လာအိုနိုင်ငံ၊ လွမ်ပရာဘွမ်မြို့အနီးမှာရှိတဲ့ Kaung Si ရေတံခွန်ဟာ နိုင်ငံတကာ ခရီးသွားတွေအတွက် သာမက ဒေသခံ လာအိုနိုင်ငံသားတွေကိုပါ အကြိုက်တွေ့စေတဲ့ နေရာ တနေရာပါ။ လွမ်ဘရာဘွမ်မြို့ဟာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် မြို့တမြို့ ဖြစ်သလို အထင်ကရ ဗုဒ္ဓဘာသာကျောင်းတော်ကြီးတွေ တည်ရှိရာ မြို့တမြို့လည်း ဖြစ်ပါသေးတယ်။
လွမ်ပရာဘွမ်မြို့ဟာ များပြားလှတဲ့ သဘာဝရှုခင်း အလှတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်လေ့ ရှိသလို လှပတဲ့ ရေတံခွန်တွေကြောင့်လည်း နိုင်ငံတကာ ခရီးသွားတွေနဲ့ ဒေသခံတွေကို အကြိုက်တွေ့စေတဲ့ နေရာတနေရာပါ။ အဲဒီလို သဘာဝရှုခင်း အလှတွေ ပေါများတဲ့ လွမ်ပရာဘွမ်မှာ ထင်ရှားတဲ့ နေရာ တနေရာကတော့ Kaung Si ရေတံခွန်ပါ။
လွမ်ပရာဘွမ် မြို့လယ်ကနေ ၃၀ ကီလိုမီတာ (၁၈ မိုင်ကျော်ကျော်)ဝေးတဲ့ Kaung Si ရေတံခွန်ဟာ အပူပိုင်းသစ်တောထဲမှာ ရှိပြီး တနှစ်ပတ်လုံး ရေမခမ်းတဲ့ အလတ်စား ရေတံခွန် တခုပါ။ မိုးရာသီဖြစ်တဲ့ ဧပြီလကနေ အောက်တိုဘာလလယ်လောက် အထိဆို Kaung Si ရေတံခွန်ရဲ့ ရေအရောင်ဟာ စိမ်းနေလေ့ ရှိပြီး ခရီးသွားတွေအနေနဲ့ ရေကျသံကို အဝေးကနေတောင် ကြားနေရတတ်ပါတယ်။
ခြောက်သွေ့တဲ့ ရာသီရောက်လာတဲ့ နိုဝင်ဘာလကနေ မတ်လအထိ ဆိုရင်လည်း ပြာလဲ့လဲ့ အရောင် သမ်းလာလေ့ ရှိပါတယ်။ နိုင်ငံတကာ ခရီးသွားတွေနဲ့ လာအိုနိုင်ငံသားတွေကတော့ Kaung Si ရေတံခွန်မှာ ရေကူးရတာကို သဘောကျလေ့ ရှိသလို ရေတံခွန်က ကျလာတဲ့ ရေတွေကြောင့် သဘာဝရေကန်တွေလို ဖြစ်နေတဲ့ နေရာတွေမှာ ရေစိမ်ရတာကိုလည်း နှစ်ခြိုက်တတ်ကြပါတယ်။
Kaung Si ရေတံခွန်ကို လာရောက် လည်ပတ်ကြသူတွေကို တားမြစ်ထားတဲ့ အချက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ ရေတံခွန်ပေါ်ကနေ ဒိုက်ဗင် ထိုးချတာပါ။ ဘစ်ကီနီ ဝတ်စုံတွေ ဝတ်ပြီး ရေချိုးတာတွေကိုလည်း မလုပ်သင့်ပါဘူး။ Kaung Si ရေတံခွန်ကို အလည်အပတ် သွားမယ်ဆိုရင် ဒီအချက်တွေကို လိုက်နာသင့်ပါတယ်။
