Travel

နောင်ချို ဘန့်ဘွေးကျင်း ရေတံခွန်အား ခရီးစဉ်အသစ် အဖြစ် ဖော်ဆောင်မည်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို မြို့ရှိ ဘန့်ဘွေးကျင်း ရေတံခွန်ကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက် အပန်း ဖြေနိုင်မည့် ခရီးစဉ်သစ် အဖြစ် ဖော်ဆောင်သွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီး ဌာနက သိရသည်။

မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီး ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယု က “လက်ရှိမှာ ခရီး သွား ဝင်ရောက်မှု တိုးတက် များပြားလာတော့ ရှိပြီးသား ခရီးစဉ်တွေမှာ ဧည့်သည်တွေ ပြည့်နေတယ်။ ကျနော်တို့ အနေနဲ့ ခရီးသွား လုပ်ငန်းမှာ ပါဝင် ပတ်သက်နေသူတွေ အားလုံးနဲ့ ညှိနှိုင်း ဆုံးဖြတ်ပြီး ခရီးစဉ် ဒေသသစ်တွေ ဖော်ထုတ်ရင်းနဲ့ ခရီးသွားအမျိုးအစား စုံလင် အောင် ဆောင်ရွက်တဲ့ အစိတ်အပိုင်း တခု ဖြစ်တယ်” ဟု ပြောသည်။

ဘန့်ဘွေးကျင်း ရေတံခွန်အား ခရီးစဉ်သစ် အဖြစ် ဖော်ဆောင်နိုင်ရေး အတွက် လိုအပ်သည့် လုပ်ငန်း များ ဆောင်ရွက်နိုင် ရန် ဖေဖော်ဝါရီလ၂၅ ရက်က မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဟိုတယ် လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ လေ့လာရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဘန်ဘွေးကျင်း ရေတံခွန်(ဇော်ဇော်/ဧရာဝတီ)

ဦးစန်းယုက “အခု နောက်ပိုင်းမှာ ခရီးသွားတွေရဲ့အရွေ့က ပြောင်းလဲလာတယ်။ ကျနော်တို့ဘက် က လည်း Tourism Trend အမြဲတမ်း ပြောင်းလဲ နေရတယ်။ အရင်ကဆိုရင် ခရီးသွားတွေက သက်ကြီး တွေက ပိုများတယ်။ အခု နောက်ပိုင်း မှာ အသက်ငယ်ရွယ်တဲ့ လူငယ်တွေပါလာတော့ ခရီးသွား အမျိုး အစားတွေလည်း ပြောင်းလာတယ်။ သူတို့ရဲ့ လိုအပ်ချက် က ခရီးစဉ်သစ် လိုက်ရှာတာမျိုး စွန့်စား သွားလာကြတယ်။ သဘာဝအတိုင်း တည်ရှိနေတဲ့ ခရီးစဉ်တွေကိုလည်း နှစ်ခြိုက် လာကြတယ်” ဟု ရှင်းပြသည်။

ထို့အပြင် ယခုအခါ နိုင်ငံ အတွင်းသို့ ပြည်ပ ခရီးသွားများ ဝင်ရောက်မှုတွင် ပြောင်းလဲမှုများလည်း ရှိနေရာ ပြောင်းလဲမှုနှင့် အညီ ခရီးစဉ်သစ်များကိုလည်း ဖော်ဆောင်ပေးရန် လိုအပ်လာသည်ဟု သိရသည်။

“ဘန့်ဘွေးကျင်းကို နိုင်ငံခြားသား ဝင်ရောက်မှု တားမြစ် နယ်မြေ အဖြစ်ကနေ ဖြေလျှော့ပေးနိုင်အောင် အတွက် ဆက်စပ် ဝန်ကြီးဌာန အားလုံးနဲ့ လုပ်ထုံးလုပ်နည်း အညီ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲ အနေနဲ့ ရှိနေပါသေးတယ်”ဟု ဦးစန်းယုက ပြောသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ဟိုတယ် လုပ်ငန်းရှင်များ အသင်း အနေနှင့်လည်း ဘန့်ဘွေးကျင်း ရေတံခွန်အား ခရီးစဉ်တခု အဖြစ် ဖြစ်ပေါ်လာစေရန် အတွက် ပူးပေါင်း ကူညီမှုများကို လုပ်ဆောင်ပေးသွားမည် ဟု သိရသည်။

