မြန်မာ့ယဉ်ကျေးမှုအစဉ်အလာမှာ ရဟန်းခံ ရှင်ပြုပွဲကိစ္စက အလွန်ကိုအရေးကြီးပါတယ်။ မကြာခင် မှာကျောင်းတွေ လည်း ပိတ်တော့မှာ ဖြစ်တဲ့အတွက် မိဘတွေဟာ ကိုယ့်သားတွေကို ဘုန်းကြီး ကျောင်း တွေပို့ပြီး ကိုရင် ရဟန်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို သင်ကြားစေသလို ဗုဒ္ဓရဲ့ ဓမ္မသဘောတရားတွေကိုလည်း သင်ကြားစေ ပါတယ်။
အဲဒီနောက်မှာတော့ ပရိက္ခရာ ၈ ပါးနဲ့ အတူ ရဟန်းခံရှင်ပြုစေပါတယ်။ ဒီအပြုအမူတွေဟာ ဗုဒ္ဓဘာသာ မိသားစု အတွင်းမှာတော့ အလွန်ကို အရေးကြီးတဲ့ အပြုအမူပါပဲ။
ရဟန်းခံ ရှင်ပြုပွဲအပြင် မတ်လအတွင်းမှာ နောက်ထပ်ကျင်းပတဲ့ တပေါင်းပွဲတော်တွေလည်း ရှိပါသေးတယ်။
အဲဒီပွဲတော်ကတော့ ပဲခူးတိုင်း ရွှေတောင်မြို့က ရွှေနတ်တောင်ဘုရားပွဲပါပဲ။ ဒီဘုရားပွဲကိုတော့ ရွှေတောင်မြို့ မှာ ကျင်းပလေ့ရှိပါတယ်။
ဒီဘုရားပွဲတော်မှာ ဆိုရင်တော့ ဘုရားဖူး အများအပြားဟာ ကိုယ်ပိုင်လှည်းတွေနဲ့ ဘုရားပွဲကိုလာလေ့ရှိပါတယ်။ အဲဒီဘုရားပွဲမှာဆိုရင်တော့ ကလေးကစားစရာပစ္စည်း အစုံအလင်အပြင် ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပစ္စည်း အမျိုးမျိုးကိုလည်း ဝယ်ယူရနိုင်ပါသေးတယ်။
နောက်ထပ်ကျင်းပတဲ့ ပွဲတော်ကတော့ ငပုတောမြို့နယ်က မော်တင်စွန်းဘုရားပွဲပါပဲ။ ဒီပွဲတော်ကိုတော့ ရန်ကုန်ကနေ ကားနဲ့ ခမောက်မော်အထိ သွားနိုင်သလို ပုသိမ်မြို့မှ ခမောက်မော်အထိ သင်္ဘောဖြင့် လည်း သွားနိုင်ပါတယ်၊ ထိုမှ တဆင့် ဆိုင်ကယ် ကယ်ရီများဖြင့် မော်တင်စွန်းကို ဆက်လက်သွားနိုင်ပါတယ်။
နောက်ထပ် အထင်ကရ ပွဲတော်ကြီး တခုကတော့ ကချင်ပြည်နယ် မိုးညှင်းမြို့ အင်းတော်ကြီးအိုင် ရွှေမဉ္စူဘု ရား ပွဲတော်ပါ။ ဒီဘုရားပွဲတော်ကြီးကျင်းပနေတဲ့အချိန်မှာဆိုရင်တော့ ဘုရားဖူး အများအပြားလာ ရောက်ပါတယ်။
အင်းတော်ကြီးအိုင်ဟာ အလျား ၁၆ မိုင် အနံ ၈ မိုင်လောက် ကျယ်ဝန်းပြီး အိုင်တဝိုက်မှာနေထိုင်ကြသူအများစုက ရှမ်းလူမျိုးတွေပါ။ ဘုရားပွဲ ကျင်းပနေချိန် ဆိုရင်တော့ ဘုရားဆီသွားဖို့ လူသွားလမ်းကလေးတွေပေါ်လာတတ်ပြီး အဲဒီလမ်းတွေကိုတော့ နတ်တွေကခင်းပေးတယ်လို့ ဒေသခံတွေကယုံကြည်ကြပါတယ်။
နောက်ထပ် ကျင်းပတဲ့ပွဲတော်ကတော့ သီပေါဘော်ကြိုဘုရားပွဲတော်ပါ။ဒီဘုရားပွဲတော်ကိုတော့ ရှမ်းပြည်က ဘုရားဖူး တွေသာမက မြန်မာနိုင်ငံက ခရီးသွားတွေပါလာရောက်ကြပါတယ်။
ဒီပွဲတော် ကျင်းပနေတဲ့ အချိန်အတွင်းမှာဆိုရင်တော့ ရှမ်းလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့ နေထိုင်မှုစနစ်တွေကိုပါ လေ့လာ နိုင်သလို အရသာရှိတဲ့ရှမ်းအစားအသောက်တွေကိုလည်း စားသုံးနိုင်ပါသေးတယ်။
မြန်မာနိုင်ငံအရပ်ရပ်မှာ အခြားထင်ရှားတဲ့ တပေါင်းဘုရားပွဲတော်တွေလည်း ရှိကြပါသေးတယ်။ အဲဒါတွေကတော့ ဇလွန်ပြည်တော်ပြန်ဘုရားပွဲ ၊ ပင်းတယလိုဏ်ဂူဘုရားပွဲ ၊ ရွှေမျက်မှန်ဘုရားပွဲ စတာတွေပါပဲ။