Kaung Si ရေတံခွန်ကို မီးရထားနဲ့ သွားတဲ့ လမ်းတလျှောက်မှာဆိုရင်လည်း သစ်တောအတွင်းမှာ ပေါက်ရောက်နေတဲ့ သဘာဝသစ်ပင် အမျိုးမျိုးကို လေ့လာနိုင်ပါသေးတယ်။ သစ်တောအတွင်းမှာ ပေါက်ရောက်နေတဲ့ အချို့ သစ်ပင်တွေကိုတော့ စာတန်းတွေ ကပ်ပေးထားတဲ့ အတွက်ကြောင့် လူတွေအနေနဲ့ လေ့လာရတာက ပိုလွယ်ကူစေပါတယ်။
အဲဒီ သစ်တောအတွင်းမှာ ပေါက်ရောက်နေတဲ့ သစ်ပင်တွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အပင်ကတော့ Phaen Din Yen (Aglaonema costatum) လို့ ခေါ်တဲ့ အပင် တမျိုးပါ။ ဒီအပင်ရဲ့ အမြစ်နဲ့ ပင်စည် ကိုတော့ လာအို တိုင်းရင်းဆေးအဖြစ် အသုံးပြုကြပါတယ်။
Kaung Si ရေတံခွန်ကို ရေရှည်တည်တံ့အောင် အစိုးရအနေနဲ့ အစီအမံတွေကိုလည်း ပြုလုပ်ထားပါတယ်။ ခရီးသွားတွေ နေထိုင် အပန်းဖြေစရာ အဆောက်အဦတွေကိုလည်း သစ်သားတွေနဲ့သာ ဆောက်လုပ်ပေးထားပါတယ်။
လာအိုနိုင်ငံဟာ သစ်တောနဲ့ တောင်တန်းတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်သလို လာအိုနိုင်ငံ ဧရိယာရဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ သစ်တောတွေက ဖုံးလွှမ်းထားပါတယ်။ အမြဲစိမ်း သစ်တောတွေ ရှိသလို ထင်းရှူးပင်တွေလည်း ပေါက်ရောက်နေတတ်ပါသေးတယ်။ လာအိုနိုင်ငံမှာဆိုရင်တော့ သစ်ပင် မျိုးစိတ်ပေါင်း ၈၀၀၀ ကျော် ရှိနေပါတယ်။
Kaung Si ရေတံခွန်အနီး ပတ်ဝန်းကျင်မှာဆိုရင်လည်း မြွေ၊ ဖွတ်၊ ပုတက် ၊ ရေချိုပုစွန် ၊ ရှဉ့် စတဲ့ တိရစ္ဆာန်တွေ ကျက်စားလေ့ ရှိကြပါတယ်။ ရထားနဲ့ လာတဲ့ လမ်းတလျှောက်မှာဆိုရင် ငှက်မျိုးစုံကိုလည်း တွေ့ရ နိုင်ပါသေးတယ်။
အခုဆိုရင်တော့ လာအိုနိုင်ငံ လွမ်ပရာဘွမ်မြို့အနီးမှာရှိတဲ့ Kaung Si ရေတံခွန်ဟာ ခရီးသွားတွေ စိတ်အပန်းဖြေဖို့ နေရာတနေရာ ဖြစ်လာသလို သစ်ပင်၊ သစ်တောတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတကိုပါ ရစေနိုင်တဲ့ နေရာတနေရာ ဖြစ်လာခဲ့ပါပြီ။ တကယ်လို့ အချိန်ရခဲ့မယ်ဆိုရင် လိပ်ပြာဥယျာဉ်ကိုပါ သွားရောက် လည်ပတ်နိုင်ပါသေးတယ်။
Ref : bangkokpost
ဆက်စပ် သတင်းလင့်ခ်
စိတ်ကိုငြိမ်းချမ်းစေနိုင်တဲ့ လာအိုနိုင်ငံရဲ့ လွမ်ပရာဘွမ်မြို့