Travel

မန္တလေး မဟာမုနိတွင် နိုင်ငံခြားသားများကို ဝင်ကြေး ကောက်ခံမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများအား ဝင်ကြေး ကောက်ခံ ရန် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ ခွင့်ပြုချက် ရရှိပြီ ဖြစ်ကြောင်း ဘုရား ဂေါပက အဖွဲ့ထံမှ သိရ သည်။

မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပက အဖွဲ့ဝင် ဦးသန်းလွင်က “ဝင်ကြေးကောက်ဖို့ အစိုးရ အဖွဲ့ကို တင်ပြထားတာ ခွင့်ပြုချက် ရပြီးပါပြီ။ ဇွန်လ ၁ ရက်ကနေ စတင် ကောက်ခံသွားမှာပါ။ ကောက်ခံဖို့ အဆောက်အဦတွေကို သြင်္ကန် အပြီး ဧပြီလကုန် လောက်မှာ ဆောက်လုပ် ပြီးစီးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နိုင်ငံခြားသား ခရီးသွားများထံမှ ဝင်ကြေး ကောက်ခံနိုင်ရန် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ ၂၀၁၇ ခုနှစ် ဇွန်လက တင်ပြခဲ့ခြင်း ဖြစ်ပြီး ယခု ဘဏ္ဍာနှစ် အတွင်း၌ ခွင့်ပြုချက် ရရှိခဲ့ခြင်းဟု သိရသည်။

“နိုင်ငံခြားသားတွေ ဆီကနေ ဝင်ကြေး အဖြစ် တဦးကို ကျပ် ၅ ထောင် ကောက်သွားမယ်။ အခုလို ကောက်ခံဖို့ အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ခွင့်ပြုချက် အပြင် သြဝါဒ စရိယ ဆရာတော်ကြီး တွေရဲ့ မိန့်ကြားချက်နဲ့ အညီ ကျနော်တို့က လိုက်ပါ လုပ်ဆောင်ပေးရခြင်းသာ ဖြစ်ပါတယ်” ဟု မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပက အဖွဲ့ အတွင်းရေးမှူး ဦးကျော် ကျော်ဦးက ပြောသည်။

လာမည့် ဇွန်လ ၁ ရက်က စတင်၍ မဟာမုနိ ရုပ်ရှင်တော်မြတ်သို့ ဝင်ရောက်သည့် နိုင်ငံခြားသား ခရီးသွားများထံမှ မြန်မာ ကျပ် ငွေ ၅ထောင်(သို့မဟုတ်) အမေရိကန် ဒေါ်လာ ၃ ဒေါ်လာ ကောက်ခံ သွားရန် သတ်မှတ်ထားကြောင်း သိရသည်။

“မဟာမုနိ ဘုရားကြီးကို နေ့စဉ် ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်မှု ရှိပါတယ်။ တနှစ်ရဲ့ ဝင်ရောက် မှုကို ပျမ်းမျှ နှုန်း တွက်ကြည့်မယ် ဆိုရင် တနေ့ကို ၂၈၀ ဦးလောက် ဝင်ရောက်မှု ရှိပါတယ်။ ဝင်ကြေး ကောက်ခံတယ် ဆိုတာ အထူးအဆန်း ကိစ္စ မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း နိုင်ငံခြားသားကို ဝင် ကြေး ကောက်ခံတာတွေ ရှိပါတယ်။ ဥပမာ ပြောရမယ် ဆို ရင် ထိုင်းနိုင်ငံက မြဘုရား ဆိုရင် ဝင်ကြေး ပေးပြီးမှ ဝင်ရတာပါ” ဟု ဦးသန်းလွင်က ဆက်လက် ပြောသည်။

မဟာမုနိ ဘုရားကြီး ရင်ပြင်/ ဇော်ဇော်/ဧရာဝတီ

ယခုအခါ နိုင်ငံခြားသား ခရီးသွားများထံမှ ဝင်ကြေး ကောက်ခံရန် အတွက် မဟာမုနိ ရုပ်ရှင်တော် အရှေ့မုခ်၊ တောင်ဘက် မုခ်၊ မြောက်ဘက်မုခ် တို့တွင် Tourist Information Center များ စတင် ဆောက်လုပ်နေပြီ ဖြစ်သလို နိုင်ငံခြားသား ခရီး သွားများ အတွက် နားနေခန်းများ၊ ဖိနပ်ချွတ်စင်များ အပါအဝင် ဝန်ဆောင်မှု၊ ပံ့ပိုးမှုများလည်း ဆောင်ရွက်ပေးသွားမည် ဟု သိရသည်။

ဦးကျော်ကျော်ဦးက “လက်ရှိ မန္တလေးမှာ နိုင်ငံခြားသား ခရီးသွားတွေ အတွက် ရွှေနန်းတော်၊ ရွှေကျောင်းကြီး၊ ကုသိုလ် တော်၊ ဗားကရာ ကျောင်း၊ အင်းဝ မယ်နု အုတ်ကျောင်း စတဲ့ နေရာတွေမှာ ဝင်ကြေး ကောက်ခံနေတာ ရှိပါတယ်။ ဝင်ကြေး ကို တသောင်းကျပ် ကောက်နေတာပါ။ ကျနော်တို့က အခုမှ စပြီး ၅ ထောင်ပဲ သတ်မှတ် ကောက်ခံတာပါ။ ဒီလို ကောက်ခံ ရတာတွေကို ဘက်စုံ ပြုပြင်မှုနဲ့ လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုသွားမှာပါ” ဟု ဆက်လက် ပြောသည်။

