်ကို သွားပါတယ်။ ချင်းရိုးရာ ပြတိုက်ကတော့ မြို့ကြီးတွေမှာ ရှိသလို ခမ်းခမ်းနားနားကြီး မဟုတ်ပါဘူး။ တထပ်တိုက် ခပ်သေးသေးမှာပဲ ချင်းရိုးရာတွေကို တစုတစည်း တည်း စုစည်းထားတဲ့ နေရာ ဖြစ်ပါတယ်။
ချင်းရိုးရာဓလေ့ တော်တော်များများကို အဲဒီနေရာမှာ လေ့လာနိုင်ပါတယ်။ ရှင်းပြတဲ့ ချင်းလူမျိုး အမျိုးသားကြီးက သူတို့ ရိုးရာ ဓလေ့၊ အသုံးအဆောင် ပစ္စည်းတွေအကြောင်း၊ သူတို့ရဲ့ ချင်းရိုးရာ နေထိုင်မှု စရိုက်တွေအကြောင်းကို မျက်လုံးထဲ မြင်လာအောင် သေချာ ရှင်းပြပါတယ်။

ဒေသခံ ချင်းအမျိုးသားကြီး ရှင်းပြတဲ့ ပစ္စည်းတွေကတော့ ချင်းလူမျိုးတွေ အမဲလိုက်ရာမှာ အဓိက အသုံးပြုတဲ့ လက် နက်တွေပါ။ ကျွဲ၊ ဆတ် စတဲ့ သတ္တဝါတွေကို ယခင်က ရိုးရာပွဲတွေမှာ နတ်ပူဇော်ဖို့ အမဲလိုက် သတ်ဖြတ်ကြတဲ့အခါ အသုံးပြုတဲ့ အဆိပ်ရည်လူး မြှားအကြောင်းနဲ့ သတ်ဖြတ်ပြီးတဲ့အခါ အဲဒီသတ္တဝါရဲ့ ဦးခေါင်းခွံတွေကို အိမ်ဦးခန်းတွေမှာ အလှဆင်ချိတ်ထားလေ့ရှိတဲ့ အကြောင်းကို သူက ရှင်းပြပါတယ်။

ဒါ့အပြင် အဲဒီခေတ်က ချင်းအမျိုးသမီးတွေဟာ သူတို့အမျိုးသားတွေ အမဲလိုက်ပြီး ရလာတဲ့ ဆတ် တွေရဲ့ အစွယ်သွား ကို လည်ဆွဲကြိုးအဖြစ် ဂုဏ်ယူပြီး ဝတ်တဲ့ အကြောင်း၊ ဆတ်တကောင်ကို သတ်ပြီးတိုင်း အစွယ်တချောင်း ယူကာ အကောင် ၁၀၀ ပြည့်ရင် ဆွဲကြိုး တကုံးစာရပြီး အဲဒီ ဆွဲကြိုးကို ဇနီးဖြစ်သူ အမျိုးသမီးက သူ့ အမျိုးသားရဲ့ အမဲလိုက် စွမ်းရည်ကို ဂုဏ်ယူတဲ့အနေနဲ့ ဝတ်တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ပြတိုက်မှာ ရှိတဲ့ ချင်းရိုးရာ ဓလေ့ ဝတ်စားပုံတွေကို ဆက်လေ့လာရပြီး ယခင် ပုဂံခေတ်နဲ့ အပြိုင်ခေတ်က တည်းက တည်ရှိခဲ့တဲ့ ချင်းရိုးရာ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဆက်လေ့လာ ခွင့် ရသလို ၊ယခုအချိန်ထိလည်း ဓလေ့ ထုံးတမ်းကို မပယ်ဘဲ့ ဓလေ့အတိုင်း နေထိုင်စားသောက် ဝတ်ဆင်သူ အဘိုးအဘွားတွေ ရှိသေးကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် ချင်းရိုးရာ နှာခေါင်းနဲ့ ပုလွေမှုတ်တဲ့ ထူးထူးဆန်းဆန်း ဓလေ့အကြောင်းကို ရှင်းပြပြီး အဲဒီအဖွားက ကန်ပက် လက်မှာ နေထိုင်ကြောင်း သွားလေ့လာနိုင်ကြောင်း ချင်းဒေသခံ အမျိုးသား ကြီးက ပြောပါတယ်။

