ထိုင်းကွန်မြူနစ်များ လက်နက်ကိုင် တောခို လှုပ်ရှားခဲ့သည့် ၁၉၆၅ ခုနှစ် ဝန်းကျင်က မြောက်ပိုင်းရှိ တောင်တန်းများသည် ၎င်းတို့၏ ဌာနချုပ်များ ဖြစ်ခဲ့သည်။
ဗမာပြည် ကွန်မြူနစ်ပါတီ (BCP) တောခိုစဉ်က ပဲခူးရိုးမ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းကို လှည့်လည် အခြေချ သကဲ့သို့ပင် ထိုင်းကွန်မြူနစ်များသည်လည်း မြောက်ပိုင်း တောင်ပေါ်ဒေသကို အခြေပြုခဲ့ခြင်းဖြစ်သည်။
ယနေ့ခေတ်တွင် ထိုင်းကွန်မြူနစ်များ အခြေစိုက်ခဲ့သည့် နယ်မြေသည် ဖူဟင်ရောင်ခလာ အမျိုးသား ဥယျာဉ်နှင့် အတူ ခရီး သွား ဧည့်သည်များအတွက် သမိုင်းကြောင်းအရ ဆွဲဆောင်ရာ နေရာတခုဖြစ် လာကြောင်း Bangkok Post သတင်းက ဆိုသည်။
ပဲခူးရိုးပေါ် အခြေစိုက်သည့် ဗမာပြည် ကွန်မြူနစ်ပါတီသည် ၁၉၇၅ ခုနှစ် နောက်ပိုင်း အစိုးရတပ်၏ ထိုးစစ်ကြောင့် ဌာနချုပ် လက်လွှတ် ဆုံးရှုံးခဲ့ရသော်လည်း ထိုင်းကွန်မြူနစ်များကမူ မြောက်ပိုင်း တောင်တန်းများ ပေါ်ရှိ စခန်းများကို ၁၉၈၂ ခုနှစ်ခန့်အထိ ထိန်းထားနိုင်ခဲ့သည်။
ယနေ့တွင်မူ အိပ်ဆောင် ၃၁လုံးပါ ပါတီကေဒါများကို စစ်ရေး၊ နိုင်ငံရေးနှင့် ဆေးဘက်ဆိုင်ရာ သင်တန်းပေးသည့် ကျောင်း တကျောင်းမှာ နှစ်ပရိစ္ဆေဒ ကြာမြင့်လာသည့် အတွက် ယို့ယွင်းလာရာ ဖူဟင်ရောင်ခလာ အမျိုးသား ဥယျာဉ် အာဏာပိုင်များက ပြင်ဆင်နေသည်ဟု Bangkok Post က ရေးသားသည်။
အိပ်ဆောင် တဆောင်စီတွင် လူ ၅ဦးခန့် နေထိုင်နိုင်ပြီး၊ ထိုအဆောင်များကို ပါတီကော်မတီဝင်များ၊ တပ်ထောက်များ၊ ဆေးပေးခန်းများနှင့် စစ်ရေးတို့အတွက် အသုံးပြုခဲ့သည်။
တက္ကသိုလ်ကျောင်းသားများ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရကို ဆန္ဒပြ၍ နှိမ်နင်းရာ ကျောင်းသားအချို့ ဗမာပြည် ကွန်မြူနစ် ပါတီ အခြေစိုက်ရာ ဒေသများကို တောခိုကြသကဲ့သို့ ၁၉၇၀ ပြည့်လွန်နှစ်များက ထိုင်းတက္ကသိုလ် ကျောင်းသားများလည်း ဆန္ဒပြပွဲများကို ထိုင်းအစိုးရက နှိမ်နင်းသည့် အတွက် ကွန်မြူနစ်ပါတီ ဌာနချုပ်သို့ လာရောက် ခိုလှုံခဲ့ကြသည်။
ထိုင်းကွန်မြူနစ် ဌာနချုပ်ဟောင်း၏ အလယ်ကွက်လပ်တွင် အိုမင်းနေပြီဖြစ်သည့် ဘူဒိုဇာဟောင်းကြီး တစီး ရပ်ထားသည်၊ ယင်း ဘူဒိုဇာကြီးမှာ အဝေးပြေး လမ်းတလမ်း ဖောက်လုပ် ရာမှ ကျောင်းသားများက ခိုးယူ သယ် ဆောင်လာခြင်းဖြစ်ကြောင်း အမျိုးသား ဥယျာဉ် အရာရှိဖြစ်သူ စစ်သားဟောင်း မာနက်စီးဆွာက ဆိုသည်။
