အမေရိကန်သမ္မတ သမ္မတ ဒေါ်နယ်ထရမ့်က ဘိုးအင်း 737 Max 8 နှင့် 9 အမျိုးအစားအားလုံး ပျံသန်းခွင့်ကို အရေးပေါ် အမိန့်တရပ် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက် တားမြစ်လိုက်သည်။
ထပြီးခဲ့သည့် တနင်္ဂနွေနေ့က အီသီယိုးပီးယား မြို့တော် အဒစ္စ ဘာဘာမှ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ ပျံသန်းသည့် ဘိုးအင်း 737 Max 8 အမျိုးအစား ခရီးသည်တင် လေယာဉ်သည် ပျံတက်ပြီး မကြာမီ အဒစ္စဘာဘာမြို့ အရှေ့တောင်ဘက် ၆၂ ကီလိုမီတာအကွာ ဘီရှော့ဖ်တူမြို့ အနီးမှာ ပျက်ကျခဲ့တဲ့ အတွက် လိုက်ပါလာသူ ၁၅၇ ဦးလုံး သေဆုံးခဲ့သည်။
ထိုအဖြစ်အပျက် နောက်ပိုင်း တရုတ်၊ စင်ကာပူ၊ ထိုင်း အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ မွန်ဂိုလီး ယား၊ အီသီယိုပီးယား၊ တောင်အာဖရိကနှင့် ဗြိတိသျှပိုင် ကေမန်ကျွန်းစုမှ Cayman လေကြောင်းလိုင်းတို့ က ဘိုးအင်း 737 Max အမျိုးအစား လေယာဉ်များ ပျံသန်းမှု ပိတ်ပင်လိုက်ပြီးနောက် ယခုကဲ့သို့ အမေရိကန်နှင့် ကနေဒါတို့ကပါ ထပ်မံ ပိတ်လိုက်ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ၏ အမိန့်မှာ ဖက်ဒရယ် လေကြောင်း ကြီးကြပ်ရေးအဖွဲ့က အဆိုပါ ဂျက်လေယာဉ် များကို ဘေးကင်း စိတ်ချရမှု မရှိကြောင်း အချက်အလက်ထုတ်ဖော် ခြင်းမရှိသေး သည့်အချိန်တွင် အခြေအနေကို ပြောင်းပြန်လှန်လိုက်ခြင်း ဖြစ်သည်။
၎င်းအမိန့်ထုတ်ပြန်ပြီး နာရီပိုင်းအတွင်း ကနေဒါနိုင်ငံက အခြားနိုင်ငံပေါင်း ၄၀ နည်းတူ Max 8 နှင့် ၉ လေယာဉ်များ ၎င်းဝေဟင်ပိုင်နက်အတွင်း မပျံသန်းရန် ကန့်သတ်လိုက်သည်။
အမေရိကန်အစိုးရသည် အကြီးစားလေယာဉ်အဖြစ် ထုတ်လုပ်ထားသည့် Max 9 ကိုလည်း မြေပြင်၌ သာ ရပ်တန့်ထားရန် တားမြစ်လိုက်သလို ထိုင်း Lion Air ၏ Max 9 လေယာဉ် ၃ စင်းစလုံးကို ပျံသန်းခြင်းမပြုရန် ထိုင်းအစိုးရက ကန့်သတ် လိုက်ပြီး နာရီပိုင်းအတွင်း အမေရိကန်က အဆိုပါ အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။
အီသီယိုးပီးယားလေယာဉ်အပျက်အစီးများထံမှ သတင်းအချက်အလက်အသစ်များနှင့် လေယာဉ် လမ်းကြောင်း ဂြိုဟ်တု ခြေရာခံ ရှာဖွေမှုများ အရ ယမန်နှစ်အောက်တိုဘာလက ဂျာဗားပင်လယ်ထဲသို့ ပျက်ကျခဲ့ပြီး လူ ၁၈၇ ဦးသေဆုံးခဲ့သည့် Lion Air လေယာဉ်ဖြစ်စဉ်နှင့် အချက်အလက် အချို့တူညီ နေကြောင်း အမေရိကန်ဖက်ဒရယ် လေကြောင်း အာဏာပိုင် အဖွဲ့(FAA)က ပြောသည်။
ယင်းဖြစ်စဉ်နှစ်ခု၏ ဖြစ်နိုင်ချေနောက်ထပ်စုံစမ်းလေ့လာချက်များကို ပိုမိုနားလည် သဘောပေါက်ရန် နှင့် ထုတ်ဖော် ကြေညာရန် လိုအပ်နေကြောင်း FAA က ကြေညာချက်ထုတ်ပြန်သည်။
ဘိုးအင်းအမှုဆောင်အရာရှိချုပ် ဒင်းနစ်မြူလန်ဘတ်ထံမှ Max အမျိုးအစား လေယာဉ်အခြေအနေ ကောင်းမွန်ပါကြောင်း အာမခံ သတင်းစကား လက်ခံရရှိထားသော်လည်း သမ္မတထရမ့်က အမေရိကန်ပြည်သူများ ဘေးကင်းစိတ်ချရရေးမှာ ထိပ်တန်း စိုးရိမ်ပူပန်စရာဖြစ်နေကြောင်း ပြောကြားခဲ့သည်။
