Travel

အခမဲ့ ကားကြုံလိုက်စီးရင်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံ သွားရောက်ခဲ့သူ

စင်ကာပူနိုင်ငံသားဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်နာ Mohammad Sufian ဆိုသူဟာ တပတ်ကို စင်ကာပူ ဒေါ်လာ ၁၀၀ သုံးပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံကို ခရီးထွက်ခဲ့သူတယောက်ပါ။ သူ့ အသက်ကလည်း ၃၄ နှစ်သာ ရှိပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလထဲမှာ သူ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။

သူ စသွားခဲ့တဲ့ နိုင်ငံကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ပါ။ အဲဒီအချိန်ကနေစပြီး ဥရောပနဲ့ အာရှတခွင်ကို ခရီးသွားခဲ့ပါတယ်။ သူသွားရောက်ခဲ့တဲ့နိုင်ငံတွေကတော့ အင်္ဂလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ သြစတြီးယား၊ ချက်သမ္မတနိုင်ငံ၊ ပိုလန်၊ လစ်သူယေးနီးယား၊ ရုရှား၊ Latvia၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေပါ။

သူဟာ ဒီခရီးတွေအားလုံးကို အခမဲ့ ကားကြုံလိုက်စီးရင်း သွားရောက်ခဲ့တာပါ။ တကယ်တော့ အခုလို ကားကြုံ လိုက်စီးရင်း ခရီးထွက်ခဲ့တာ ၂၀၁၇ ခုနှစ်မှာမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက သူခရီးစဉ်ကို စခဲ့ပြီးသားပါ။ သူပထမဆုံး သွားရောက်ခဲ့တဲ့ နိုင်ငံကတော့ မြန်မာနိုင်ငံပါ။ ခရီးသွားရတာကို သဘောတွေ့တဲ့အတွက် ၂၀၁၇ ဒီဇင်ဘာလမှာတော့ လန်ဒန်ကို သွားရောက်ခဲ့ပါတယ်။

ဒီလိုခရီးတွေ သွားရောက်နိုင်ဖို့အတွက်လည်း လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက အလုပ် ထွက်ခဲ့ပါတယ်။ ဥရောပမှာဆိုရင် တနေရာကနေ တနေရာကို ပျမ်းမျှ မိနစ် ၂၀ လောက် ကားကြုံစီးပြီး ခရီးသွားခဲ့ရပါတယ်။ သူကြုံခဲ့ရသမျှ ဒေသခံတွေကလည်း သူ့ကို ကူညီခဲ့ကြပါတယ်။ သူ့ အသားအရောင်ကြောင့်လည်း လူတွေက သူ့ကို တိဘက်နိုင်ငံသား တယောက်လို့ ယူဆခဲ့ကြပါတယ်။

“ပထမတော့ ကျနော် စင်ကာပူကနေ လန်ဒန်ကို လေယာဉ်စီးပြီး သွားခဲ့တာပါ။ လန်ဒန်မှာ တပတ် နေထိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လန်ဒန်ကနေ စင်ကာပူကို ကားကြုံလိုက်စီးရင်း ပြန်ဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ Sufian က ပြောပါတယ်။

သူ့ရဲ့ ပထမဆုံး ခရီးကတော့ မြန်မာနိုင်ငံဖြစ်ပြီး ၂၀၁၆ ခုနှစ်ကလည်း မြန်မာနိုင်ငံမှာ ကားကြုံလိုက်စီးရင်း ခရီးထွက်ခဲ့ဖူးပါသေးတယ်။ ထိုင်းနိုင်ငံရောက်တုန်းမှာလည်း သူဟာ ကလေးတွေကို အခြေခံ အင်္ဂလိပ်စာသင်ကြားပေးတဲ့ စေတနာ့ဝန်ထမ်း ဝင်လုပ်ခဲ့ပါသေးတယ်။

Ref : tripzilla & tnp.sg

Loading