တရုတ်နိုင်ငံဟာ စူးစမ်းလေ့လာစရာတွေ ပေါများပြီး အံ့သြဖွယ်ကောင်းတဲ့ တိုင်းပြည် တပြည်ပါ။ တရုတ်နိုင်ငံမှာဆိုရင်တော့ အင်မတန်ရှေးကျတဲ့ အဆောက်အဦတွေအပြင် လှပတဲ့ ရှုခင်းတွေ ပြည့်နှက်နေပါတယ်။ တရုတ်နိုင်ငံမှာ အဲဒီလို တန်ဖိုးရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို ထိန်းသိမ်းထားနိုင်တဲ့အပြင် ခေတ်မီတဲ့ မြို့ပြနေရာတွေလည်း အများကြီးရှိပါတယ်။ အဲဒီထဲကမှ ထူးထူးခြားခြား နေရာအချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) Potala Palace
ဘုန်းတော်ကြီး ဒလိုင်းလားမား နေထိုင်ခဲ့ဖူးရာ Potala Palace ဟာ အခုဆိုရင်တော့ ပြတိုက်တခု ဖြစ်နေပါပြီ။ ဒီအဆောက်အဦကိုတော့ ၁၆၄၅ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၆၉၄ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ တောင် ကုန်းပေါ်မှာ တည်ဆောက်ထားတဲ့ ဒီ Potala Palace ကို အခန်းပေါင်း ၁၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ Potala Palace ကို သွားရောက်လည်ပတ်မယ်ဆိုရင် အတွင်းပိုင်းမှာ စေတီပေါင်း ၁၀၀၀၀ ကျော်နဲ့ ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၂၀၀၀၀၀ ကို ဖူးမြော်နိုင်ပါတယ်။
(၂) Leshan Great Buddha
တရုတ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေဟာ အထင်ကရတွေပါ။ ဒါပေမယ့်လည်း Leshan Greart Buddha ရုပ်ပွားတော်လောက် မကြီးမားကြပါဘူး။ ဒီဗုဒ္ဓရုပ်ပွားတော်ဟာ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ရုပ်ပွားတော်လည်း ဖြစ်ပါတယ်။ ထိုင်လျက်အနေအထား ထုလုပ်ထားတဲ့ ဒီရုပ်ပွားတော်ရဲ့ ဉာဏ်တော်အမြင့်က ၂၃၃ ပေ အမြင့် ရှိပါတယ်။ ဒီရုပ်ပွားတော်ကြီးကိုတော့ Tang မင်းဆက် လက်ထက်က ထုလုပ်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၉၀ ကြာအောင် ထုလုပ်ခဲ့ရပါတယ်။
(၃) Summer Palace
Quing မင်းဆက်လက်ထက်က တည်ဆောက်ခဲ့တဲ့ နွေရာသီစံနန်းတော်ဟာ တရုတ်နိုင်ငံရဲ့ အထင်ကရ ဥယျာဉ်တခုပါ။ ဒီဥယျာဉ်တော်ကြီးကိုတော့ ဂရုတစိုက် ထိန်းသိမ်းထားခဲ့ပြီး Kunming ကန်ဟာဆိုရင်လည်း နွေရာသီမှာ လှေစီးနိုင်ပြီး ဆောင်းရာသီမှာ ရေခဲပြင် စကိတ်စီးနိုင်အောင် ထပ်မံပြု လုပ်ပေးထားပါတယ်။
(၄) Reed Flute Cave
Reed Flute Cave ဟာဆိုရင်လည်း တရုတ်နိုင်ငံရဲ့ အထင်ကရ နေရာတနေရာပါ။ မှတ်တမ်းမှတ်ရာတွေအရဆိုရင်တော့ ဒီကျောက်ဂူကြီးရဲ့ သက်တမ်းက နှစ်သန်းပေါင်း ၁၈၀ ရှိခဲ့ပါပြီ။ ဒီကျောက်ဂူကြီးကို လူတွေဟာ သဘာဝအလှတရားတွေ စုဝေးထားတဲ့ နန်းတော်လို့လည်း ခေါ်လေ့ ရှိကြပါတယ်။ Guilin ကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေကို ဒီဂူကြီးက ဆွဲဆောင်လာခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ လောက်ကတည်းကပါ။ ဒီကနေ့မှာဆိုရင်တော့ ဒီကျောက်ဂူကြီးကို ရောင်စုံမီးလုံးတွေနဲ့ အလှဆင်ထားပါတယ်။
Ref : traveluto