ခရီးသွားများ သတင်းအချက်အလက် စုံစမ်း မေးမြန်းနိုင်သည့် Tourist Information Center နှစ်ခု တည်ဆောက်ရန် အတွက် တည်ဆောက်မည့် ဒီဇိုင်းပုံစံကို မြန်မာနိုင်ငံ ဗိသုကာ အသင်းထံမှ ဒီဇိုင်း ရရှိပြီး ဖြစ်သလို လေလံပေးသွားမည် မဟုတ်ဘဲ ဂေါပက အဖွဲ့က တာဝန်ယူ ကောက်ခံသွားမည်ဟု ပြောဆိုသည်။

ယခုအခါ မန္တလေးယဉ်ကျေးမှုနယ်မြေ ဇုန်ဝင်ကြေးကောက်ခံနေမှုအဖြစ် ကျပ်၁သောင်း ကောက်ခံနေမှု ရှိသော်လည်း သီးခြားကောက်ခံမှုများ ပြုလုပ်နေခြင်းများကြောင့် မန္တလေးသို့ လာရောက်သည့် နိုင်ငံခြားသားများ စိတ်အနှောက် အယှက်ဖြစ်မှုများ ကြုံနေရသည်ဟု ဧည့်လမ်းညွှန်များက ပြောသည်။

“သူများနိုင်ငံတွေမှာလည်း သတ်မှတ်ကြေး မပေးရင် ဝင်ခွင့်မရဘူးဆိုတာ သူတို့သိပြီးသား ဖြစ်ပါ တယ်။ ဒါပေမယ့် မန္တလေး ယဉ်ကျေးမှုနယ်မြေ ဇုန်ဝင်ကြေး ၁သောင်းကို မဖြစ်မနေပေးဆောင် ကြရ တာရှိတယ်။ သူတို့က တနေရာသွားတိုင်း တခါ ပေးဆောင် နေရတာမျိုးတော့ မကြိုက်ကြဘူး။ မန္တလေးဇုန်ဝင်ကြေးကောက်ကတည်းက အာလုံးပေါင်းကောက်မယ် ဆိုရင် တော့ ပိုပြီးအဆင်ပြေပါ တယ်”ဟု မန္တလေးမြို့ခံ ဧည့်လမ်းညွှန် ကိုသိန်းထိုက်ဦးက ပြောသည်။

နိုင်ငံခြားသားများ အပေါ် လက်ရှိ ကင်မရာအခွန် ကောက်ခံနေမှုကို လာမည့် ဧပြီလ ဝင်ကြေးကောက် ခံသည်နှင့် တပြိုင်နက်တည်း ရပ်နားလိုက်မည်ဟုလည်း မဟာမုနိရုပ်ရှင်တော်မြတ်ဂေါပကအဖွဲ့ ထံမှ သိရသည်။

နိုင်ငံခြားသားများ ဝင်ကြေး ကောက်ခံရာတွင် ဝန်ဆောင်မှု အနေဖြင့် ဘုရားကြီး သမိုင်းနှင့် လေ့လာ စရာ နေရာများ၊ နံရံ ဆေး ရေးပန်းချီများ အပြင် လမ်းညွှန်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြင်ဆင်ထားပြီး ဖြစ်သလို ဝင်ကြေး စတင် ကောက်ယူသည့် အချိန်မှ စ၍ မန္တလေး မဟာမုနိရုပ်ရှင် တော်မြတ် ပရဝဏ် အတွင်း အသစ် တည်ဆောက်ထားသည့် ခြင်းခတ်ရုံတွင် ခြင်းလုံး အသင်းများက ခြင်းအလှခတ် ကစားခြင်းများဖြင့် ဝန်ဆောင်မှုပေးရန် ဆွေးနွေးမှုများလည်း ရှိ ထားကြောင်း ဂေါပက အဖွဲ့က ဆိုသည်။

မန္တလေး မဟာမုနိသို့ ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုမှာ နှစ်စဉ် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော် ဝါရီလများတွင် ဝင်ရောက်မှု ပို၍များပြားပြီး ပြည်တွင်း ဘုရားဖူး ဝင်ရောက်မှုမှာမူ သြင်္ကန်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင် ကာလနှင့် တပိုတွဲလများတွင် ဝင်ရောက်မှု ပိုများကြောင်း သိရသည်။

မဟာမုနိ ရုပ်ရှင်တော်မြတ်သို့ ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုသည် ၂၀၁၇ ခုနှစ် အတွင်း ၁၀၀၁၆၈ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်လည်း ၁၀ သိန်းကျော် ဝင်ရောက်ခဲ့ကြောင်းနှင့် ယခုအခါ ထိုင်းနှင့် တရုတ် ခရီးသွားများ အများဆုံး ဝင်ရောက်နေကြောင်း ဂေါပက အဖွဲ့က ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading