ယနေ့ခေတ်မှာ ခရီးသွားအများအပြားဟာ တရုတ်နိုင်ငံကိုလည်း သွားရောက် လည်ပတ်ကြပါတယ်။ အဲဒီလိုလည်ပတ်ရတဲ့ အကြောင်းအရင်းကတော့ ကြွယ်ဝတဲ့ သမိုင်းကြောင်းကို တွေ့ကြုံခံစားချင်လို့ ဖြစ်သလို တရုတ်နိုင်ငံရဲ့ တောက်ပတဲ့ အနာဂတ်အကြောင်း တစေ့တစောင်း လေ့လာချင်လို့လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံကို အလည်သွားချင်သူတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ အချက်အချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) ငွေသားကိုသာ အသုံးပြုရ လွယ်ကူခြင်း
တရုတ်နိုင်ငံရဲ့ စီပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ဟိုတယ်တချို့တွေမှာ ဗီဇာနဲ့ မာစတာကတ်ကို လက်ခံပေမယ့် အများဆုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတာကတော့ ငွေသားစနစ်နဲ့ ငွေပေးချေမှုပါ။ ဒါကြောင့်လည်း တရုတ်နိုင်ငံကို အလည်အပတ် သွားမယ်ဆိုရင်တော့ ငွေသားစနစ်နဲ့ ငွေပေးချေမှုကိုသာ လုပ်ဆောင်ရပါလိမ့်မယ်။
(၂) တရုတ်ပိုက်ဆံကိုသာ အသုံးပြုနိုင်ခြင်း
တရုတ်နိုင်ငံရဲ့ ပိုက်ဆံကတော့ ယွမ်ပါ။ တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာတောင် အမေရိကန်ဒေါ်လာ ဒါမှမဟုတ် ဟောင်ကောင်ဒေါ်လာ အစရှိတဲ့ ဘယ်ငွေကြေးကိုမှ လက်ခံလေ့ မရှိကြပါဘူး။ ဒါကြောင့်လည်း တရုတ်နိုင်ငံကို အလည်သွားတဲ့အခါ တရုတ် ပိုက်ဆံဖြစ်တဲ့ ယွမ်ငွေကို သုံးစွဲခြင်းက ပိုပြီး အဆင်ပြေနိုင်ပါလိမ့်မယ်။
(၃) ATM အသုံးပြုခြင်း
တရုတ်နိုင်ငံရဲ့ ဘဏ်အများစုက နိုင်ငံခြားကတ် အသုံးပြုတာကို လက်ခံလေ့ မရှိကြပါဘူး။ ဒါကြောင့်လည်း နိုင်ငံခြား ဘဏ်ငွေစာရင်းထဲကနေ တရုတ်နိုင်ငံသုံး ပိုက်ဆံကိုသာ ထုတ်ယူ အသုံးပြုနိုင်ပါလိမ့်မယ်။ နိုင်ငံတကာ အသုံးပြုနိုင်တဲ့ ATM စက်တွေကိုတော့ အဓိကကျတဲ့ မြို့ ကြီးတွေမှာသာ အသုံးပြုနိုင်မှာဖြစ်ပြီး ခရီးသွားတွေ အသွားအလာများတဲ့ ဒေသတွေမှာတော့ နိုင်ငံတကာ အသုံးပြုနိုင်တဲ့ ATM စက်တွေကို တွေ့ရခက်ခဲနိုင်ပါတယ်။
(၄) စကားပြန် ငှားရမ်းခြင်း
တရုတ်နိုင်ငံကို အလည်သွားမယ်ဆိုရင်တော့ စကားပြန် တယောက် ငှားရမ်းတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ မျက်နှာချင်းဆိုင်ပြောဆိုရမယ့် ငွေကြေးဆိုင်ရာ ကိစ္စတွေမှာ ဆိုရင်လည်း စကားပြန်ကို အသုံးပြုတာကသာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ် အနည်းငယ်လောက်နဲ့ အဓိကမြို့ ကြီးတွေဖြစ်တဲ့ ဘေကျင်း၊ ရှန်ဟိုင်းလောက်မှာသာ အင်္ဂလိပ် စကား တတ်ကျွမ်းတဲ့ ဝန်ထမ်းတွေ ရှိလို့ပါ။
(၅) တတ်နိုင်သလောက် ဈေးဆစ်ပါ
စတိုးဆိုင်တွေ ဖက်ရှင်ဆိုင်တွေမှာဆိုရင်လည်း ဈေးဆစ်နိုင်ဖို့ လိုအပ်ပါတယ်။ ပထမဆုံး သတ်မှတ်ထားတဲ့ ဈေးနှုန်းကို ဘယ်တော့မှ လက်မခံပါနဲ့။ တတ်နိုင်သလောက် ဈေးဆစ်ပါ။ အမှတ်တရပစ္စည်းတွေ ဝယ်ယူတဲ့ နေရာမှာလည်း ဈေးဆစ်တတ်ဖို့ လိုပါတယ်။
Ref : ytravelblog