ဥရောပနိုင်ငံတွေကို အလည်သွားတဲ့အခါ ခရီးသွားတွေက နာမည်ကြီးတဲ့ မြို့တွေဆီကိုပဲ အလည်သွားလေ့ ရှိကြပါတယ်။ ဥရောပကို လူတွေ အလည်အသွားဆုံးနေရာတွေကတော့ မီလန်၊ လန်ဒန်၊ ပဲရစ်နဲ့ ဘာစီလိုနာလို မြို့တွေပါ။ အခုဖော်ပြပေးမယ့် မြို့တွေကတော့ ဥရောပမှာရှိတဲ့ လူသိပ် မသိသေးတဲ့ လှပတဲ့ မြို့တွေပါ။ ဒါကြောင့်မို့လို့ ဥရောပကို အလည်သွားမယ်ဆိုရင် ဒီနေရာတွေကို အလည်သွားဖို့ ဖော်ပြပေးချင်ပါတယ်။
(၁) Kotor (မွန်တီနီဂရိုးနိုင်ငံ)
Kotor မြို့ဟာ ရှေးကျတဲ့ မြို့တော်ဖြစ်သလို ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် မြို့တော်ဖြစ်ပါတယ်။ Kotor မြို့ဟာ ယဉ်ကျေးမှု အစဉ်အလာ ကြီးမားတဲ့ မြို့တမြို့ ဖြစ်သလို လှပတဲ့ မြို့တော်ပါ။ Venetian ရဲတိုက်ပေါ်ကနေ တက်ကြည့်မယ်ဆိုရင် တမြို့လုံးကို လွှမ်းခြုံ မြင်ရနိုင်ပါတယ်။ Kotor မြို့ကို လည်ပတ်မယ်ဆိုရင် ၁၁ ရာစုက တည်ဆောက်ခဲ့တဲ့ St.Tryphon ဘုရားရှိခိုးကျောင်းကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။
(၂) Osijek (ခရိုအေးရှားနိုင်ငံ)
Drava မြစ်ကမ်းပေါ်မှာ တည်ရှိတဲ့ Osijek မြို့ဟာ ၁၈ ရာစုက တည်ဆောက်ခဲ့တဲ့ ဗိသုကာလက်ရာတွေကြောင့် ထင်ရှားသလို St.Peter နဲ့ St.Paul ဘုရားရှိခိုးကျောင်းတွေကလည်း Osijek မြို့ကို ဂုဏ်မငယ်စေတဲ့အရာတွေပါ။ ဒေသအခေါ် Rakija လို့ခေါ်တဲ့ ခရိုအေးရှားဘရန်ဒီက နာမည်ကြီးသလို ကော်ဖီနဲ့ ဘီယာဘားတွေကလည်း လာရောက် လည်ပတ်သူတွေကို အကြိုက်တွေ့စေနိုင်မယ့် အရာတွေပါ။ နာမည်အကြီးဆုံးကတော့ ဆီးသီးအရသာနဲ့ ချက်လုပ်ထားတဲ့ Sljivovica ပါ။
(၃) Trondheim (နော်ဝေနိုင်ငံ)
ဗိုက်ကင်းခေတ်(Viking Age) ကာလအတွင်းမှာတော့ Trondheim မြို့ဟာ နော်ဝေနိုင်ငံရဲ့ မြို့တော် ဖြစ်ခဲ့ဖူးပါတယ်။ Nidelva မြစ်ကမ်းပေါ်မှာ တည်ရှိတဲ့ Trondheim မြို့ဟာ ဥရောပမြောက်ပိုင်းမှာတော့ စိတ်ဝင်စားစရာ အကောင်းဆုံးမြို့တမြို့ပါ။ ၁၇ ရာစုက သစ်သားတွေနဲ့ ဆောက်လုပ်ခဲ့တဲ့ Stiftsgarden တော်ဝင်နန်းတော်က အထင်ကရ နေရာတနေရာ ဖြစ်သလို အလယ်ခေတ်က တည်ဆောက်ခဲ့တဲ့ Nidaros ဘုရားရှိခိုးကျောင်းကလည်း ဥရောပမြောက်ပိုင်းမှာ အကြီးမားဆုံးကျောင်းတော်ပါ။
ဒီမြို့ဟာ ကော်ဖီချစ်သူတွေအတွက် အထူးကောင်းမွန်တဲ့ကော်ဖီတွေကို စီမံပေးထားသလို တန်ဖိုးရှိတဲ့ အခြားမြင်ကွင်းတွေကိုလည်း မြင်ရနိုင်ပါသေးတယ်။
(၄) Ferrare (အီတလီနိုင်ငံ)
ခရီးသွားတွေအများစုကတော့ Ferrare မြို့ကလေးကို နှိမ့်ချတတ်တဲ့မြို့လို့ ခေါ်ဆိုကြပါတယ်။ ဒီမြို့မှာ တည်ဆောက်ထားတဲ့ ရှေးဟောင်းနံရံတွေဟာ သမိုင်းရဲ့ အမွေအနှစ်တခုဖြစ်သလို ၁၄ ရာစုနဲ့ ၁၅ ရာစုလောက်က တည်ဆောက်ခဲ့တဲ့ ဘုရားရှိခိုးကျောင်းတွေကလည်း ရင်သပ်ရှူမောဖွယ်ရာ အဆောက်အဦတွေပါ။ ဒီမြို့လေးမှာဆိုရင် နှုတ်မြိန်စေတဲ့ ဒေသအရက် ကောင်းကောင်းကို သောက်သုံးနိုင်မှာဖြစ်သလို အရသာရှိတဲ့ အမြည်းကောင်းကောင်းကိုလည်း စားသုံးနိုင်မှာ ဖြစ်ပါတယ်။
Ref : theculturetrip