အခုဖော်ပြပေးမယ့် ကမ်းခြေတွေကတော့ ကလေးတွေအနေနဲ့ အပန်းဖြေအနားယူဖို့ သင့်တော်တဲ့ ကမ်းခြေတွေပါ။ ဒီ ကမ်းခြေစာရင်းကိုတော့ Trip Advisor ဝက်ဘ်ဆိုက်မှ ခရီးသွားတွေဆီကနေ ကောက်ခံထားတာ ဖြစ်ပါတယ်။ အားလပ်ရက်လို နေ့မျိုးတွေမှာ မိသားစုလိုက် ခရီးထွက်မယ်ဆိုရင် ကမ်းခြေတွေဆီကို မသွားနိုင်ခဲ့ရင် ခရီးထွက်ခြင်းရဲ့ အဓိပ္ပာယ် ပြည့်စုံမှာ မဟုတ်ပါဘူး။
ကမ္ဘာပေါ်က ရှိသမျှ ကမ်းခြေတိုင်းဟာ ကလေးတွေအတွက် သင့်တော်တာတော့ မဟုတ်ပါဘူး။ ကမ်းခြေတွေဆီ အပန်းဖြေသွားမယ်ဆိုရင် စဉ်းစားစရာတွေက အများကြီးပါ။ ကလေးတွေအနေနဲ့ ကမ်းခြေကို အပန်းဖြေထွက်တဲ့အခါ ရေဘေး အန္တရာယ် ရှိနိုင်လား၊ ကလေးတွေကို ပြုစုစောင့်ရှောက်နိုင်မယ့် အဆောက်အဦ ကောင်းကောင်းရှိရဲ့လား စတာတွေကို စဉ်းစားဖို့ လိုပါတယ်။
အခုဖော်ပြပေးမယ့် ကမ်းခြေတွေကတော့ ၂၀၁၉ ခုနှစ်အတွက် ခရီးသွားတွေ စိတ်ကြိုက် ရွေးချယ် ပေးထားတဲ့ ကမ်းခြေတွေပါ။
(၁) Playa de Alcudia Beach, Majorca
ဒီကမ်းခြေကတော့ စပိန်နိုင်ငံရဲ့ ကမ်းခြေတခုပါ။ ဒီကမ်းခြေကိုတော့ Blue Flag ကမ်းခြေလို့လည်း ခေါ်ကြပါသေးတယ်။ ဒီကမ်းခြေကို ခရီးသွားတွေ ရွေးချယ်ပေးရတဲ့ အကြောင်းကတော့ သန့်ရှင်းမှုကြောင့်ပါ။ အဲဒီကမ်းခြေမှာဆိုရင်တော့ မိသားစုတွေ အသုံးပြုနိုင်မယ့် ရေချိုးခန်း၊ အိမ်သာနဲ့ မိသားစု တစုအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ အားလုံးကို ထားပေးထားပါတယ်။ ဒီကမ်းခြေမှာဆိုရင် ကလေးတွေဟာ သဲတွေနဲ့ ရဲတိုက်တွေ ဆောက်နိုင်ကြသလို အထူးအစီအစဉ်အနေနဲ့ကတော့ ကလေးတွေ ပျင်းလာတဲ့အခါ ဖျော်ဖြေရေးအမျိုးမျိုးနဲ့ ဖျော်ဖြေပေးကြပါတယ်။
(၂) Bondi Beach, Australia
Bondi ကမ်းခြေကတော့ တောင်ပစိဖိတ်သမုဒ္ဒရာရဲ့ ၈ ခုမြောက် အကောင်းဆုံးကမ်းခြေ ဖြစ်သလို ပင်လယ်လှိုင်း စီးနိုင်တဲ့ ကမ်းခြေတခုလည်း ဖြစ်ပါသေးတယ်။ ကလေးငယ်တွေအတွက်ကတော့ ရေကူးကန်သေးသေးလေးတွေ ပြုလုပ်ပေးထားသလို အရွယ်ငယ်လွန်းတဲ့ ကလေးတွေအတွက် ဆိုရင်လည်း လက်တွန်းလှည်းကလေးတွေ ထားပေးထားပါတယ်။
အခြား မိသားစုနဲ့ မိတ်ဆွေတွေ အတွက်ဆိုရင်လည်း ပျော်ပွဲစားနိုင်တဲ့ ခုံရှည်တွေ၊ အသားကင် လုပ်စားနိုင်တဲ့ နေရာတွေကိုလည်း ပြုလုပ်ပေးထားပါတယ်။ ကမ်းခြေနဲ့ ခပ်ဝေးဝေးမှာ စားသောက်ချင်တယ်ဆိုရင်လည်း စားသောက်ဆိုင်တွေ ရှိသလို ကလေးတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေကိုလည်း ထားပေးထားပါသေးတယ်။
(၃) Siesta Beach, Florida, United State
အမေရိကန်ပြည်ထောင်စုရဲ့ ကမ်းခြေတခုဖြစ်တဲ့ Siesta ကမ်းခြေဟာဆိုရင်လည်း ကလေးတွေအတွက် အပန်းဖြေအနားယူလို့ သင့်တော်တဲ့ ကမ်းခြေ တခုပါ။ ဒီကမ်းခြေမှာဆိုရင်တော့ ကစားကွင်း၊ အိမ်သာနဲ့ အသက်ကယ်သမားတွေကိုပါ ထားပေးထားပါတယ်။ ဖော်ရွေပျူငှာတဲ့ ဝန်ထမ်းတွေကြောင့်လည်း ဒီကမ်းခြေဟာ မိသားစုနဲ့ ကလေးတွေအတွက်တော့ အိုအေစစ်ပါ။ ကားပါကင် နေရာတွေကလည်း ကျယ်ဝန်းပြီး အခမဲ့ ကားပါကင် ထိုးနိုင်သလို ကားအစင်းပေါင်း ၁၀၀၀ လောက် တပြိုင်နက် ပါကင်ထိုးနိုင်ပါတယ်။
Ref : tripadvisor