ဝေဟင်တွင် လတ်တလောပျံသန်းနေဆဲလေယာဉ်များသည် ၎င်းဦးတည်ရာသွားရောက်ပြီးနောက် မြေပြင်သို့ ပြန်ဆင်း၍ ရပ်နားထားရန် ထရမ့်က ပြောကြားလိုက်ပြီး လေယာဉ်မှူးနှင့်လေကြောင်း လိုင်းများကိုလည်း အကြောင်းကြားထားစေ သည်။
ဘိုးအင်းက ထုတ်ပြန်သောကြေညာချက်တစောင်တွင် “မိမိတို့ကုမ္ပဏီအနေဖြင့် 737 Max အမျိုးအစား ဘေးကင်းမှု သတ် မှတ်ချက် အပေါ် အပြည့်အ၀ စိတ်ချ ယုံကြည်နေသော်လည်း FAA ၏ဆုံးဖြတ်ချက်ကို အထောက်အကူပေးသွားမည်ဟု ဆိုသည်။
FAA နှင့်အမျိုးသားပို့ဆောင်ရေးဘေးကင်းမှုဘုတ်အဖွဲ့တို့နှင့် တိုင်ပင်ညှိနှိုင်းပြီးနောက် ဘိုးအင်း ကုမ္ပဏီကလည်း Max အမျိုးအစားလေယာဉ်များ မောင်းနှင်ပျံသန်းခြင်းဆိုင်းငံ့ထားရန် ထောက်ခံ ပေးခဲ့သည်။
“သတိပေးချက်တွေ ထုတ်နေတာနဲ့ ပတ်သက်လို့ ကျနော်တို့ကလည်း တက်တက်ကြွကြွနဲ့ ဝိုင်းဝန်း ထောက်ခံပေး နေပါတယ်” ဟု ဘိုးအင်းကုမ္ပဏီက ဆိုသည်။
ကနေဒါ ပို့ဆောင်ရေး ဝန်ကြီး မာ့ခ်ဂါနေးက အီသီယိုးပီးယား လေယာဉ်ပျက်ကျမှုနှင့် Lion Air လေယာဉ်ပျက်မှု ဖြစ်စဉ် နှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် ဒေါင်လိုက် အတက်အကျ ပျံသန်းပုံ တူညီနေကြောင်း ပြောသည်။
အာကာသလွန်းပျံယာဉ်မှူးဟောင်းတဦးဖြစ်သည့် ဝန်ကြီးဂါနေးက လတ်တလောရရှိသည့် အချက် အလက်များမှာ နိဂုံးချုပ် ကောက်ချက်မချနိုင်သေးသော်လည်း ကနေဒါအနေဖြင့် Max 8 လေယာဉ် များကို တားမြစ်လိုက်ပြီဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
အီသီယိုးပီးယား ဂျက်လေယာဉ်၏ အလိုအလျောက် စနစ်တွင် ကွန်ပျူတာ ဆော့ဖ်ဝဲ ဆုံးဖြတ်ချက် အရ လေယာဉ်ဦးပိုင်း စိုက်ဆင်းစေရန် တွန်းအားပေးခဲ့ကြောင်း တွေ့ရှိချက်ကို ကနေဒါဝန်ကြီးက ထောက်ပြပြောဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် Lion Air ပျက်ကျမှုတွင်လည်း ကွန်ပျူတာဆော့ဖ်ဝဲက လေယာဉ် ဦးပိုင်းကို နှိမ့်ချစေလိုခဲ့မှုနှင့် လေယာဉ်မှူးရင်ဆိုင်ခဲ့ရကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။
တနင်္ဂနွေနေ့က လေယာဉ် ပျက်ကျမှုတွင် ကနေဒါနိုင်ငံသား ၁၈ ဦးပါဝင်ခဲ့ပြီး ကင်ညာနိုင်ငံသားများ ပြီးလျှင် ဒုတိယအများ ဆုံး ခရီးသည်သေဆုံးမှုဖြစ်သည်။ ကနေဒါလူမျိုးမိသားစု ၆ စုမှာ သေဆုံးသူ စာရင်းထဲတွင် တွေ့ရသည်။
တချိန်တည်းတွင် အီသီယိုးပီးယားလေကြောင်းက ဗုဒ္ဓဟူးနေ့၌ ပျက်ကျခဲ့သောလေယာဉ်မှ ပျံသန်းမှု မှတ်တမ်းကိရိယာကို ဥရောပသို့ ပို့၍ စစ်ဆေးမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း မည်သည့်နိုင်ငံ ပို့မည်ဟု ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လေကြောင်းကျွမ်းကျင်သူအချို့က လေယာဉ်ပျက်မှ တွေ့ရမည့်အဖြေများထွက်ပေါ်ရန် လများစွာ အချိန်ယူရမည်ဟု သတိပေးထားပြီးဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်
ထိုင်း၊ အိန္ဒိယ၊ ဟောင်ကောင် ဘိုးအင်း 737 Max လေယာဉ်ပျံသန်းခွင့် တားမြစ်
စင်ကာပူနှင့် နိုင်ငံတချို့ ဘိုးအင်း 737 Max လေယာဉ် ပျံသန်းမှု ဆိုင်းငံ့ပြန်
ဘိုးအင်း 737 MAX အသုံးပြုမှု ရပ်ဆိုင်းထားရန် တရုတ်အမိန့်ထုတ်