ချင်းအမျိုးသမီးတွေဟာ အရွယ်ရောက် လာရင် ပြုလုပ်လေ့ရှိတဲ့ ပါးရဲထိုးတဲ့ ဓလေ့ကိုပါ သိခွင့်ရခဲ့ ပါတယ်။ အဲဒီ ပါးရဲ ထိုးတဲ့ ဓလေ့ကတော့ အိမ်ထောင်ပြုလိုတဲ့ အမျိုးသမီးတွေက ပြုလုပ်ရတာဖြစ်ပြီး ပါးရဲထိုးတဲ့ အမျိုးသမီးတွေကို ချင်းအမျိုးသားတွေက ပိုသဘောကျတယ်လို့ သူက ဆိုပါတယ်။
အဲဒီမှာ အချိန် ၄၅ မိနစ်ခန့် လေ့လာပြီး မင်းတပ် View Point ဘုန်းကြီးကျောင်းကို သွားပါတယ်။ နာရီဝက်ခန့် မင်းတပ်မြို့ထဲ ဖြတ်သန်းမောင်နှင်းပြီးမှ ဘုန်းကြီးကျောင်းကို ရောက်ပါတယ်။ မင်းတပ် မြို့မှာ တွေ့ခဲ့ရတာတော့ တောင်ကမ်းပါးပေါ် မေးတင် ဆောက်ထားတဲ့ လူနေအိမ်များနဲ့ ခရစ်ယာန် ဘုရားကျောင်း အများစုပါ။ ဒီဘုန်းကြီးကျောင်းကတော့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပါ။

ဒီကျောင်းက အေးချမ်းတိတ်ဆိတ်ပြီး အပြင်အဆင်ကတော့ မြန်မာမဆန်ဘဲ တရုတ် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တွေနဲ့ အနည်းငယ် ဆင်ပါတယ်။ View Point ဆိုတဲ့အတိုင်း မင်းတပ်မြို့ တမြို့လုံး အပေါ်စီးကနေ စီးပြီး မြင်နေရသလို မကြာခင် ကျနော်တို့ စခန်းချမယ့် အေးစခန်း၊ အေးရွာဘက် အခြမ်းကိုလည်း လှမ်းမြင်နေရပါတယ်။ ဒီလိုနဲ့ View Point မှာ နေဝင်ချိန်ကြည့်ပြီး ကျနော်တို့ အဖွဲ့ မင်းတပ်မှ ၁၅ မိုင်ခန့် သွားရတဲ့ အေးစခန်းကို စတင်ထွက်ခွာခဲ့ပါတယ်။
အေးစခန်းမှာ တညတာ
အေးစခန်းဆိုတာကတော့ မင်းတပ်ကနေ နတ်မတောင်ကို သွားမယ်ဆိုရင် စခန်းတထောက် နားရာ နာမည်ကြီး အစဉ်အလာရှိတဲ့ စခန်းလို့လည်း ဆိုနိုင်ပါတယ်။ အေးရွာမှာ တည်ရှိပြီး ကိုလိုနီခေတ်က အင်္ဂလိပ်လူမျိုးတွေ ခြေလျင် တောင်တက်ခရီး လာတဲ့အခါ စခန်းချရာနေရာ၊ စခန်းချ တည်းခိုတဲ့ ဘိုတဲနီနီကြီး တလုံး ရှိပါတယ်။ တချို့ ခရီးသည်တွေကတော့ အဲဒီလာတဲ့အခါ ရွာထဲက နေအိမ် တချို့မှာ Home Stay နေကြတယ်လို့ သိရပါတယ်။
