မိသားစု၊ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ခရီးသွားရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ တခါတလေ အတူတူသွားမယ့် သူငယ်ချင်းတွေနဲ့ ညှိမရတဲ့အခါနဲ့ ကိုယ်သွားချင်တဲ့ နေရာကို အတူလိုက်မယ့် သူငယ်ချင်း မရှိတဲ့ အခါမျိုးတွေမှာ တကိုယ်တော် ခရီးသွားသင့်ပါတယ်။
တကိုယ်တော် ခရီးသွားနေကျ အမျိုးသမီး ဘလော့ဂါတဦး ရေးထားတာ ဖတ်ခဲ့ရဖူးပါတယ်။ “တကိုယ်တော် ခရီးသွားတာ ဘယ်သူနဲ့မှ ညှိနှိုင်းနေစရာ မလိုဘူး။ နောက်ဆံ မတင်းဘဲ သွားနိုင်တယ်။ ကိုယ်သွားချင်တဲ့နေရာ၊ ကိုယ်လုပ်ကြည့်ချင်တဲ့ အရာတွေကို လုပ်ကြည့်နိုင်တယ်” လို့ သူက ဆိုပါတယ်။
ဒီလိုအားသာချက်တွေကြောင့်လည်း အမျိုးသမီးတွေ တကိုယ်တော် ခရီးသွားကြတာလို့ ဆိုပါတယ်။ တချို့ကျတော့လည်း တကိုယ်တော်ခရီး စမ်းသွားရင်းနဲ့ တယောက်တည်းသွားတာကို အကြိုက်တွေ့သွားတာမျိုးလည်း ရှိပါတယ်။ ဒီတခါတော့ တကိုယ်တော် ခရီးသွားလေ့ ရှိသူတွေ၊ သွားချင်သူတွေအတွက် Solo Trip ခေါင်းစဉ်နဲ့ အကိုက်ညီဆုံး နိုင်ငံတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
(၁) နယူးဇီလန်
နယူးဇီလန်နိုင်ငံဟာ တကိုယ်တော် ခရီးသွားတွေအတွက် သဘာဝအလှတွေနဲ့ Activities ပေါင်းစုံပေါများရာ နေရာတခုပါ။ Jet Skiing၊ မြင်းစီး၊ တောင်တက်၊ ကယက်လှေလှော် အားကစားတွေအပြင် Bungee Jumping နဲ့ Skydiving အတွေ့အကြုံတွေကိုပါ ရရှိခံစားနိုင်ပါတယ်။ တကိုယ်တော် လေ့လာချင်သပ ဆိုရင် ခရီးစဉ်တွေ ရှိသလို၊ တခြားအဖွဲ့တွေနဲ့ ပူးပေါင်းချင်တယ်ဆိုရင်လည်း အဖွဲ့လိုက်အစီအစဉ်တွေ ရှိပါတယ်။ ကိုယ့်နဲ့ဝါသနာတူချင်း ခင်မင် ရင်းနှီးခွင့် ရနိုင်မယ့် အခွင့်အရေးပါ။
(၂) ဂရိကျွန်းစု
နွေရာသီမှာ တကိုယ်တော်ကဲလို့ ကောင်းမယ့်နေရာကတော့ ဥရောပတိုက်က ဂရိကမ်းခြေဆီပါ။ ဇွန်လလယ်လောက်ကနေ သြဂုတ်လကုန်ထိ သဲသောင်ပြင်ပေါ်မှာ ကမ်းခြေဘက် ခြေဦးလှည့်သူတွေများလို့ တိုးမပေါက်အောင် စည်ကားတတ်ပါတယ်။ လူရှင်းတာကို ကြိုက်တယ်ဆိုရင်တော့ စက်တင်ဘာကနေ မေလအတွင်းဆို တိတ်ဆိတ် အေးဆေးပါတယ်။
(၃) အီတလီ
အီတလီနိုင်ငံ Cinque Terre ကတော့ ပင်လယ်ဆိပ်ကမ်းမြို့လေးဖြစ်ပြီး ရောင်စုံခြယ်ထားတဲ့ အိမ်လေးတွေက အမြင်အာရုံကို ဆွဲဆောင်နေပါတယ်။ အီတလီ အစားအစာစစ်စစ် Spaghetti နဲ့ Gelato ရေခဲမုန့်အရသာကို တဝကြီးမြည်းစမ်းနိုင်သလို မြို့အနှံ့ တကိုယ်တော် ဒေသန္တရဗဟုသုတလေ့လာရင်း ဒေသခံတွေနဲ့လည်း မိတ်ဆွေ ဖွဲ့ကြည့်သင့်ပါတယ်။
(၄) ဆွီဒင်
ဥရောပတိုက်မှာ တကိုယ်တော် ခရီးထွက်လို့ အကောင်းဆုံးနဲ့ စိတ်ချလုံခြုံမှု အပြည့်ရှိတာကတော့ ဆွီဒင်နိုင်ငံ၊ မြို့တော် စတော့ဟုမ်းပါ။ မြို့ထဲက ရှေးဟောင်း အဆောက်အဦတွေရယ်၊ သမိုင်းဝင်နေရာတွေကိုပါ လေ့လာနိုင်သလို စတော့ဟုမ်းကနေ နေ့ချင်းပြန် ခရီးသွားလို့ရတဲ့ ကျွန်းတွေမှာ အရသာရှိတဲ့ ပင်လယ်စာတွေကို မြည်းစမ်းနိုင်ပါတယ်။
(၅) ဗီယက်နမ်
ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းရဲ့ ရှုပ်ယှက်ခတ်လွန်းတဲ့ ဆိုင်ကယ်တွေကြောင့် အနှောင့်အယှက် မရှိဘူးဆိုရင် မြို့ထဲက ရှေးဟောင်း အဆောက်အဦတွေ၊ ပြတိုက်တွေနဲ့ ဒေသစာတွေ မြည်းစမ်းနိုင်မယ့် ဈေးတွေဆီ လည်ပတ်နိုင်ပါတယ်။ နေ့ချင်းပြန် ခရီးသွားချင်တယ်ဆိုရင်တော့ ယူနက်စကို အမွေအနှစ် စာရင်းဝင် Halong Bay လည်ပတ်ရင်း သဘာဝအလှတွေကို ခံစားကာ အရသာရှိတဲ့ ပင်လယ်စာတွေကို စိတ်ကြိုက်မြည်းစမ်းနိုင်ပါတယ်။
(၆) ကနေဒါ
တကိုယ်တော် ခရီးသွားတွေအတွက် မဖြစ်မနေ သွားသင့်တဲ့ နေရာတခုကတော့ ကနေဒါနိုင်ငံ၊ မြို့တော် ဗန်ကူးပါး ပါ။ ထိုးထွက်နေတဲ့ မိုးမျှော်တိုက်တွေနဲ့ သဘာဝအလှတွေကို ဘယ်လိုပုံစံ ပေါင်းစပ်ထားလဲ ဆိုတာ ကိုယ်တိုင် သွားကြည့်မှာပဲ ခံစားမိမှာပါ။ ဒေသအစားအစာတွေကို မြည်းစမ်းရင်း ရင်းနှီးဖော်ရွှေတဲ့ ဒေသခံတွေကြောင့် ပျော်ရွှင်စရာ ခရီးတခု ဖြစ်လာမှာပါ။
Ref: Culture Trip