Travel

ပြည်မြို့သို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွား များပြားလာ

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်မြို့သို့ နိုင်ငံခြားသား ခရီးသွား လာရောက် လည်ပတ်မှုမှာ ၂၀၁၇ ခုနှစ်က ၁၉၂၅ ဦး ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၁၂၂၅၇ ဦး အထိ များပြာလာကြောင်း ပဲခူးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ညွှန်ကြားမှု ဦးစီးဌာန မှသိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေး ဒုတိယညွန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က“၂၀၁၇ ခုနှစ် နဲ့ ၂၀၁၈ နှိုင်းယှဉ် ချက်အရ ဟိုတယ် တွေမှာ တည်းခိုတဲ့ စာရင်းမှာ ၁၈၀၀ ကျော် တိုးလာပြီးတော့ ပြည်ပဧည့်သည် ကတော့ ၁၀၃၀၀ ကျော် တိုးလာတာ ပါတယ်။ အနောက်နိုင်ငံကဆို အီတလီ၊ ဂျာမနီစသဖြင့် အများစု လာတယ်။ အရှေ့တိုင်းဘက်က ဆိုရင် တရုတ်၊ ဂျပန် နဲ့ ကိုးရီးယားဘက်က လာတာများပါတယ်။ အဓိကကတော့ ယူနက်စကိုနဲ့ သက်ဆိုင်ပြီး လာလည်ကြတာများပါတယ်။” ဟု ဧရာဝတီကိုပြောသည်။

ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်မှု များပြားလာသည့်အတွက် ပြည်မြို့ပေါ်တွင် ဟိုတယ်နှင့် ခရီးသွားညွန် ကြားမှု ဦးစီးဌာနမှ ဦးဆောင်၍ Information Counter တခုဖွင့်လှစ်ရန်စီစဉ်ထား ကြောင်း သိရသည်။

ပြည်မြို့အား မြို့ပြစီမံကိန်းရေးဆွဲရာတွင် သရေခေတ္တရာ မြို့ဟောင်းကို ဖွံ့ဖြိုးတိုးတက်လာရန် ၊ ကမ်းနားလမ်းအား အဆင့်မြှင့်တင်ရန်နှင့်ပို့ဆောင်ရေးကဏ္ဍများ တိုးတက်လာအောင်ဆောင်ရွက် ရန်လိုအပ်ကြောင်း ဦးဟောက်ကျင်မုန်က ဆက်ပြောသည်။

“ကျနော်တို့ Information counter နေရာရရှိဖို့ကို သက်ဆိုင်ရာဌာနတွေနဲ့ ညှိုနှိုင်းဆောင်ရွက်နေဆဲပါ၊ ဝန်ထမ်းတွေ ကတော့ ကျနော်တို့မှာ သင်တန်း ပို့ချပြီးသား ဧည့်လမ်းညွန်တွေရှိပါတယ်။ ဧည့်လမ်း ညွန်တွေနဲ့ ကျနော်တို့ ရုံးက ဝန် ထမ်းတွေ ပူးပေါင်းပြီးတော့ ကောင်တာမှာ တာဝန်ပေးဖို့ စီစဉ် ထား ပြီးပြီ၊ နိုင်ငံခြားသားတွေ လာရင် ဘယ်နေရာက စွဲ ဆောင်မှုဘယ်လိုရှိတယ်။ ဘယ်လိုသွားရတယ်။ ပို့ဆောင်ရေးစနစ်ဘယ်လိုရှိတယ်စသဖြင့်ပေါ့၊ လိုအပ်လို့ လိုက်ပြပေးပါ ဆိုရင် ဂိုက်တွေကနေ လိုက်ပြ ပေးတဲ့ ရှင်းပြပေးတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။

သရေခေတ္တရာ ရှေးဟောင်းဇုန်သို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွားများ(ကောင်းမြတ်မင်း)

ပဲခူးတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွန်ကြားရေးမှူးဦးစီးဌာန၏ စာရင်းများအရ ပြည်ပခရီးသွား များ လာရောက် လည်ပတ်မှု မြင့်တက်နေသော်လည်း ပြည်မြို့ပေါ်ရှိ အဆင့်မြင့်ဟိုတယ်ကြီးများတွင် လာရောက်တည်းခိုမှု လျော့ကျ နေပြီး ရခိုင်အရေးကြောင့် ယခင်လာရောက်တည်းခိုရန် ကြိုတင် စာရင်းပေးသွင်းထားသည့် နိုင်ငံခြားသားများမှ ခရီးစဉ်များဖျက်သိမ်းမှုများကြုံတွေ့ခဲ့ရကြောင်း ပြည်မြို့ကမ်းနားလမ်းရှိ ဧရာဝတီဟိုတယ် မန်နေဂျာ ဦးကြည်ဝင်းက ပြောသည်။

“အခုနောက်ပိုင်း နိုင်ငံရေးအခြေအနေကြောင့် ဟိုတယ် တော်တော်များများ ဧည့်သည်လျော့သွားတယ်။ နိုင်ငံခြားသား ပေါ့၊ ရခိုင် အရေးကြောင့် အတော်လျော့သွားတယ်။ နိုင်ငံခြားသားက ပြည် အတွက် လာဖို့နေရာ အင်မတန် နည်းပါတယ်။ သရေခေတ္တရာ မြို့ဟောင်းနဲ့ အကောက်တောင်လောက်ပဲ လာ တာ၊ အရင်က ရန်ကုန်က ပုဂံသွားရင် ဒီလမ်းက သွားတော့ ဒီမှာနားတယ်၊ အခုတော့ အမြန်လမ်း က သွားတယ်၊ လေကြောင်းကသွားတယ်၊ တကူးတကလာလည်ဖို့ နေရာနဲတယ်၊ မြစ်ကြောင်းကနေ သင်္ဘောနဲ့ လာတာများတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် နိုင်ငံတော် အနေနဲ့ ပြည်ဒေသတဝိုက် ခရီးသွားလာနိုင်သည့် နေရာဖော်ဆောင်ပေးမှု နည်းပါးကြောင်း ထောက်ပြသည်။

ပြည်ခရိုင်အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များလာရောက်တည်းခိုးရန်ဟိုတယ်ပေါင်း ၂၈ လုံးတွင် အခန်း ပေါင်း ၆၄၇ ခန်းရှိပြီး အခန်းငှားရမ်းနှုန်းမှာ ၁၄ ရာခိုင်နှုန်းအထိသာရောင်း ချနိုင် သေးကြောင်း၊ဟိုတယ်လုပ်ငန်း လိုင်စင် တင်ထားသည့် ဟိုတယ် ၃ လုံးနှင့် ဆောက်လုပ်ခွင့် တင်ထား သည့် ဟိုတယ် ၃ လုံး ထပ်မံ လျောက်ထားကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီသွား ညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

Loading