စာရေးသူတို့ အဖွဲ့ကတော့ ဒေသန္တရဗဟုသုတ ရအောင်နဲ့ ချင်းပြည်ရဲ့ အငွေ့အသက် အရသာကို အပြည့်အဝ ခံစားလိုတာကြောင့် အေးစခန်း ဘိုတဲနီနီကြီးမှာပဲ တညတာ တည်းခိုခဲ့ကြပါတယ်။

မင်းတပ်ကနေ အေးစခန်းကို အသွားလမ်းကတော့ တကယ့်ကို ကြမ်းကြမ်းတမ်းတမ်းပါ။ မြွေလိမ် မြွေကောက် တောင် တက်တောင်ဆင်း တောကြမ်းခရီးလမ်းကနေ ဖုံတထောင်းထောင်းနဲ့ ဖြတ်သန်း မောင်းနှင်ခဲ့ရပြီး လမ်းတလျှောက် မှာလည်း တောင်စောင်းတွေမှာ မေးတင် ဆောက်ထားတဲ့ ချင်းရွာအိမ်တွေကို မြင်တွေ့ခဲ့ရပါတယ်။
အဲဒီဒေသက မဖွံ့ဖြိုးသေးတဲ့ ဒေသဖြစ်တာနဲ့ အညီ ဧည့်သည် လာရင်လည်း ထူးဆန်းပြီး ပျော်ရွှင်တဲ့ အကြည့်တွေနဲ့ အိမ်တွေကနေ ထွက်ကြည့် နှုတ်ဆက်တာကို ကြုံရပါတယ်။ ကျနော်တို့ အဖွဲ့ကတော့ ရန်ကုန်ကနေ သယ်လာတဲ့ မုန့်နဲ့ စားစရာအချို့ကို အဲဒီဒေသက ဒေသခံလူတွေနဲ့ ကလေးငယ်တွေကို ဝေမျှပေးပြီး စိတ်ထဲမှာ ပီတိဖြစ်ရပါတယ်။
ပခုက္ကူကနေ မနက်အစောပိုင်းက မောင်းလာတဲ့ ကားက အေးစခန်းကို ညနေ မှောင်ရီပျိုးပြ အချိန် ရောက်ပါတယ်။ အေးစခန်း ရောက်တယ်ဆိုရင်ပဲ ရာသီဥတုက သိသိသာသာကို ချမ်းခိုက်ခိုက် တုန် အောင် အေးပါတယ်။ အေးစခန်းေ ရာက်တော့ အထုတ်အပိုးတွေ ပြင်ဆင်နေရာချပြီး တနေကုန် ပင်ပန်းလာတဲ့အတွက် ချင်းပြည်မှာ ရေချိုးသန့်စင်ဖို့ ပြင်ဆင်ရပါတယ်။
ညဘက်ကြီး ချင်းပြည်ရဲ့ ခိုက်ခိုက်တုန်တဲ့ အအေးချိန်မှာ ရေချိုးရတဲ့ အရသာက ရန်ကုန်မှာလည်း မရဖူးသလို တခြားဘယ်နေရာမှာမှလည်း မရခဲ့ဖူးပါဘူး။ ရေကို ဒီအတိုင်း မချိုးနိုင်တာကြောင့် မီးဖိုနဲ့ အပူပေးပြီးမှ ရေနွေး၊ ရေအေး စပ်ပြီး ခပ်သွက်သွက် ချိုးလိုက်ပါတယ်။

