ဆောင်းရာသီ ကုန်ဆုံးလို့ နွေရာသီကို ရောက်ရှိလို့ လာပါပြီ။ နွေရာသီရဲ့ အစလို့ ပြောလို့ရတဲ့ မတ်လမှာ ဘယ်နေရာတွေကို ခရီးသွားရင် သင့်တော်မလဲ ဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) ဘော်နီယိုကျွန်း (မလေးရှားနိုင်ငံ)
မလေးရှားနိုင်ငံမှာရှိတဲ့ ဘော်နီယိုကျွန်းဟာ ကြီးမားတဲ့ ကျွန်းတကျွန်းဖြစ်သလို ကျွန်းတလျှောက်မှာ လမုပင်တွေ အများကြီး ပေါက်ရောက်လျက်ရှိပါတယ်။ ဒီကျွန်းမှာဆိုရင် ကြီးမားတဲ့ မိုးသစ်တောကြီးရှိပြီး မလေးရှားနိုင်ငံရဲ့ သစ်တော ၅၅ ရာခိုင်နှုန်းကို ဘော်နီယိုကျွန်းက ပိုင်ဆိုင်ထားပါတယ်။ မတ်လလို နွေရာသီမျိုးမှာဆိုရင်တော့ မလေးရှားနိုင်ငံရဲ့ ဘော်နီယိုကျွန်းဆီကို အပန်းဖြေခရီးထွက်တာ အကောင်းဆုံးပါပဲ။
(၂) ဒေလီ(အိန္ဒိယနိုင်ငံ)
Holi ပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေအတွက် အရေးကြီးတဲ့ ပွဲတော်တခုပါ။ ဒီပွဲတော်ကို မတ်လအတွင်းမှာ ကျင်းပလေ့ရှိပြီး ဒီပွဲတော်ကိုတော့ အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားမှာ ကျင်းပလေ့ ရှိပါတယ်။ တကယ်တော့ ဒီပွဲတော်ဟာ တယောက်ကို တယောက် အရောင်တွေနဲ့ ပစ်ပေါက်ကစားကြတဲ့ ပွဲတော်တခုပါ။ ဒီပွဲတော်အတွင်းမှာဆိုရင်တော့ လမ်းတိုင်း လမ်းတိုင်းဟာ DJ သံတွေနဲ့ ဆူညံနေပြီး အရောင်အမျိုးမျိုးကို ပစ်ပေါက်ကစားနေတာကိုလည်း တွေ့ရပါလိမ့်မယ်။
ဒီနေ့ခေတ် အိန္ဒိယရဲ့ ခေတ်မီ ကျေးရွာတရွာဖြစ်တဲ့ Hauz Khas လို ရွာမျိုးမှာဆိုရင်လည်း ပန်းချီပြခန်းတွေ၊ ဖက်ရှင်ဆိုင်တွေ၊ အရက်ဘားတွေနဲ့ ဆိုတော့ တကယ်ကို အချက်အခြာကျတဲ့ နေရာတနေရာပါ။
(၃) အိုမန်နိုင်ငံ
အိုမန်နိုင်ငံကလည်း မတ်လအတွင်းမှာ ခရီးသွားလို့ကောင်းတဲ့ နိုင်ငံတနိုင်ငံပါ။ အထပ်မြင့်မိုးမျှော် တိုက်ကြီးတွေ၊ အဆင့်မီ ကလေးကစားတွေကြောင့် မတ်လအတွင်း ခရီးထွက်မယ်ဆို အိုမန်နိုင်ငံလို နေရာမျိုးကို ခရီးထွက်သင့်ပါတယ်။ ဧည့်သည်တွေ အနေနဲ့ အိုမန်စတိုင် ဆောက်လုပ်ထားတဲ့ Anantara ရွာရဲ့ နက်ရှိုင်းတဲ့ ချောက်ကြီးတွေထဲကို စိတ်လှုပ်ရှားစရာကောင်းစွာ ဂလိုက်ဒါ စီးနိုင်ပါသေးတယ်။
(၄) ဗီယက်နမ်နိုင်ငံ
နွေရာသီ ရောက်လာပြီဖြစ်တဲ့ မတ်လအတွင်းမှာဆိုရင် ဗီယက်နမ်နိုင်ငံရဲ့ တောင်ပိုင်းကမ်းခြေတွေဆီ ခရီးထွက်တာက အကောင်းဆုံးပါ။ ဟိုချီမင်းမြို့တော်မှာဆိုရင်လည်း ပြင်သစ်လက်ရာ ကိုလိုနီ အဆောက်အဦ တွေကို လေ့လာနိုင်သလို ဟနွိုင်းမြို့တော်မှာဆိုရင်လည်း ရှေးကျတဲ့ စေတီပုထိုးတွေကို ဖူးမြော်နိုင်ပါသေးတယ်။ Khoai Chau ခရိုင်အတွင်းမှာဆိုရင် Chu Dong Tu ပွဲတော်ကို မတ်လအတွင်းမှာ ကျင်းပလေ့ ရှိပါတယ်။ ဒီပွဲတော်ဟာဆိုရင် တာအို ဘာသာရေး ပွဲတော်ပါ။
(၅) ဖိလစ်ပိုင်နိုင်ငံ
ရှည်လျားတဲ့ ဆောင်းရာသီကုန်ဆုံးပြီးတဲ့နောက် အစိမ်းရောင်သန်းနေတဲ့ ကျွန်းတွေဆီ ခရီး ထွက်တာက အကောင်းဆုံးပါ။ ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် သက်ကယ်မိုးထားတဲ့ ပုဂ္ဂလိက အပန်းဖြေစခန်းတွေ အများကြီးပါ။ ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် ရှေးဆန်တဲ့ ကျေးလက် အများအပြားကို တွေ့နိုင်သလို သန္တာကျောက်တန်းတွေကို တွေ့ရှိနိုင်ပါသေးတယ်။ မတ်လမှာဆိုရင်တော့ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ မနီလာမြို့ရဲ့ ကမ်းခြေတွေဟာ အပန်းဖြေလို့ ကောင်းတဲ့နေရာတွေပါ။
Ref : cntraveller