မိသားစုနဲ့အတူ ခရီးသွားခြင်းက မိဘကော ကလေးတွေမှာပါ အကျိုးကျေးဇူး ခံစားခွင့်တွေ အများကြီး ရှိပါတယ်။ မိသားစုလိုက် ခရီးသွားတာ ကလေးတွေအတွက်တော့ ပျော်ရွှင်စရာ အချိန်တွေပါပဲ။ ဒါကြောင့် မိသားစုလိုက် ခရီးသွားတဲ့အခါ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) မိသားစုဝင် အချင်းချင်း လေးနက်တဲ့ ဆက်ဆံရေးကို တည်ထောင်နိုင်ခြင်း
ဒီခေတ်ကြီးရဲ့လူသားတွေဟာ စိတ်ဖိစီးမှုဒဏ်ကို ပိုပိုပြီးခံစားလာရပါတယ်။ မိဘတွေ ကိုယ်တိုင်ကလည်း အလုပ်တွေများလေ့ ရှိကြတဲ့အတွက် ကလေးတွေဟာ သီချင်းနားထောင်တာ၊ အားကစားလုပ်တာနဲ့ ကျူရှင်လို နေရာမျိုးတွေမှာ အချိန်ကုန်ကြရပါတယ်။ ဒါကြောင့်လည်း မိသားစုလိုက် ခရီးထွက်ဖို့ လိုပါတယ်။ မိသားစုလိုက် ခရီးထွက်တာက မိသားစုဝင်တွေ အချင်းချင်းကြားမှာ ပိုမိုခိုင်မြဲတဲ့ ဆက်ဆံရေးကို တည်ဆောက်ပေးနိုင်သလို ကလေးတွေကို အချိန်ပေးတဲ့ အနေနဲ့ မိသားစုလိုက် ခရီးထွက်သင့်ပါတယ်။
(၂) ကလေးတွေအနေနဲ့ စိတ်ကျေနပ်မှု ရခြင်း
ခရီးထွက်တယ်ဆိုတာက ကိုယ်နဲ့ အကျွမ်းတဝင် မရှိတဲ့ ယဉ်ကျေးမှုတွေနဲ့ ထိစပ်ရတာပါ။ ကလေးတွေ အနေနဲ့ ဆိုရင်လည်း မတူညီတဲ့ ဘာသာစကား၊ မတူညီတဲ့ ယဉ်ကျေးမှု စတာတွေကို ထိတွေ့ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားစရာ ကောင်းသလို စိတ်ကျေနပ်မှုတွေကိုလည်း ရလာပါလိမ့်မယ်။ နောက်ထပ် တချက်ကတော့ မမျှော်လင့်တဲ့ အခြေအနေတွေမှာ ကလေးတွေအနေနဲ့ လိုက်လျောညီထွေ နေတတ်သွားပါလိမ့်မယ်။
(၃) ကမ္ဘာကြီးဟာ သင်ယူစရာ သင်ခန်းစာတခု ဖြစ်လာခြင်း
စာသင်ခန်းတွေရဲ့ အပြင်ဘက်မှာ တကယ့် လက်တွေ့ဘဝကြီးတခု ရှိနေပါတယ်။ အဲဒီ တကယ့်လက်တွေ့ဘဝကြီးကိုတော့ ခရီးသွားခြင်းအားဖြင့်သာ ရရှိနိုင်ပါတယ်။ ကိုယ်နဲ့ မတူတဲ့ ဘာသာစကား သုံးစွဲသူတွေရဲ့အကြောင်းတွေကိုလည်း ကလေးတွေအနေနဲ့ အနီးကပ် သင်ကြားနိုင်ပါလိမ့်မယ်။
(၄) မတူညီမှုများကို သင်ကြားရခြင်း
ကလေးတွေအနေနဲ့ ခရီးထွက်တဲ့အခါမှာ မတူကွဲပြားတဲ့ အသံတွေ၊ တန်ဖိုးတွေ၊ အစားအစာတွေ၊ လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာ ဓလေ့ထုံးစံတွေကို သင်ကြားနိုင်ပါလိမ့်မယ်။ နောက်ထပ် အရေးကြီးတာတခုကတော့ မိတ်ဆွေ သူငယ်ချင်းတွေ ပိုပိုတိုးလာစေတဲ့ အချက်ပါပဲ။ ကိုယ်နဲ့မတူတဲ့ လူတွေနဲ့ မိတ်ဆွေ သူငယ်ချင်းဖြစ်ရတဲ့အခါ သူတို့ရဲ့ လူမှုရေးဆိုင်ရာ ကိစ္စတွေအပြင် ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေကိုလည်း လေ့လာနိုင်ပါလိမ့်မယ်။
ဒီအချက်ကလည်း ကလေးတွေအတွက် အရေးကြီးပါတယ်။ ဒါကြောင့်လည်း အလုပ်ဖိစီးမှု၊ စိတ်ဖိစီးမှုများတဲ့ မိဘတွေအနေနဲ့ တနှစ်မှာ အနည်းဆုံး တကြိမ်လောက်တော့ မိသားစုဝင်တွေနဲ့အတူ ခရီးထွက်သင့်ပါတယ်။ မိသားစုတွေနဲ့အတူ ခရီးသွားခြင်းက မိဘတွေအတွက်လည်း စိတ်အပန်းပြေစေနိုင်ကလို ကလေးတွေအတွက်လည်း စာသင်ခန်း ပြင်ပက သင်ခန်းစာတွေကို သင်ယူနိုင်ပါလိမ့်မယ်။
Ref : pretraveller