မြန်မာနိုင်ငံရှိ၊ မြိတ်ကျွန်းစုများပေါ်တွင် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေရန် ဆွဲဆောင်လျက်ရှိရာ ကျွန်းစုအတွင်းရှိ အဝေးလံဆုံး ကျွန်းများပေါ်တွင် တည်းခို အပန်းဖြေရေး အားနည်းနေသေးသော်လည်း တဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာနေသည်ကို တွေ့ရသည်။
သည်းထိတ်ရင်ဖို စွန့်စားလည်ပတ်လိုသူများ အတွက် Awei Pila ရေငုပ်စင်တာကို ဖီလားကျွန်းပေါ်တွင် ဖွင့်လှစ်ပေးထားပြီး ရေငုပ်နည်း စတင် လေ့ကျင့်သူများအတွက် ယခုအခါ ရေငုပ်သင်တန်းနှင့် ရေငုပ် ကျွမ်းကျင် အသိအမှတ်ပြု လက်မှတ်ပါ ထုတ်ပေးနေပြီဖြစ်သည်။
အဆိုပါစင်တာသည် ၎င်းအမည်နှင့် အတူတူဖြစ်သည့် ကျွန်းတကျွန်းပေါ်ရှိ အပန်းဖြေစခန်းတခုတွင် တည်ရှိပြီး ရေငုပ်ရန်နေရာ ၁၂ နေရာမှနေ၍ ငါးမန်းလိုဏ်ဂူနှင့် ကျောက်ကျွန်းအပါအဝင် ပင်လယ်ရေအောက်အနက် ၁၂ မီတာမှ မီတာ ၃၀ အထိ ငုပ်နိုင်သည်။ ငါးမန်းလိုဏ်ဂူနှင့် ကျောက်ကျွန်းတို့သည် နိုင်ငံတကာ အသိအမှတ်ပြု ရေငုပ်သမားများ အကြား ရေပန်းစားနေသည့်နေရာများ ဖြစ်ကြသည်။
ရေငုပ်နည်း သရုပ်ပြကျွမ်းကျင်သူများ အသင်း (PADI- Professional Association of Diving Instructors) က တရားဝင်ဖွင့်လှစ်သော အဆိုပါ သင်တန်းတွင် လူသစ်တန်းအတွက် ကျောပိုး အသက်ရှူ ကိရိယာဖြင့် ရေငုပ်နည်း (Discover Scuba Diving) မှ ကျွမ်းကျင်သူများအတွက် ရေငုပ်ဝိဇ္ဇာနည်း အထိ လေ့ကျင့်ပေးနေပြီး သင်ယူ တတ်မြောက်ရန် အနည်းဆုံး ၃ ရက် အချိန်ယူရမည်ဖြစ်သည်။
“မနက်ပိုင်းမှာ ကျနော်တို့ ရေနှစ်ကြိမ်ငုပ်ဖို့ ထွက်ပါတယ်။ နေ့လယ် ထမင်းစားချိန် နားတယ်။ ပြီးရင် နေ့ခင်းဘက် နောက်တကြိမ် ထပ်ငုပ်တယ်” ဟု Awei Pila မှ ဌာနေ အဏ္ဏဝါဇီဝပညာရှင်နှင့် အသက်ရှူ ကိရိယာဖြင့် ရေငုပ်နည်းပြဖြစ်သူ မာစီလိုဂမ်းမရိတ်က ပြောသည်။
“တောင်းဆိုမှုအပေါ် မူတည်ပြီးတော့ ကျနော်တို့ ညဘက်လည်း ငုပ်ပေးရတာရှိပါတယ်။ ရေအောက်မှာ ဘာတွေ တွေ့ရမှာလဲဆိုတော့ ပုဇွန်တွေ၊ ပြည်ကြီးငါးတွေ၊ လိပ်တွေနဲ့ သန္တာကျောက်တန်းတွေပေါ့” ဟု သူက ဆိုသည်။
“ရေငုပ်သမားတွေဟာ ဘာရာကျူဒါ ငါးအုပ်တွေ၊ ရွှေဝါရောင် စနက်ပါငါးအုပ်တွေ၊ ဖူဆယ်လီယာ ငါးအုပ်တွေကြားမှာ ကူးခတ်နိုင်ပြီး ပင်လယ်ပက်ကျိတွေ၊ ရေနဂါးနဲ့ ပင်လယ်ငါးခူတွေကို အနီးကပ်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ် တချို့ အချိန်တွေမှာဆိုရင် ကျနော်တို့က ငါးလိပ်ကျောက်တွေ၊ ဝေလငါးတွေ၊ ငါးမန်းတွေ ကြားက ဖြတ်ကူးလာတာ ရှိပါတယ်” ဟု သူက ရှင်းပြသည်။
ရေရှည် ခိုင်မာသည့် ခရီးသွားလုပ်ငန်း အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အဆင့်မြင့် ရေငုပ်သမားများသည် အဆိုပါစင်တာ၏ အစိမ်းရောင် ဆူးတောင်အစပျိုးခြင်း (Green Fins Initiative) အစီအစဉ် အစိတ်အပိုင်းဖြစ်သော သန္တာထိန်းသိမ်းရေး သင်တန်းကို မဖြစ်မနေ တက်ရမည်ဖြစ်သည်။ ယင်းအစီအစဉ်မှာ ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားသည့် အစီအစဉ်တခုဖြစ်ပြီး ရေငုပ် သမားများနှင့် ရေငုပ်စင်တာများအကြား သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒများ တိုးတက်စေရန် အတွက် ရေးဆွဲထားခြင်း ဖြစ်သည်။
