Travel

ထိုင်းနိုင်ငံ ရောက်ရင် မဖြစ်မနေ သွားလည်သင့်တဲ့ နေရာများ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံကို အလည်အပတ် သွားသူတွေအဖို့ မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာတွေ ရှိပါတယ်။ အဲဒီ နေရာတွေကိုတော့ Taxi ဒါမှမဟုတ် ဧည့်လမ်းညွှန်တွေကို ငှားရမ်းပြီး သွားရောက် လည်ပတ်နိုင်ပါတယ်။ ထိုင်းနိုင်ငံက လည်ပတ်သင့်တဲ့ နေရာအချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) Hua Hin မီးရထားဘူတာ

Hua Hin ခရိုင်ကိုတော့ ဘန်ကောက်ကနေ ၃ နာရီလောက် ကားစီးသွားရင် ရောက်ပါပြီ။ ဒီခရိုင်ကတော့ လူနေကျဲပါးတဲ့ ခရိုင်တခုပါပဲ။ ဒါကြောင့်လည်း စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ အကောင်းဆုံး နေရာ တနေရာပါ။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ကောက်ခံထားတဲ့ စာရင်းအရဆို တခရိုင်လုံးမှာ နေထိုင်သူ စုစုပေါင်းက ၆၃၀၉၁ ယောက်သာ ရှိပါတယ်။

Hua Hin မီရထား ဘူတာရုံကိုတော့ ၁၉၂၁ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီဘူတာရုံဟာ ဒေသခံတွေရဲ့ စီးပွားရေးကို မြှင့်တင့်ပေးနေတဲ့ ဘူတာရုံဖြစ်သလို စင်္ကာပူနဲ့ ပီနန်ကို အလည်အပတ်သွားဖို့ အချက်အချာကျတဲ့ နေရာလည်း ဖြစ်ပါတယ်။

(၂) Plearnwan Village

Plearnwan ကျေးရွာကတော့ Hua Hin မီးရထား ဘူတာရုံကနေ ၃ ကီလိုမီတာအဝေးမှာ ရှိပါတယ်။ အဲဒီကျေးရွာမှာဆိုရင် ဈေးပေါတဲ့ လက်ဝတ်လက်စား အမျိုးမျိုးနဲ့ ရှေးဟောင်းပစ္စည်း အမျိုးမျိုးကို ဝယ်ယူနိုင်သလို ဟင်းသီးဟင်းရွက်နဲ့ ဆေးမြစ် အမျိုးမျိုးကိုလည်း ဝယ်ယူနိုင်ပါသေးတယ်။ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ဝယ်ယူချင်တယ်ဆိုရင်လည်း Plearnwan ကျေးရွာက ပြီးပြည့်စုံတဲ့ နေရာ တနေရာပါ။

(၃) Tamarind Market

နေဝင်လာပြီဆိုတာနဲ့ Tamarind Market က လူစည်ကားလာပါပြီ။ အဲဒီဈေးမှာဆိုရင် ပီဇာ၊ အသားကင်၊ ခေါက်ဆွဲနဲ့ ဆူရှီတွေကို အရသာရှိရှိ ဝယ်ယူသုံးဆောင်နိုင်ပါတယ်။ Tamarind Market ကိုတော့ ကြာသပတေးကနေ တနင်္ဂနွေအထိ ဖွင့်လေ့ ရှိပါတယ်။ ဈေးဖွင့်တဲ့အချိန်ကတော့ ညနေ ၅ နာရီကနေ ည ၁၁ အထိပါ။ ဒီဈေးကတော့ Hua Hin ခရိုင်အတွင်းက Nong Kae မှာ ရှိပါတယ်။

(၄) Khao Sam Roi Yot National Park

ဒီအမျိုးသားဥယျာဉ်ကတော့ Kui Buri ခရိုင်အတွင်းမှာ ရှိပါတယ်။ ၃၇ ဒဿမ ၈၇ စတုရန်းမိုင် အကျယ်အဝန်းရှိပြီး ၈ ဒဿမ ၀၆ စတုရန်းမိုင်ကတော့ ရေပြင်ပါ။ သဘာဝအလှကို ချစ်မြတ်နိုးသူတွေနဲ့ ခြေလျင်ခရီးထွက်သူတွေအတွက်တော့ ဒီနေရာက အခရာပါ။

(၅) Camel Republic

Cha-am ခရိုင်မှာရှိတဲ့ Camel Republic ကတော့ Santorini ပန်းခြံကနေ ၃ မိနစ်လောက် ကားစီးသွားရင် ရောက်ပါပြီ။ သစ်ကုလားအုတ်၊ ကုလားအုတ်၊ ရွှေယုန်နဲ့ ကြိုးကြာနီ စတာတွေ ပါဝင်တဲ့ တိရစ္ဆာန်ရုံတွေ ရှိသလို အပန်းဖြေစရာ နေရာတွေလည်း ရှိပါသေးတယ်။ Camel Republic ကိုတော့ တနင်္လာကနေ သောကြာအထိ ဖွင့်ပြီး မနက် ၁၀ နာရီ ကနေ ညနေ ၆ နာရီအထိ သွားရောက် လည်ပတ်နိုင်ပါတယ်။ စနေ၊ တနင်္ဂနွေနဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာဆိုရင် မနက် ၉ နာရီကနေ ညနေ ၆ နာရီခွဲ အထိ သွားရောက်လည်ပတ်နိုင်ပြီး ဗုဒ္ဓဟူးနေ့တိုင်းတော့ ပိတ်ပါတယ်။

Ref : stories.travel360

Did you find apk for android? You can find new Free Android Games and apps.
Loading