ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Pak Klong Talad ဈေးဟာ ဘန်ကောက်မြို့ရဲ့ အကြီးဆုံး ပန်းဈေးတန်း တခု ဖြစ်ပါတယ်။ ဒီဈေးမှာဆိုရင် ပန်းတွေကိုချည်း သီးသန့် ရောင်းချပေးပြီး နှင်းဆီပန်း၊ သစ်ခွပန်း၊ နှင်းပန်း စတဲ့ ပန်းအမျိုးအစား စုံစုံလင်လင်ကို ဝယ်ယူ ရရှိနိုင်ပါတယ်။
ထုပ်ပိုးထားတဲ့ပန်းစည်း တစည်းမှာ ဆိုရင် ပန်းပွင့်ပေါင်း ၅၀ ကနေ ၁၀၀ အထိ ပါဝင်ပြီး ဈေးနှုန်းအနေနဲ့ အင်မတန် သက်သာပါတယ်။ ဘန်ကောက်မြို့ မှာရှိတဲ့ ဒီဈေးဟာ Chak Phet လမ်းမှာ တည်ရှိပြီး Wat Pho ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းရဲ့ တောင်ဘက်မှာ ရှိပါတယ်။ ဒီဈေးဟာ ဘန်ကောက်မြို့ရဲ့ အထင်ကရနေရာ တနေရာပါ။
ဒီဈေးကို ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားပြီး သန်းခေါင်ကျော်လာတာနဲ့ ပိုပြီး စည်ကားလာတတ်ပါတယ်။ အသက်ဝင်ဆုံးအချိန်ကတော့ အရုဏ်တက်လာချိန်ဖြစ်တဲ့ မနက် ၃ နာရီနဲ့ ၄ နာရီကြားပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ဆိုရင် ပျံကျဈေးသည်တွေဟာ ပန်းအမျိုးမျိုးကို လက်လီ လက်ကား ရောင်းချပေးနေချိန်ပါပဲ။
အဲဒီအချိန်ဟာ ဈေးရောင်း ဈေးဝယ်တွေနဲ့ ရှုပ်ထွေးတဲ့အချိန်ဖြစ်နေတဲ့အတွက် ဈေးသည်တွေ အနေနဲ့လည်း သည်းခံနိုင်မှု နည်းပါးတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ ဒီအချိန်ဟာ ဈေးရောင်း ဈေးဝယ်တွေရဲ့ဘဝကို သေသေချာချာ လေ့လာနိုင်တဲ့ အချိန်တချိန်ပါ။
ဈေးနှုန်းအနေနဲ့ အလွန် သက်သာတာဖြစ်တဲ့အတွက် အထူးဈေးရောင်းပွဲတော်ကိုတော့ ချစ်သူများနေ့နဲ့ အမေနေ့လို နေ့မျိုးတွေမှာ ကျင်းပပေးတတ်ပါတယ်။ ရှားပါးတဲ့ ပန်းတွေကတော့ ဈေးကြီးတတ်ပါတယ်။
ဘန်ကောက်မြို့မှာ အကြီးဆုံးဖြစ်တဲ့ ဒီပန်းဈေးတန်းဟာ သွားရောက် လည်ပတ်ချင်စရာကောင်းတဲ့ နေရာတနေရာ ဖြစ်သလို ဘန်ကောက်ကို ခရီးထွက်သူတွေအနေနဲ့ မဖြစ်မနေ သွားရောက် လည်ပတ်သင့်တဲ့ နေရာ တနေရာပါ။ ဒီဈေးတန်းမှာဆိုရင် ပန်းအပြင် ပန်းနဲ့ ဆက်စပ်နေတဲ့ ပန်းအိုး၊ ဖဲကြိုး စတဲ့ ပစ္စည်းတွေကိုလည်း ဝယ်ယူ ရရှိနိုင်ပါသေးတယ်။
Pak Klong Talad ဈေးမှာ ဈေးရောင်းကြတဲ့ ဈေးသည်တွေဟာ ပန်းနဲ့ ပတ်သက်တဲ့ အမျိုးမျိုးသော ဝန်ဆောင်မှုတွေကိုလည်း ပြုလုပ်ပေးကြပါသေးတယ်။ မင်္ဂလာဆောင် ဒါမှမဟုတ် တခြားသော အခမ်းအနားတွေ အတွက်ဆိုရင် ပန်းစည်း၊ ပန်းကုံးစတာတွေကို ဝယ်ယူသူ စိတ်ကြိုက် ဝန်ဆောင်မှုပေးပါတယ်။
Ref : bangkok