နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ကိုယ်သွားမယ့် အရပ်ဒေသကို ဘယ်အချိန်သွားတာ အကောင်းဆုံး ဖြစ်မလဲဆိုတာ သိထားသင့်ပါတယ်။ ဒါမှလည်း ကိုယ်အလည်သွားတဲ့အခါ အဆင်ပြေပြေနဲ့ လည်ပတ်နိုင်ပါလိမ့်မယ်။
တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ကို အလည်သွားမယ်ဆိုရင် ဘယ်အချိန်ဟာ ဘေကျင်းမြို့ကို အလည်သွားဖို့ အကောင်းဆုံးအချိန်လဲ ဆိုတာ သိထားသင့်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဘေကျင်းမြို့ရဲ့ အပူဆုံး အချိန်က ဇူလိုင်လဖြစ်သလို အအေးဆုံးအချိန်ကတော့ ဇန်နဝါရီလပါ။
ဘေကျင်းမြို့ကို အလည်သွားမယ်ဆိုရင် နွေဦးပေါက်ချိန်ဖြစ်တဲ့ ဧပြီလနဲ့ မေလတွေက အကောင်းဆုံးလတွေပါ။ ဒီအချိန်ဆိုရင်တော့ ဘေကျင်းမြို့ရဲ့ ဥယျာဉ်တွေထဲမှာ ပန်းပင်တွေကလည်း ဖူးပွင့်စ ပြုလာပါပြီ။ တကယ်တော့ ဒီလတွေမှာဆိုရင် ဘေကျင်းမြို့ကို အလည်လာသူတွေ နည်းနေပါသေးတယ်။ ဒါကြောင့်လည်း ဘေကျင်းမြို့အလှနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦတွေကို မျက်စိနောက်စရာ မလိုဘဲ သွားရောက်လည်ပတ်နိုင်ပါလိမ့်မယ်။
တခြားလတွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင်လည်း ဟိုတယ်ဈေးနှုန်းတွေက ပိုပြီးသက်သာပါသေးတယ်။ ဇွန်လနဲ့ သြဂုတ်လအတွင်းမှာ သွားရောက် လည်ပတ်မယ်ဆိုရင်တော့ ရာသီဥတုက မနေနိုင်အောင် ပူပြင်းနေပါလိမ့်မယ်။ ဒါပေမဲ့လည်း ဒီလိုအခြေအနေတွေက နိုင်ငံတကာ ခရီးသွားတွေကို မတားနိုင်ပါဘူး။ မတားနိုင်ရတဲ့အကြောင်းကတော့ တရုတ်နိုင်ငံရဲ့ နာမည်ကျော် ဂရိတ်ဝေါကို စိမ်ပြေနပြေ ငေးကြည့်နိုင်တဲ့ အချိန်တွေကတော့ နေသာတဲ့နေ့တွေ ဖြစ်လို့ပါပဲ။
ဒီအချိန်မှာဆိုရင် နွေရာသီနန်းတော်ကြီးအတွင်းထဲက Kunming ရေကန်မှာ လှေစီးရင်းလည်း အပန်းဖြေနိုင်ပါသေးတယ်။ ဒီလတွေမှာ ဘေကျင်းမြို့ကို အလည်သွားသူတွေအဖို့တော့ အပူကာ မျက်မှန်၊ နေလောင်ဒဏ်ကာကွယ်နိုင်တဲ့ Sunscreen နဲ့ ထီးလို အရာမျိုးတွေကို ဆောင်သွားသင့်ပါတယ်။ ပူပြင်းတဲ့ အပူချိန်အောက်က လွတ်မြောက်ချင်တယ်ဆိုရငf ဘေကျင်းမြို့ရဲ့ Hutongs ရွာလေးဆီကိုသာ အလည်သွားပါ။
တချို့တွေကတော့လည်း ဘေကျင်းမြို့ကိုအလည်သွားရင် စက်တင်ဘာနဲ့ အောက်တိုဘာလတွေက အကောင်းဆုံးလို့ ဆိုလေ့ရှိကြပါတယ်။ အပူချိန်က မများတော့သလို မိုးတွေလည်း ကျနေပါပြီ။ ဒါကြောင့်လည်း ဒီလတွေမှာ ဘေကျင်းမြို့ကို အလည်သွားချင်သူတွေအဖို့တော့ မိုးကာအင်္ကျီ ဆောင်သွားသင့်ပါတယ်။
ဘေကျင်းမြို့ကို ဘယ်အချိန်တွေမှာသွားသွား အဓိကအနေနဲ့ လည်ပတ်ရမယ့်နေရာကတော့ ဘေကျင်း ရုက္ခဗေဒဥယျာဉ်နဲ့ Beihai ပန်းခြံတွေပါပဲ။ စက်တင်ဘာလမှာ အလည်သွားသူတွေအဖို့တော့ အခွင့်အရေးတခုကို ရရှိနိုင်ပါလိမ့်မယ်။ အဲဒါကတော့ ရှေးဟောင်းပန်းချီကားတွေကို ပြသထားတဲ့ Beijing Palace Museum ကို လည်ပတ်နိုင်လို့ပါ။ ဒီလိုရှေးကျတဲ့ပန်းချီ လက်ရာတွေကိုတော့ စက်တင်ဘာလတလတည်းမှာသာ တွေ့ ခွင့်ရနိုင်ပါတယ်။
အောက်တိုဘာလအတွင်းမှာဆိုရင်တော့ တရုတ်ပြည်သူ့သမ္မနိုင်ငံတော် စတင်တည်ထောင်တဲ့နေ့ အခမ်းအနား ကျင်းပနေတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုနေ့မျိုးမှာဆိုရင်တော့ ဘေကျင်းမြို့သား အများစုဟာ မိတ်ဆွေတွေဆီနဲ့ ဆွေမျိုးတွေဆီ ခရီးထွက်လေ့ရှိကြပါတယ်။ ဒီအချိန်တွေကလည်း ဘေကျင်းမြို့သားတွေ အလုပ်များနေတဲ့အချိန် ဖြစ်တဲ့အတွက် ဖြစ်နိုင်တယ်ဆိုရင်တော့ ဒီလိုပွဲတော် ကျင်းပနေတဲ့အချိန်များမှာ ဘေကျင်းကို အလည်သွားတာမျိုး ရှောင်သင့်ပါတယ်။
Ref : thetravelmagazine.net