Travel

မိခင်ဖြစ်သူနဲ့ ခရီးသွားသင့်တဲ့ အကြောင်းရင်းများ

လူငယ်တော်တော်များများအတွက် မိခင်ဖြစ်သူနဲ့ ခရီးသွားတယ်ဆိုတာ ပျော်စရာမဟုတ်သလို ဖြစ်နေမှာပါ။ မိခင်အစား ချစ်သူ၊ အိမ်ထောင်ဖက်၊ သူငယ်ချင်းတွေနဲ့သာ သွားလိုစိတ်ရှိကြပါတယ်။ ဒါပေမယ့် သင်မသိသေးတာက မိခင်နဲ့ ခရီးသွားရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့် အရာကတော့ မိခင်နဲ့ ခရီးသွားသင့်တဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

(၁) သင့်အကြောင်း သိလွန်းခြင်း

သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါ တယောက်ရဲ့ အကျင့်ကို တယောက်နားလည်အောင် လေ့ကျင့်ရပေမယ့် သင့်အမေကတော့ သင့်အကြောင့်ကို သိပြီးသားဖြစ်လို့ အထူးတလည် ညှိဖို့ လိုမှာ မဟုတ်တော့ပါဘူး။ ခရီးစဉ်တလျှောက် သင်လုပ်ချင်တာတွေကို သင့်အမေက အတူူတူလိုက်ပြီး လုပ်ပေးမှာ သေချာပါတယ်။

(၂) အမှတ်တရများကို ဖန်တီးနိုင်ခြင်း

သင့်ကို ငယ်ငယ်က အချိန်ပြည့်ပြုစုပေးခဲ့တဲ့ အမေကို ခရီးတွေ လိုက်ပို့ပြီး သင့်ဖက်က အမှတ်တရတွေ ဖန်တီးပေးတာဟာ အရမ်းစိတ်ချမ်းသာစရာကောင်းမယ့် အရာတခုပါ။ ခရီးသွားနေရင်း သားအမိဆက်ဆံရေးကို ပိုပြီး တိုးမြင့်လို့ရတဲ့ အပြင် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါသေးတယ်။

(၃) စိတ်ရှည်အောင် သင်ကြားပေးနိုင်ခြင်း

မိခင်နဲ့ သားသမီးကြားက ဆက်ဆံရေးဟာ အခိုင်မြဲဆုံး ဆက်ဆံရေးဆိုပေမယ့် ခေတ်တွေ ကွာခြားပြီးတဲ့ နောက်မှာ သင်က သင့်အမေကို ပြန်ပြီး သင်ကြားပေးရတာတွေရှိလာပါတယ်။ ခရီးသွားနေရင်း အဲဒီလို သင်ကြားပေးခြင်းဟာ သင့်ကို စိတ်ရှည်တတ်အောင် သင်ကြားပေးသွားမှာ သေချာပါတယ်။

(၄) ချစ်တယ်လို့ ပြောဖို့ အခွင့်အရေး

မိခင်နဲ့ ခရီးအတူတူသွားတဲ့ အခါမှာ သင်ငယ်ငယ်က မိခင်နဲ့ အတူသွားဖူးတဲ့ နေရာတွေကို ပြန်သွားသင့်ပါသေးတယ်။ အရင်က ခရီးအကြောင်းပြောရင်း သင်နဲ့ သင့်မိခင်တို့ရဲ့ ချစ်ခင်မှု အမှတ်တရတွေ ပိုမိုပေါ်လာနိုင်ပါတယ်။ ခရီးသွားရင်းနဲ့ “မေမေ့ကို ချစ်တယ် ” စသဖြင့် သင့်စိတ်ထဲမှာရှိပြီး အပြင်ကို ထုတ်ဖော်မပြောဖြစ်ခဲ့တဲ့ စကားတွေကို ပြောနိုင်ပါသေးတယ်။

Ref: lifehack

Loading