ညဘက်မှာတော့ ညစာစားအပြီး ဘိုတဲရှေ့မှာ မီးဖိုဖိုကာ မီးပုံပွဲပြုလုပ်၊ ချင်းရိုးရာ အကအလှတွေကို ခံစားရင်း ချင်း ခေါင်ရည် သောက်ကာ နွားနောက်သားထောင်းလေးနဲ့ အဲ့တညတာကို ဖြတ်သန်း ပါတယ်။ ဓာတ်ပုံ ရိုက်ဝါသနာ ပါသူတွေ ကြယ်ကြည့်ရတဲ့ ဝါသနာပါတဲ့ သူတွေကတော့ ညမှာ ကောင်းကင်က ကြယ်တွေကို ကြည့်ရှုဓာတ်ပုံ ရိုက်နိုင်ပါတယ်။ စာရေးသူတို့ အဖွဲ့ကတော့ မနက်ပိုင်း တောင်တက်ရမှာမလို့ အဲဒီညကို ခပ်စောစောပဲ အိပ်ရာ ဝင်ခဲ့ပါတယ်။
ဒီလိုနဲ့ တညတာအိပ်စက်ပြီး မနက်စောစော ၅ နာရီခန့်မှာ ပြန်လည် အိပ်ရာ ထပါတယ်။ မနက် အစော အေးစခန်း ကနေ နတ်မတောင်ကို သွားနိုင်မှ တောင်ခြေစခန်းကို ခပ်စောစော ရောက်မှာ မလို့ပါ။ မနက်ပိုင်း အေးစခန်းကနေ Sun Rise နေထွက်ချိန်ကို ကြည့်ရတဲ့ အရသာကလည်း ဘာနဲ့မှ မတူပါ ဘူး။ အချိန် အခိုက်အတန့် ခဏလေးမှာ နေထွက်ချိန်ကြည့်ပြီး နတ်မတောင်ကို ကျနော်တို့ စထွက်လာ ပါပြီ။
အေးစခန်းမှသည် ခေါ်နူးစုမ်သို့
အေးစခန်းကနေ ခေါ်နူးစုမ် (ခ) နတ်မတောင်သွားတဲ့ လမ်းတလျှောက်ကတော့ တကယ့် မြိုင်တော အုပ်ထဲကနေ တောင်ခြေရင်းကို ဖြတ်သန်း မောင်နှင်သွားရသလိုပဲ စိမ့်အေးနေပြီး အပင်တွေလည်း အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ပြင်ပလေက လည်း မျက်နှာကို တချက်ချက်လာထိတိုင်း အေးစိမ့်နေပါတယ်။ လမ်းတလျှောက် ဖြတ်သန်းသွားရင်း နေတဖြည်း ဖြည်း ထွက်လာတော့ ဘေးဘီဝဲယာမှာ တောင်တန်း တွေချည်းပဲ ဆိုတော့ ကျနော်တို့ မြင်ချင်တဲ့ သဘာဝ တိမ် ပင်လယ်ဆိုတာကို စမြင်ရပါတယ်။

တိမ်ပင်လယ်ဆိုတာကတော့ တင်စားခေါ်ဝေါ်တာပါ။ အမှန်ကတော့ ရာသီဥတု အေးတာကြောင့်ရော တောင်တန်း တွေ ရှိတာရောကြောင့် ရေငွေ့တွေ အစုအဝေးလိုက် ဖြစ်ပေါ်လာတာကို တိမ်ပြင်လိုက်ကြီး လို ဖြစ်နေလို့ တိမ်ပင်လယ်လို့ ခေါ်တာပါ။
တိမ်ပင်လယ်ကို တွေ့ရပြီးနောက် လမ်းတလျှောက် တောင်ဇလပ်တွေ ဟိုတစ ဒီတစ စမြင်နေရပါပြီ။ ဒီလိုနဲ့ တောင်ဇလပ်တို့ရှိရာမြေ ခေါ်နူစုမ် (ခ) နတ်မတောင် (ခေါ်) ဝိတိုရိယ တောင်ခြေရင်းကို ကျနော်တို့ ရောက်ခဲ့ပါတယ်။
ခေါ်နူစုမ်ကို ခြေလျင် တက်မယ်
