အင်ဒိုနီးရှားနိုင်ငံဟာ ကျွန်းစုတွေ ပေါကြွယ်ဝတဲ့ နိုင်ငံ တနိုင်ငံဖြစ်သလို သဘာဝအတိုင်းတည်ရှိနေပြီး မပျက်စီးသေးတဲ့ ကျွန်းစုတွေလည်း ရှိနေပါသေးတယ်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ဖော်ပြထားတဲ့ သတင်းတပုဒ်မှာဆိုရင်တော့ ၂၀၁၈ ခုနှစ်အတွင်း အဲဒီ ကျွန်းစုတွေဆီကို နိုင်ငံတကာ ခရီးသွားအရေအတွက် ပိုမိုများပြားလာခဲ့ပါတယ်။ အဲဒီ ခရီးသွားအများစုကတော့ မလေးရှားနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားတွေပါ။
အင်ဒိုနီးရှားနိုင်ငံအတွင်းကို လာရောက်လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ၁၅ ဒဿမ ၈သန်းရှိခဲ့ပြီး ဒီပမာဏဟာ ခရီးသွားအရေအတွက် ၁၃ ရာခိုင်နှုန်း တိုးလာတဲ့ပမာဏပါပဲ။
အင်ဒိုနီးရှားနိုင်ငံရဲ့ ကျွန်းစုတွေဆီ အလည်လာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွားတွေရဲ့ အရေအတွက် စာရင်းမှာ မလေးရှားနိုင်ငံသားတွေက ထိပ်ဆုံးက ရှိနေပြီး တရုတ်နိုင်ငံသားတွေက ဒုတိယနေရာမှာ ရှိပါတယ်။
၂၀၁၈ ခုနှစ်အတွင်း အင်ဒိုနီးရှားကျွန်းစုတွေဆီကို လာရောက် လည်ပတ်ကြတဲ့ မလေးရှားနိုင်ငံသား အရေအတွက်က ၂ ဒဿမ ၅ သန်း ရှိနေခဲ့ပြီး တရုတ်နိုင်ငံသားအရေအတွက်ကတော့ ၂ ဒဿမ ၁၄ သန်း ရှိနေခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် သဘာဝကပ်ဆိုးတွေဖြစ်တဲ့ မြေငလျင်နဲ့ ဆူနာမီကြောင့် ခရီးသွား ၁၇ သန်းလောက် ဆုံးရှုံးခဲ့ရပါတယ်။
၂၀၁၉ ခုနှစ်အတွင်းမှာတော့ နိုင်ငံတကာခရီးသွား သန်း ၂၀ လာရောက်ဖို့ မျှော်လင့်ထားတဲ့ အကြောင်း အင်ဒိုနီးရှားခရီးသွားလာရေးလုပ်ငန်းဝန်ကြီး Arief Yahya ကပြောသလို အင်ဒိုနီးရှား သမ္မတဖြစ်တဲ့ ဂျိုကိုဝီဒိုဒိုကလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးဖို့ တွန်းအားပေးနေပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံက ခရီးသွားတွေကို အဓိက ပစ်မှတ်ထား ဆောင်ရွက်နေပြီး ၂၀၁၉ ခုနှစ်အတွင်းမှာဆိုရင်လည်း ဗီယက်နမ် ခရီးသွား ၁ သိန်း လာရောက်ဖို့ မျှော်လင့်ထားပါတယ်။
Ref : bangkokpost & tuoitrenews