ခရီးသွားခြင်းဟာ လူတွေအတွက် ဒေသန္တာရ ဗဟုသုတရသလို ပျော်ရွှင်စရာလည်း ကောင်းပါတယ်။ ကိုယ်သွားရမယ့်ခရီးစဉ်ကို ဂရုတစိုက်နဲ့ မှန်မှန်ကန်ကန် ရွေးချယ်တတ်ခဲ့မယ်ဆိုရင် ကိုယ်တွေးထင်ထားတာထက် ပိုမိုပျော်စရာကောင်းတဲ့ ခရီးစဉ်တခုကို ရရှိပါလိမ့်မယ်။ အဲဒီတော့ ခရီးတခုကိုသွားမယ်ဆိုရင် ဘယ်လို ကြိုတင် ပြင်ဆင်သွားကြမလဲဆိုတဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) ပိုက်ဆံဘယ်လောက် အကုန်ခံမှာလဲ
ခရီးတခုကို သွားဖို့ဆိုတာ တအားကြီး ချမ်းသာနေစရာ မလိုပါဘူး။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ ပိုက်ဆံနဲ့ ကိုယ်သွားရမယ့် ခရီးရဲ့ ကုန်ကျစရိတ်ကိုတော့ အဓိကထား တွက်ချက်တတ်ရပါလိမ့်မယ်။ တကယ်လို့ ကိုယ်သွားချင်တဲ့ခရီးက ငွေကုန်ကြေးကျ သိပ်များနေတဲ့ ခရီးဆိုရင်တော့လည်း ကိုယ့်ဆန္ဒကို ထိန်းချုပ်နိုင်ရပါလိမ့်မယ်။ လုံလောက်တဲ့ငွေကြေး အတိုင်းအတာကို ရောက်မှပဲ ကိုယ်ရည်မှန်းထားတဲ့ ခရီးကို သွားသင့်ပါတယ်။
(၂) ဘယ်အချိန် သွားမှာလဲ
ခရီးသွားတဲ့အခါမှာ ကိုယ်သွားမယ့် ခရီးစဉ်ရဲ့ ရာသီဥတုအခြေအနေတွေကိုလည်း သေသေချာချာ လေ့လာသင့်ပါတယ်။ ရာသီဥတုကောင်းမွန်လွန်းတဲ့ အချိန်တွေကလည်း ခရီးသွားရာသီ ဖြစ်နေတာ များတဲ့အတွက် လက်မှတ်ခတွေက ဈေးကြီးပါတယ်။ ရာသီဥတု ဆိုးဝါးလွန်းတဲ့ အချိန်တွေမှာဆိုရင် ခရီးသွားတွေကို ဆွဲဆောင်မှုရှိတဲ့ နေရာအချို့ကို ပိတ်ထားတတ်ပါတယ်။ လက်မှတ်ခတွေက ဈေးပေါကောင်း ပေါနိုင်ပေမယ့် ဒီလိုအချိန်မှာ ခရီးထွက်မယ်ဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ရာသီဥတု မျှတတဲ့ အချိန်မှာ ရီးထွက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
(၃) ဘယ်လို ခရီးမျိုးကို သွားမှာလဲ
ပထမဆုံး ကိုယ့်ကိုယ်ကို မေးရမှာက အချိန်ဘယ်လောက်ကြာကြာ ခရီးသွားမှာလဲဆိုတဲ့ မေးခွန်းပါ။ နောက်ဆံတငင်ငင် နဲ့ခရီးထွက်နေရတာမျိုး ဆိုရင်တော့လည်း စိတ်ကိုသာ ပင်ပန်းစေပြီး ခရီးသွားခြင်းရဲ့ အရသာကို ကောင်းကောင်းရမှာ မဟုတ်ပါဘူး။ အဲဒီတော့ ကိုယ်သွားချင်တာက ပင်လယ် ကမ်းခြေလိုနေရာမျိုးကို အပန်းဖြေခရီးလား၊ တောင်တက် ခရီးစဉ်လိုမျိုး စွန့်စားခန်းခရီးမျိုးလား၊ ဒါမှမဟုတ် ပြည်ပခရီးလား ဆိုတာသိမှ အချိန်ကို တွက်ဆ နိုင်ပါလိမ့်မယ်။
(၄) ဘာသာစကား
တကယ်လို့ ကိုယ်သွားရမယ့်ခရီးက နိုင်ငံခြားခရီးမျိုး ဖြစ်နေမယ်ဆိုရင်တော့ ကိုယ်သွားမယ့်နိုင်ငံရဲ့ ဘာသာစကားကို အနည်းအကျည်းလောက်ပဲဖြစ်ဖြစ် တတ်သွားသင့်ပါတယ်။ အများကြီး မဟုတ်ရင်တောင် နှုတ်ခွန်းဆက် စကားလောက်နဲ့ ကျေးဇူးတင်ကြောင်းပြောပြနိုင်ဖို့ အတွက်လောက်တော့ သင်သွားသင့်ပါတယ်။ အဓိကကတော့ အင်္ဂလိပ်ဘာသာစကားပါ။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ် စကားက နိုင်ငံတိုင်းမှာသုံးစွဲလေ့ရှိတဲ့ ဘာသာစကား ဖြစ်နေလို့အတွက်ပါပဲ။
Ref : wikihow