ဒီနေရာမှာ တခုပြောလိုတာက ခေါ်နူစုမ် (ခေါ်) နတ်မတောင်ကို လာကြတာ လူအမျိုးမျိုး ရှိပါတယ်။ တချို့ကလည်း တောင်တက်ချင်တယ်။ တချိုကလည်း တောင်မတက်နိုင်ဘူး၊အမြင့်ကြောက်တယ်၊ ခြေလျင် အဝေးကြီး မလျှောက်နိုင် ဘူး စသဖြင့်ပေါ့။ တောင်ခြေစခန်းထိက ပေ ၈၀၀၀ အမြင့်ရှိတယ် ဆိုတော့ တောင်ပေါ်စခန်းထိက ပေ ၂၀၀၀၀ နီးပါး ထပ်တက်ရမယ်ပေါ့။ ပုံမှန် ခြေလျင် တောင်တက် မယ်ဆို အချိန် ၃ နာရီကနေ ၄ နာရီခန့်အထိ ကြာမြင့်ပါတယ်။
ဆိုင်ကယ် ကယ်ရီနဲ့ တက်မယ်ဆိုရင်တော့ နာရီဝက်ခန့်သာ မောင်းနှင်ရပြီး အသွား ၅၀၀၀ ကျပ်၊ အပြန် ၅၀၀၀ ကျပ်စီပေးရပါတယ်။ အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် အသိအမှတ် ပြုခံထားရတဲ့ နတ်မတောင်က ပြည်တွင်း ခရီးသွားတွေအတွက် အခမဲ့ဝင်ရောက်လေ့လာ လည်ပတ်နိုင်ပါတယ်။ နိုင်ငံခြားသား ဧည့်သည် အနေနဲ့ကတော့ ဝင်ကြေး ၁ သောင်း ပေးဝင်ရပါတယ်။

နတ်မတောင်ခရီး စပြီဆိုတော့ ကျနော်တို့အဖွဲ့ကတော့ လူညီစွာပဲ ခြေလျင်ခရီး လမ်းကြောင်းကိုပဲ ရွေးချယ်လိုက် ကြပါတယ်။ ပထမ စတက်တက်ခြင်းမှာ နည်းနည်းလေးတော့ ဟိုက်ပါတယ်။ ဒီလိုနဲ့ မိနစ် ၂၀၊ နာရီဝက်ခန့် တက်အပြီး မှာ မြင်ရတဲ့ မြင်ကွင်းတွေ တောင်ဇလပ်ပန်း နီနီတွေကြောင့် အမောက တဖြည်းဖြည်း ပြေလာပါတယ်။ ရှုခင်းလှတဲ့ နေရာတွေမှာ ခဏ အနားယူလိုက် ဓာတ်ပုံ ရိုက်လိုက်နဲ့ ဖြေးဖြေးချင်း တက်လာတာ မောမှန်း မသိအောင်ပါပဲ။
ဆိုင်ကယ်တက်လမ်းအတိုင်း ခြေလျင်လျှောက်ရသလို တောင်တက် တောလမ်းကနေလည်း Trekking အရသာကို အပြည့်အဝ ခံစားရင်း တောင်တက်ကြပါတယ်။ ဒီနေရာမှာ တောင်တက်တာ မောသလား မေးရင် မောတယ် ဖြေရမှာ ပါ။ စာရေးသူတို့အဖွဲ့က သေချာ Training ဆင်း၊ လေ့ကျင့်ထားသူများ မဟုတ်သလို တောင်တက်ခြင်းနဲ့ အရမ်း မရင်းနှီးကြသူများပါ။ မောတယ်ဆိုပေမယ့် ချွေးပြိုက်ပြိုက် မထွက်တာလည်း အံ့သြစရာပါ။