“ဒီနယ်မြေတဝိုက် ဖွံ့ဖြိုးရေး၊ သက်သာချောင်ချိရေး တွေကို ကွန်မြူနစ်တွေက မလိုလားကြဘူးဗျ။ လမ်းတောင် မဖောက် ဘူး။ တကယ်လို့ သွားလို့ လာလို့ကောင်းတဲ့ လမ်းကြောင်းရှိရင် အစိုးရဘက်က သူတို့ဆီလာဖို့ ပိုလွယ်ပြီး အချေမှုန်းခံရ မှာကို ကြောက်ကြတယ်လေ” ဟု ၎င်းကဆက်လက်ရှင်းပြ သည်။
သင်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်တွင် ချုလာလောင်ကွန် တက္ကသိုလ်မှ အင်ဂျင်နီယာ ကျောင်း သားများ တပ်ဆင်ပေးခဲ့သည် ဆိုသော ထွန်စက်မှ အစိတ်အပိုင်း အချို့ကို ဖြုတ်ပြီး ရေဒလက်ဘီး တခုကို တွေ့ရပြီး၊ ယင်း ရေဒလက်ဘီးကို ရေနွေးငွေ့ဖြင့် ထမင်းပေါင်းရန် သုံးခဲ့ကြောင်း သိရသည်။
ဖူဟင်ရောင်ခလာ အမျိုးသား ဥယျာဉ်၏ ခရီးသွား သတင်း အချက်အလက် ဌာနတွင် ထိုခေတ်က အသုံးပြုခဲ့သော သင် ထောက်က ပစ္စည်းများနှင့် ကိရိယာ အပိုင်းအစပေါင်း များစွာကို ပြသထား သည်။ ပြသပစ္စည်းများထဲတွင် ဆေးဝါးပစ္စည်း များ၊ တရုတ်ဘာသာဖြင့်ရေးသားထားသော ခွဲစိတ် နည်းတို့ ပါဝင်ခြင်းကို တွေ့ရခြင်းကြောင့် တရုတ်ကွန်မြူနစ်များနှင့် ခိုင်မာသည့်ဆက်ဆံရေးရှိခဲ့ ကြောင်း ထင်ရှားသည်။
အလားတူ အိမ်နီးချင်း ဗမာပြည် ကွန်မြူနစ်ပါတီတွင်လည်း ပီကင်းပြန်များဟု လူသိများသည့် တရုတ်ကွန်မြူနစ်ပါတီမှ သင်တန်းဆင်းများ ကြီးစိုးခဲ့သည့် အချိန်ကာလများ ရှိခဲ့ပြီး၊ ရဲဘော်ထွန်းရှိန် ၏ ဗဟိုဆေးကျောင်းမှာမူ ချေမှုန်းခံခဲ့ရသည်။
ယခုအခါ ထိုင်းကွန်မြူနစ်ပါတီ၏ သမိုင်းဝင်နေရာသည် ပြည်တွင်းမှရော ပြည်ပမှပါ လာရောက်ကြ သည့် ခရီးသွားများ အတွက် ဆွဲဆောင်မှုရှိလေရာ အထူးသဖြင့် ယခုနှစ်အစပိုင်းတွင် ပိုမိုစိတ်ဝင်စား လာကြသည်။
“ဒီနေရာကို လာရတာ ကာလယန္တရား တခုထဲ ရောက်သွားသလိုပါပဲ။ အတိတ်က အဖြစ်အပျက်တွေ က ကျနော့်ရိုက်ခတ် စေပါတယ်။ တချိန်တည်းမှာပဲ ဝမ်းနည်းလာမိတယ်” ဟု ဖိစနုလွတ်တွင် အစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ အသက် ၄၉ နှစ်ရှိ ကန်နစ်တာဂျာနာဆာက ပြောပြသည်။
၎င်းသည် မကြာသေးမီက လုပ်ဖော်ကိုင်ဖက်အချို့နှင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထိုင်းကွန်မြူနစ်တို့ အဆိုပါစခန်းကို အခြေချတပ်စွဲခဲ့စဉ်က ပါတီဝင်များမှာ မုန်လူမျိုးအများစုဖြစ်ကြ သည်။ ၎င်းတို့သည် မော်စီတုန်း၏ပံ့ပိုးမှုနှင့်အတူ ဗီယက်နမ် မြောက်ပိုင်းအပါအဝင် အင်ဒိုချိုင်းနား သို့ စေလွှတ်ထားသူဖြစ်ကြပြီး နိုင်ငံရေး၊ စစ်ရေးနှင့် ဆေးပညာများ သင်ကြားပေးရန်ဖြစ်ကြောင်း မစ္စတာ မာနက်၏ အဆိုအရ သိရသည်။
၎င်းတို့အသိပညာများကို ပျံ့နှံ့စေရန် ပြန်လာကြပြီး အခြားသူများကို ၎င်းတို့နှင့်လှုပ်ရှားမှုတွင် ပါဝင် ရန် စည်းရုံးကြသည်။
တရုတ် အပ်စိုက်ကုထုံး၊ ခေတ်သစ် ဆေးပညာနှင့် ပြဋ္ဌာန်းစာအုပ်များ ကဲ့သို့ နယ်ပယ်အသီးသီးမှ ဆေးဝါး အသုံးအဆောင်ကို ၎င်းတို့ စခန်းသို့ ယူဆောင်လာကြသည်။ ထို့အပြင် ထိုင်းစစ်တပ်နှင့် တိုက်ခိုက်ရန် တရုတ်နှင့်လာအိုတို့မှ လက်နက်အမြောက်အမြားကို ခိုးသွင်းကြသည်။
၁၉၇၃ ခုနှစ် အောက်တိုဘာလတွင် ကျောင်းသားအုံကြွမှု အပြီး၌ တပ်ဖွဲ့ဝင် အင်အား တိုးပွားလာခဲ့ရာ ၁၉၇၆ ခုနှစ် အောက်တိုဘာလ ကျောင်းသားများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု အပြီး ၎င်းအင်အားများ ထပ်မံတိုးပွားလာခဲ့ပြန် သည်။
၁၉၇၆ ခုနှစ်ဖြစ်စဉ်တွင် အစိုးရတပ်များက ဘန်ကောက်မြို့၌ ဆန္ဒပြ ကျောင်းသားများကို နှိမ်နင်းခဲ့ရာ အနည်းဆုံး ၄၆ ဦး သေဆုံးခဲ့ရပြီး ကျောင်းသားများက ကွန်မြူနစ်များနှင့်ပူးပေါင်းရန် ထွက်ပြေးတိမ်း ရှောင်ကာ တောခိုခဲ့ကြသည်။
ပါတီဝင်သစ်များ စုပြုံ ရောက်ရှိ လာခြင်းကြောင့် နိုင်ငံရေးနှင့် စစ်ရေးသင်တန်းကျောင်း စတင်တည် ထောင်နိုင်ခဲ့ကြသည်။
သို့သော် ၎င်းတို့ အစိုးရထံ ပြန်ခိုလှုံမည်ဆိုလျှင် ကွန်မြူနစ်နှင့်ကျောင်းသားဟောင်းများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ပရမ်တင်ဆူလာနွန်ဒါက ကတိပြုသဖြင့် ကွန်မြူနစ်သူပုန်ထ မှုမှာ ၁၉၈၂ ခုနှစ်တွင် ချုပ်ငြိမ်းသွားခဲ့လေ သည်။
“ကျနော် ဒီနယ်မြေကို ရှင်းလင်းနေရတုန်းမှာ ကျနော့်ဘဝ၊ ကျနော့်မိတ်ဆွေတွေရဲ့ဘဝတွေ နဲ့ ကျနော် တို့ တိုက်ရမယ့် ရန်သူတွေအတွက် ကျနော် စိုးရွံ့မှုရှိနေတယ်ဆိုတာ ဝန်ခံရမှာပါပဲ” ဟု မစ္စတာမာနက် က ပြောသည်။
လွန်ခဲ့သော ဆယ်စုနှစ် လေးခုက ထိုင်းစစ်တပ်၏ ကွန်မြူနစ် သူပုန် နှိမ်နင်းမှု စစ်ဆင်ရေးတွင် ပါဝင် ခဲ့ရပုံ ကို ၎င်းက ပြန် ပြောင်းပြောပြနေခြင်းဖြစ်သည်။
ထိုင်း ကွန်မြူနစ် သူပုန်များအပြင် ကလေးသူငယ် အမြောက်အမြားလည်း ယင်းနယ်မြေတွင် နေထိုင်ခဲ့ ကြဖူးသည်။
သစ်သား တဲအိမ်များတွင် ကလေးများ ကျန်ခဲ့သည့် ဖိနပ်လေးများ၊ အသုံးအဆောင်များကို စွန့်ပစ် ထားခဲ့ကြသည်ကို တွေ့ရပြီး၊ အချို့က ဝက်များနှင့် မြင်းပုလေးများဆွဲကာ တောင်ခြေသို့ ဆင်းသွားကြ ကြောင်း သူက ပြန်ပြောင်းပြောပြသည်။
“ကလေးလေးတွေ ဒီတောအုပ် ထဲကနေ ထွက်သွားကြတော့ ကိုယ့်ရဲ့သွေးသား အရင်းတွေကို ကိုယ့်ကို ထားသွားသလို ခံစားရပါတယ်” ဟု ထို ဥယျာဉ်အရာရှိက ပြောပြသည်။
၎င်းတို့သားသမီးကဲ့သို့ မှတ်ယူခဲ့ခြင်းကြောင့် မျက်ရည်အဝိုင်းသားဖြင့် ကျန်ရစ်နေခဲ့ကြောင်း ဆက်လက်ပြောပြသည်။
ဆယ်စုနှစ်နှင့် ချီ၍ ၎င်းတို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဖိစနုလောက်ရှိ ကွန်မြူနစ်များ တချိန် က ရပ်တည်နေခဲ့မှု သည် ထိုင်းစစ်တပ်ရော ကွန်မြူနစ်များ အတွက်ပါ မဟုတ်တော့ဘဲ အောင်ပွဲအစစ် အမှန်တခုဆီ ရောက်ရှိသွားခဲ့ခြင်း သာဖြစ်ကြောင်း ၎င်းက ပြောပြခဲ့သည်။
ထိုင်းကွန်မြူနစ်များ အစိုးရ၏ ဖိတ်ခေါ်မှုကြောင့် တော်လှန်ရေး တခု အဆုံးသတ်ခဲ့သော်လည်း ကွန်မြူနစ် အင်အား ကောင်းသည့် မြန်မာနိုင်ငံတွင် အလယ်ရိုးမ ဌာနချုပ် ပြိုကွဲသွားပြီးနောက် ကွန်မြူနစ်ဝါဒ သက်ဝင် ယုံကြည်သူများသည် အရှေ့မြောက်ဒေသသို့ ကူးပြောင်းကာ ဌာနချုပ် အသစ်ထူထောင်၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အစိုးရကို ဆက်လက် တော်လှန်ခဲ့ရာ ဆယ်စုနှစ် တခုအတွင်း တိုက်ပွဲကြီးများကို ဆင်နွဲနိုင်ခဲ့သည်။
သို့သော် ၁၉၈၉ ခုနှစ်တွင် ဝတပ်ဖွဲ့များ၏ ပုန်ကုန်မှုနှင့်အတူ အရှေ့မြောက်ဒေသ ကွန်မြူနစ်တို့လည်း ချုပ်ငြိမ်းသွားခဲ့သည်။
ဝနယ်မြေ ပန်ဆန်းရှိ သခင်ဗသိန်းတင် ဦးဆောင်သည့် ဗမာပြည် ကွန်မြူနစ်ပါတီ(BCP) ရုံးစိုက်ရာ အဆောက်အဦးများကို မကြာသေးမီ ကာလက ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့က ပြန်လည် ပြင်ဆင်ပြီး တချို့သော ဧည့်သည်များကို ပြသမှု ပြုလုပ်နိုင်သော်လည်း ၁၉၄၈ခုနှစ် မတ်လ ၂၈ရက်နေ့ တွင် တောခိုခဲ့သည့် ဗမာပြည် ကွန်မြူနစ် ပါတီ ရုံးစိုက်ရာ ပဲခူးရိုးရှိ သမိုင်းဝင် နေရာများမှာမူ ယခု အခါ မှေးမှိန် ပျောက်ကွယ်နေဆဲဖြစ်သည်။