ဘန်ဘွေးကျင်း ရေတံခွန်(ဇော်ဇော်/ဧရာဝတီ)

မြန်မာနိုင်ငံ ဆိုင်ရာ ဟိုတယ် လုပ်ငန်းရှင်များ အသင်း(မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမင်းနိုင်က “မန္တလေးဇုန် အနေနဲ့ ပြင်ဦးလွင် ဇုန်နဲ့ ပေါင်းပြီး ဒီခရီးစဉ်ကို လာရောက် လေ့လာခြင်း ဖြစ်ပါတယ်။ ဒီရေတံခွန်နဲ့ ပတ်သက်ပြီးတော့ သတင်း အချက် အ လက်တွေကို ယူပြီးသွားရင် ဟိုတယ်/ခရီးရဲ့ ဦးဆောင်မှုနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ဖြန့်ဝေပေးသွား မှာပါ” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “ဘန့်ဘွေးကျင်းက လက်ရှိ အခြေအနေ အရ လူငယ်တွေ ပိုပြီးဝင်ရောက်မှု ရှိနေ ပါတယ်။ ဒီတော့ ခရီးသွား အများစု ဝင်ရောက် လည်ပတ်လို့ ရနိုင်အောင် အထိ ပူးပေါင်း လုပ်ဆောင် မှုတွေ လုပ်သွားဖို့ ရှိပါတယ်။ ဘန့်ဘွေး ကျင်းမှာ Guest House တွေနဲ့ အခြား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့/မလုပ်ဖို့ ဆိုတာက အစိုးရရဲ့ ပေါ်လစီတခုကို ခရီးသွား အဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့မှ သဘာဝ ပတ်ဝန်းကျင် ထိန်သိမ်းမှု အရ လုပ်လို့ ရတယ် မရဘူးဆိုတာကို သိရမှာ ဖြစ်တယ်” ဟု ပြောဆိုသည်။

အဆိုပါ ရေတံခွန်သည် ပြင်ဦးလွင်မြို့မှ မိုင် ၃၀ ခန့် ကွာဝေးပြီး ဆည်တော်ကြီး အရှေ့ဘက်၊ ဘန့်ဘွေး ကျင်း ကျေးရွာ အုပ် စု အနောက်ဘက်၊ ကိုင်းကြီး သစ်တောကြိုးဝိုင်း အတွင်း၌ တည်ရှိပြီး လာရောက် လည်ပတ်သူ တချို့မှ လူမှုကွန်ရက် တင်ကြရာမှ လူသိများလာခဲ့ သဖြင့် ခရီးစဉ် ဒေသသစ် တခု အဖြစ် စနစ်တကျ ပေါ်ပေါက်လာစေရန် လုပ်ထုံး လုပ်နည်း များနှင့် လုပ်ဆောင်ပေးသွား မည်ဟု သိရသည်။

ဘန့်ဘွေး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်က “ကျနော်တို့ ရေတံခွန်ကို နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့် မရှိ ဘူးလို့ ကန့်သတ်ထားပါတယ်။ ဒါကြောင့် ရောက်လာတဲ့သူ တွေကို ချက်ချင်း ပြန် လွှတ်နေရပါတယ်။ အများစုက ဧည့် လမ်းညွှန် မပါတာ များပါတယ်။ ကျနော့် အထင်ပြောရမယ် ဆို ရင်တော့ သူတို့ သီးသန့် လာတာမျိုးတော့ မဟုတ်ဘူးဗျ။ ဂုတ်ထိပ်ကို လာကြရင်းနဲ့ ဝင်လာကြတာမျိုး လို့ ထင်ပါတယ်” ဟု ပြောသည်။

ဘန်ဘွေးကျင်း ရေတံခွန်(ဇော်ဇော်/ဧရာဝတီ)

ဘန့်ဘွေးကျင်း ရေတံခွန်ကို ရှမ်းဘာသာ စကားဖြင့် နမ့်တန်း ရေတံခွန် ဟုလည်း ခေါ်ဆိုသလို ဒေသခံများက မောင်နှံ ခုနှစ်ဖော် ရေတံခွန်ဟုလည်း ခေါ်ဆိုကြောင်း သိရသည်။