တတောင်ဝင် တတောင်ထွက် တတောဝင် တတောဆင်းနဲ့ တဖြည်းဖြည်းချင်း လမ်းလျှောက် တက်လာတာ မနက် ၉ နာရီကျော်က တက်ခဲ့တဲ့ ကျနော်တို့အဖွဲ့ဟာ တောင်ထိပ် မနက် ၁၁ နာရီ ဝန်းကျင်မှာ ရောက်ခဲ့ကြပါတယ်။ တောင်ထိပ်မှာတော့ စေတီတဆူ တည်ရှိပြီး ထင်းရှုးပင်များ၊ တောင်ဇလပ်ပင်များနဲ့ တောင်းတန်း ရှုမျှော်ခင်းတွေကို အပြည့်အဝခံစားနိုင်ပါတယ်။ တောင်ထိပ် မှာတော့ လေတွေ တဝေါဝေါတိုက်ပြီး တိုက်တဲ့လေတွေကလည်း အရိုးထဲထိစိမ့်အောင် ချမ်းပါတယ်။
ဒီလိုနဲ့ တောင်ထိပ်မှာ ခဏ စခန်းချ အနားယူ နေ့လယ်စာစားပြီး တောင်ခြေကို ဆင်းတဲ့အခါ အပြန် နောက်မကျ အောင်ရယ်၊ အားလုံးကလည်း ခြေထောက်ညောင်းနေကျတာရယ်ကြောင့် ဆိုင်ကယ်နဲ့ပဲ ဆင်းခဲ့ကြပါတယ်။ ဒီတော့ မတူညီတဲ့ အရသာနှစ်မျိုး အတက်ရော အဆင်းမှာပါ ခံစားခဲ့ကြရပါတယ်။ တောင်အဆင်းကတော့ တကယ့်ကို ရင် တလှပ်လှပ်ပါပဲ။ ချောက်ကမ်းပါးမှာ ရိုလာကိုစတာ စီးနေရသလို အသဲတအေးအေးနဲ့ သူတို့ရဲ့ ဒေသခံတွေ မောင်းနှင်တဲ့ ဆိုင်ကယ်နောက်ကို လိုက်စီးရတာပါ။

တောင်ခြေမှသည် တောင်ပေါ်အထိ နတ်မတောင် တဝိုက်မှာ ဖုန်းလိုင်း လုံးဝ မမိပါဘူး။ တဦးနဲ့ တဦး ဆက်သွယ်ဖို့ရာ ဖုန်းလိုင်း မမိတဲ့အတွက် အဲ့တခုတော့ သတိထားစေလိုပါတယ်။ ဒါကြောင့် လူပျောက် မှာ လူကွဲမှာတော့ မပူရပါဘူး။ အားလုံးက ဒီလမ်းကြောအတိုင်းသွားရင် လမ်းတနေရာ သို့မဟုတ် တောင်ထိပ်မှာတော့ အဖွဲ့လိုက် ပြန်ဆုံတတ်ပါ တယ်။
ခေါ်နူးစုမ်မှသည် ကန်ပက်လက်
ဒီလိုနဲ့ နတ်မတောင်ကို ခြေလျင်တဖုံ၊ ဆိုင်ကယ်တလှည့် အတက်အဆင်း ပြုလုပ်ပြီး သကာလ ကန်ပက်လက်ကို ပြန်ဆင်းပါတယ်။ တောင်ခြေမှသည် ကျနော်တို့ တည်းခိုရာ ကန်ပက်လက်ရှိ Mountain Oasis Resort ကို ၁၀ မိုင် ခန့် မောင်းနှင်ရပါတယ်။ တည်းခိုရာ နေရာရောက်တော့ ခေတ္တ အနားယူပြီး ကန်ပက်လက်ရှိ နှာခေါင်းပုလွေမှုတ် အဖွားရှိရာ ရွာထဲကို သွားပါတယ်။

အဲဒီအဖွားက အသက် ၇၂ နှစ်အရွယ်ရှိပြီလို့ သိရပြီး မျက်နှာမှာ ပါးရဲတွေလည်း ထိုးထားတဲ့ အဖွားက နှာခေါင်း ပုလွေမှုတ် ဂီတနဲ့အတူ ပုလွေမှုတ်ပြီး၊ သီချင်းနဲ့အတူ ကပြ၊ ဘူသီးနဲ့ ထွင်းထားတဲ့ ချင်း ရိုးရာ ဆေးတံကို သောက်ပြပါ တယ်။ အဲဒီနေရာမှာပဲ ချင်းရိုးရာ ချည်ထည်များ၊ ရိုးရာပစ္စည်းများ အမှတ်တရ ဝယ်ယူနိုင်ပြီး ချင်းရိုးရာ ဓလေ့ကို လေ့လာနိုင်ပါတယ်။
ပြောပြချက်အရတော့ အဖွားတို့ခေတ်က အပျို၊ လူပျို အချင်းချင်း ရည်းစားစကား ချစ်ကြောင်း ကြိုက် ကြောင်း ပြောမယ်ဆို နှာခေါင်း ပုလွေမှုတ်သံနဲ့ပဲ အချင်းချင်း ဆက်သွယ်ကြတယ်လို့ ပြောပါ တယ်။ အမျိုးသားက အမျိုးသမီးကို ချစ်ခွင့်ပန်တဲ့အခါ အမျိုးသမီးက လက်ခံတယ်ပဲ ဖြစ်ဖြစ်၊ လက်မခံဘူးပဲ ဖြစ်ဖြစ် ပုလွေသံနဲ့ ပြန်အဖြေပေးလေ့ရှိပြီး အချင်းချင်း ဆက်သွယ် နားလည်ကြတယ်လို့ ဆိုပါတယ်။
ကန်ပက်လက်မှ အိမ်ပြန်ခရီး
Mountain Oasis မှာ တညတာ တည်းခိုပြီးတဲ့အခါမှာတော့ ကျနော်တို့ရဲ့ ချင်းပြည်နယ် ခရီးစဉ် (မင်းတပ် – အေးစခန်း – နတ်မတောင် – ကန်ပက်လက်) ခရီးက ပြီးဆုံးသွားပါတယ်။ နောက်နေ့ မနက် အိမ်ပြန် ခရီးမှာတော့ ချင်းပြည်နယ်က မထွက်ခွာခင် ကန်ပက်လက်ဈေးကို ဝင်ခဲ့ပြီး ချင်းပြည် အမှတ်တရ ရိုးရာ ချည်ထည်များ၊ တောင်ဇလပ်ဝိုင်များ၊ ချင်းပြည် ဒေသထွက် အသီးအနှံများ စတာ တွေကို ဝယ်ယူပြီး အိမ်ပြန် ခရီး နှုတ်ဆက်ခဲ့ပါ တယ်။
အပြန်လမ်းကြောင်းကတော့ ကန်ပက်လက်မှသည် ကျောက်ထု – ပခုက္ကူလမ်းကြောင်းအတိုင်း မောင်း နှင်ပြီး ဒီလမ်း ကတော့ မင်းတပ်လမ်းကြောင်းထက် ပိုပြီး ချောချောမွေ့မွေ့ဖြစ်တယ်လို့ ဆိုရမှာပါ။ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ ဟာ ၃၇ မိုင် ကွာဝေးပါတယ်။ ပခုက္ကူမှ တဆင့် အပြန်လမ်းမှာ မြန်မာ တို့ရဲ့ ယဉ်ကျေးမှုများ စုတည်ရာ ပုဂံမြေကို အလည်ဝင်ခဲ့ပါတယ်။
ပုဂံက အပြန် စာရေးသူတို့ ခရီးသွားတွေရဲ့ စိတ်ထဲမှာ ချင်းပြည်ဟာ မဖွံ့ဖြိုးသေးတဲ့ ဒေသပေမယ့် ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ရိုးရာဓလေ့တွေ ပြည့်နှက်နေသလို အေးချမ်းတဲ့ ရာသီဥတုနဲ့ တောင်ဇလပ် နီနီရဲရဲတွေကို လွမ်းဆွတ်ရင်း အပြန်ခရီး ရန်ကုန်ကို ထွက်ခွာလာပါတော့တယ်။