ဘန်ကောက်မြို့ဟာ ကမ္ဘာပေါ်မှာ ခရီးသွားတွေလာရောက် လည်ပတ်မှု ဒုတိယအများဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။ ဒီစာရင်းကိုတော့ ကမ္ဘာ့ဈေးကွက်ကို သုတေသနပြုလုပ်ခဲ့တဲ့ Euromonitor International ကုမ္ပဏီက ဖော်ပြပေးခဲ့တာပါ။
ဒီကုမ္ပဏီဟာ နိုင်ငံပေါင်း ၁၀၀ ကို သုတေသန ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ၂၀၁၈ ခုနှစ်ရဲ့ ခရီးသွားတွေ လာရောက် လည်ပတ်မှု ဒုတိယ အများဆုံးမြို့အဖြစ် ဘန်ကောက်မြို့ကို သတ်မှတ်ပေးခဲ့တာပါ။
ဒီကုမ္ပဏီကတော့ တခြားနိုင်ငံတနိုင်ငံကို တနှစ်အတွင်း အနည်းဆုံး ၂၄ နာရီကြာ လာရောက် လည်ပတ်ကြတဲ့ အရေအတွက်ကို အခြေခံပြီး နိုင်ငံတကာ ခရီးသွား ဧည့်သည် ဝင်ရောက်မှု အနည်း၊ အများကို သတ်မှတ်ပေးခဲ့တာပါ။
၂၀၁၈ ခုနှစ်အတွင်းမှာ နိုင်ငံတကာက မြို့ပေါင်း ၁၀၀ ကို ခရီးသွားတွေ လာရောက် လည်ပတ်မှု အရေအတွက် တိုးလာခဲ့ပါတယ်။ ခရီးသွားတွေအများဆုံး လာရောက် လည်ပတ်ကြတဲ့ စာရင်းမှာ ဟောင်ကောင်က ပထမနေရာမှာ ရှိနေခဲ့ပြီး ဘန်ကောက်က ဒုတိယဖြစ်သလို လန်ဒန်၊ စင်ကာပူ၊ မကာအို၊ ပဲရစ်၊ ဒူဘိုင်း ၊ နယူးယောက်စီးတီး၊ ကွာလာလမ်ပူနဲ့ ရှန်ကျန်းတို့ကလည်း အစဉ်လိုက် ရပ်တည်နေကြပါတယ်။
“၂၀၁၈ ခုနှစ်အတွင်းမှာဆိုရင်တော့ အာရှနိုင်ငံတွေကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွား အရေအတွက်က တိုးတက်လာခဲ့ပါတယ်။ မြို့ပေါင်း ၁၀၀ ကို စာရင်းလုပ်ထားတဲ့အထဲမှာ အာရှတိုက်ရဲ့ မြို့တော်တွေက ၄၁ မြို့အထိ ပါနေပါတယ်။ ၂၀၁၂ ခုနှစ်မှာဆိုရင်တော့ မြို့ပေါင်း ၁၀၀ မှာ အာရှက ၃၇ မြို့သာ ပါဝင်နိုင်ခဲ့ပါတယ်။ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတွေကိုလည်း နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုနှုန်းက မြင့်မားနေဆဲပါပဲ ” လို့ Euromonitor International Travel ရဲ့ အတိုင်ပင်ခံ Wouter Geerts က ပြောပါတယ်။
အခြား တဖက်မှာဆိုရင် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ နိုင်ငံတကာ ခရီးသွားတွေ ဝင်ရောက်မှုနှုန်းက ကျဆင်းလာခဲ့ပါတယ်။ အဲဒီလို ကျဆင်းလာရတဲ့ အကြောင်းအရင်းတွေထဲမှာ အကြမ်းဖက် တိုက်ခိုက်မှုက အဓိကနေရာက ပါဝင်နေပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင် ဘန်ကောက်မြို့တင်မက အခြား နေရာ ၄ နေရာကိုလည်း နိုင်ငံတကာ ခရီးသွားတွေ လာရောက် လည်ပတ်မှုနှုန်း များလာခဲ့ပါတယ်။ အဆင့်အနေနဲ့ ပူးတွဲဖော်ပြရင်တော့ ဖူးခက် (၁၁) ၊ ပတ္တရား (၂၅) ၊ ချင်းမိုင် (၆၄) နဲ့ Krabi အဆင့် (၁၀၀) မှာ ရှိနေပါတယ်။
အရှေ့တောင်အာရှရဲ့ နိုင်ငံတကာ ခရီးသွားတွေ ဝင်ရောက်မှုအများဆုံး နေရာတွေရဲ့စာရင်းမှာ အင်ဒိုနီးရှားနိုင်ငံက Denpasar က နံပါတ် (၃၃) ၊ မလေးရှားနိုင်ငံရဲ့ Johor Bahur က နံပါတ် (၃၇) ၊ ဗီယက်နမ်နိုင်ငံရဲ့ ဟိုချီမင်းမြို့က နံပါတ် (၃၉) ၊ ဟနွိုင်းက နံပါတ် (၅၁) ၊ Ha Long Bay က နံပါတ် (၅၃) ၊ ဂျကာတာက နံပါတ် (၆၀) ၊ ပီနန်ကျွန်းက နံပါတ် (၆၆) ၊ Phnom Penh ကနံပါတ် (၆၉) ၊ Siem Reap က နံပါတ် (၈၆) နဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ Batam က နံပါတ် (၉၇) နေရာက အသီးသီး ရပ်တည်နေကြပါတယ်။
Ref : bangkokpost