ဖီလားကျွန်းသည် မြန်မာနိုင်ငံ တောင်ဘက်အကျဆုံး မြို့ဖြစ်သည့် ကော့သောင်းမြို့မှ စပိဘုတ်ဖြင့် သွားလျှင် ၂ နာရီခွဲ ကြာမြင့်သည်။ သင်တန်းတက်ကြသည့် ရေငုပ်သမားများမှာ အဆိုပါကျွန်းပေါ်ရှိ Awei Pila အပန်းဖြေ စခန်းတွင် နေထိုင်နိုင်သည်။ ထိုကျွန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလကမှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျွန်းပေါ်တွင် သက်ဆိုင်ရာက ချမှတ်ထားသည့် ရေရှည် တည်တံ့ခိုင်မြဲရေး အစီအစဉ်များနှင့် ထိခိုက်မှု အနည်းဆုံး သဘောသဘာဝများကို လိုက်နာ နေထိုင်ရသည်။ အင်တာနက် ဆက်သွယ်နိုင်မှု မရှိဘဲ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်မီး ရရှိသည်။
မြန်မာနိုင်ငံ တောင်ဘက်ဖျား မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ရှိ ကျွန်းစုတွင် ပါဝင်သည့် ကျွန်းများသည် နေ့ပိုင်း ခရီးစဉ်အတွက် အထူးလူကြိုက်များပြီး ညလုံးပေါက် ခရီးစဉ် ရွေးချယ်နိုင်မှု တချို့လည်း ရှိသည်။ ခရီးသွား အေဂျင်စီအများအပြားတို့က ရေငုပ်သင်တန်းနှင့် အသိအမှတ်ပြု လက်မှတ် ရရှိနိုင်မှု အခွင့်အလမ်းပေါ် အခြေခံ၍ လုပ်ကိုင်နေကြသည်။
နိုင်ငံခြားသားများ အတွက် ထိုကျွန်းများပေါ်သို့ သွားရောက် လည်ပတ်ရန်အတွက် ခွင့်ပြုချက် မလိုပေ။ သို့သော် ခရီးသွား ဧည့်သည်များက မူလ သဘာဝပုံစံမပျက် ဖွေးသန့်နေသည့် သဲဖြူကျွန်းအစစ်အမှန်ကို ကြည့်ရှု ခံစားလို၍ ပိုမိုလာရောက်လျှက် ရှိကြပြီး ရက်ရှည် အပန်းဖြေနေထိုင်ကြသည်။ ထိုကျွန်းပတ်ပတ်လည်တွင် အတည်တကျ နေထိုင်လုပ်ကိုင်လေ့မရှိသော တိုင်းရင်းသား လူမျိုးစုဖြစ်သည့် “ပင်လယ်ပျော်” မော်ကင်း လူမျိုးစုများကို ရံဖန်ရံခါ တွေ့နိုင်သည်။
မကြာသေးမီကမှ ဖွင့်လှစ်ထားပြီး အရေအတွက်နည်းသေးသော အပန်းဖြေစခန်းများတွင် ခရီးသွား ဧည့်သည်များ အတွက် နေရာထိုင်ခင်း အသုံးအဆောင်များ စီစဉ်ထားရှိရာ Awei Pila လည်း အပါအဝင် ဖြစ်သည်။ အဆိုပါ အပန်းဖြေစခန်းများမှာ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်များနှင့် လိုက်လျော ညီထွေစွာဖြင့် တည်ထောင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ဂုဏ်သတင်းမွှေးသည့် တခြားသော ဂေဟစနစ် ဆိုင်ရာ ရွေးချယ်မှုများတွင် Boulder Bay Eco အပန်းဖြေ စခန်းနှင့် Wa Ale Island အပန်းဖြေစခန်းတို့ပါဝင်ပြီး ၎င်းတို့မှာ ကျွန်းစု၏ တခြားကျွန်းများပေါ်တွင် တည်ရှိလေသည်။
( Marie Starr ၏ New Dive Center Opens in Mergui Archipelago ကို ဘာသာပြန်သည်။)