ဘန့်ဘွေးကျင်း ရေတံခွန်ကို ၂၀၁၇ ခုနှစ်ကုန်ပိုင်းမှ စတင် လူသိများလာသလို ၂၀၁၈ ခုနှစ် သြဂုတ်လ ခန့်မှ စတင်၍ လာ ရောက် လည်ပတ်သူ များပြားလာကြောင်း၊ ယခု အခါ နေ့စဉ် လာရောက် လည်ပတ်သူ ဦးရေ ၁၀၀ ခန့် ရှိကာ ရုံးပိတ်ရက် များ၊ အခါကြီးရက်ကြီးများ၌ လာရောက် လည်ပတ်သူ ဦးရေ ၅၀၀ ဝန်းကျင်ခန့် ရှိကြောင်း ဒေသခံများထံက သိရသည်။

ဘန့်ဘွေးကျင်း ရေတံခွန်၏ ရေဆော့ကစားရန် နေရာသို့ သွားရာတွင် အတက်/အဆင်း အချိန် ၂ နာရီခန့် ကြာမြင့်ပြီး လမ်းပိုင်းသည် မတ်စောက် ကြမ်းတမ်းကာ ခရီးသွားများ အတွက် အဆင်ပြေ ချောမွေ့မှု မရှိသောကြောင့် စနစ်တကျ ပြုလုပ်ပေးစေလိုကြောင်းနှင့် နားနေစရာများလည်း ဆောင်ရွက်ပေးစေချင်ကြောင်း လာရောက်လည် ပတ်သူများက ပြောဆိုသည်။

ဘန်ဘွေးကျင်း ရေတံခွန်(ဇော်ဇော်/ဧရာဝတီ)

မိုးကုတ်မြို့မှ လာရောက် လည်ပတ်သူ ကိုရန်နိုင်ဝင်းက “အောက်ကို ဆင်းရတာ ပင်ပန်းတယ် ဆို ပေမယ့် ရေတံခွန်ကို ရောက်တော့ အဲဒါတွေ အားလုံး ပြေပျောက်ကုန်ပါတယ်။ ရေတံခွန်ကို လာမယ် ဆိုရင် တော့ တောင်တက်ဖိနပ်နဲ့ လက် အိတ် ကောင်းကောင်းတော့ လိုတယ်။ ကျနော်တို့ နိုင်ငံမှာ ဒီလို ရှုခင်းကောင်းကောင်း လေးတွေ ရှိနေတာကို အားလုံး သိစေချင်တယ်” ဟု ပြောသည်။

ယခုအခါ ဘန့်ဘွေးကျင်း ဒေသသို့ သွားရောက်နိုင်ရန် မန္တလေး-ပြင်ဦးလွင်-မိုးကုတ်လမ်း အတွင်းရှိ အင်းမရွာမှ အဆိုပါ ဒေသ အထိ ၉ မိုင်ခွဲ အရှည် လမ်းဖောက်လုပ်ခြင်း၊ ရှုခင်းများ ကြည့်ရှုနိုင်ရန် မျှော်စင်များ ဆောက်လုပ်ခြင်းတို့ လုပ် ဆောင်နေသည့် အပြင် ဆင်စခန်း တခုထား ရှိနိုင်ရန် ဟိုတယ် /ခရီး အနေနှင့် သစ်တော ဦးစီးဌာနနှင့် ညှိနှိုင်း ဆွေးနွေး လျက် ရှိသလို သန့်စင်ခန်း ၈ လုံး တည် ဆောက်ရန် အတွက်လည်း ကျပ်သိန်း ၃၀၀ လျာထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံအတွင်းသို့ ပြည်ပ ခရီးသွား ဦးရေ ၃ သန်းကျော် ဝင်ရောက်ခဲ့ပြီး မန္တလေး တိုင်း အတွင်းသို့ ခရီး သွား ဝင်ရောက်မှု အနေနှင့် ၄ သိန်း ၉ သောင်းကျော် ဝင်ရောက်ခဲ့ကာ တရုတ်၊ ထိုင်း၊ ဂျပန်၊ ကိုရီယား အစရှိသည့် နိုင်ငံများက ဝင်ရောက်မှုသည် ၃ သိန်းကျော် ပါဝင်ခဲ့ကြောင်း ဟိုတယ်/ ခရီးက ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading