ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ပြည်ပခရီးသွား အရေအတွက်က တိုးတက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာလေဆိပ်ကြီး ၆ ခုမှာ နိုင်ငံတကာ ခရီးသွား အရေအတွက်က ပိုမိုများပြားလာခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာဆိုရင် ခရီးသည်ပေါင်း ၁၃၉ သန်း အထိ ရှိခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ၂၀၁၇ ခုနှစ်ထက် ၈ ရာခိုင်နှုန်း ပိုတိုးလာတဲ့ ပမာဏပါ။
ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာလေဆိပ်ကို လာရောက်ကြတဲ့ ခရီးသွားတွေထဲမှာ ၈၄ သန်း (၅၉ ဒဿမ ၆ ရာခိုင်နှုန်း) ဟာ ပြည်ပခရီးသွားတွေဖြစ်ပြီး ၅၉ သန်းကတော့ ပြည်တွင်းခရီးသွားတွေပါ။ ပြည်ပခရီးသွား ရာခိုင်နှုန်းက ၁၁ ရာခိုင်နှုန်းအထိ တိုးလာခဲ့သလို ပြည်တွင်းခရီးသွား အနေနဲ့လည်း ၄ ဒဿမ ၄ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။
ခရီးသွားအရေအတွက် တိုးလာတဲ့အတွက်ကြောင့် လေကြောင်းလိုင်းတွေအနေနဲ့လည်း ခရီးစဉ်တွေကို တိုးချဲ့ ပျံသန်းလာခဲ့ရပါတယ်။ လေကြောင်းလိုင်းတွေအနေနဲ့ တနှစ်ကို ၈၇၅၀၀၀ ကြိမ် ပျံသန်းရလေ့ရှိပြီး ၆ ဒဿမ ၂ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ အဲဒီပျံသန်းမှု အရေအတွက်ထဲမှာ တဝက်လောက်ကတော့ ပြည်ပပျံသန်းမှုတွေပါ။
၂၀၁၈ ခုနှစ်အတွင်းမှာ သုဝဏ္ဏဘူမိလေဆိပ်ကို ဝင်ရောက်လာခဲ့ကြတဲ့ ခရီးသည် အရေအတွက်က ၆၃ သန်းအထိရှိနေခဲ့ပြီး ၆ ဒဿမ ၃ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။ Don Mueang လေဆိပ်ကို ဝင်ရောက်ခဲ့ကြတဲ့ ခရီးသည် အရေအတွက်ကလည်း သန်း ၄၀ ရှိသလို ၉ ဒဿမ ၁ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
ဖူးခက်လေဆိပ်ကို ဝင်ရောက်ခဲ့ကြတဲ့ ခရီးသည် အရေအတွက်ကလည်း ၁၈ သန်းရှိခဲ့ပြီး ၁၂ ဒဿမ ၅ ရာခိုင်နှုန်းတိုးတက်လာခဲ့သလို ချင်းမိုင်လေဆိပ်ကိုလည်း ခရီးသည်ပေါင်း ၁၁ သန်း ဝင်ရောက်ခဲ့ကြပါတယ်။ ချင်းမိုင်လေဆိပ်ကို ဝင်ရောက်လာခဲ့တဲ့ ခရီးသည် အရေအတွက်လည်း တိုးလာခဲ့ပြီး ၈ ဒဿမ ၄ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။
ချင်းရိုင်မှာရှိတဲ့ Mae Fah Luang လေဆိပ်ကို ဝင်ရောက်လာကြတဲ့ ခရီးသည် အရေအတွက်ပေါင်းက ၃ သန်း ရှိခဲ့သလို ၁၇ ဒဿမ ၆ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ Songkhla မှာရှိတဲ့ Hat Yai လေဆိပ်ကို ဝင်ရောက်လာကြတဲ့ ခရီးသည် အရေအတွက်ကတော့ ၄ သန်းသာ ရှိခဲ့ပြီး ၁ ဒဿမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံကိုလာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေထဲမှာ အများဆုံး နိုင်ငံ ၁၀ နိုင်ငံက ခရီးသွားတွေကတော့ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ မလေးရှား၊ ရုရှား၊ အမေရိကန်၊ ဟောင်ကောင်၊ စင်ကာပူနဲ့ ဗြိတိန်နိုင်ငံက ခရီးသွားတွေပဲ ဖြစ်ပါတယ်။
Ref : bangkokpost