မီးခိုးမြူအကျပ်အတည်းက ထိုင်းမြောက်ပိုင်း ခရီးသွားလုပ်ငန်းကို များစွာ ထိခိုက်လာစေခဲ့ပြီး ချင်းမိုင် သြင်္ကန်ကာလ ဟိုတယ်ခန်းများ ကြိုတင်စာရင်းပေးမှုများ ကျဆင်းသွားကြောင်း သိရသည်။
ထိုင်းမြောက်ပိုင်း ဟိုတယ်များ အသင်း ဥက္ကဋ္ဌ La-iad Boonsrithong က “မီးခိုးမြူတွေက သူတို့ ကျန်းမာရေးအတွက် ဘေးဥပါဒ်ရှိတယ်လို့ ထိုင်းကိုလာတဲ့ ခရီးသွားဧည့်သည်တွေက စိုးရိမ်နေကြ တယ်” ဟု ယမန်နေ့က ပြောကြောင်း The Nation သတင်းက ဆိုသည်။
ချင်းမိုင်မြို့တွင် လေထုထဲရှိ သေးငယ်သည့် အမှုန်အမွှားတို့၏ ပမာဏသည် လအနည်းငယ်အတွင်း မီးခိုးမြူများကြောင့် ဘေးကင်းသည့် အဆင့်ထက် ပိုမိုခဲ့သည်။
ဆွန်ခရမ် သြင်္ကန်ပွဲတော် ကာလသည် နိုင်ငံခြားသားများ အပါအဝင် လူသန်းနှင့်ချီ၍ ဆင်နွှဲကြသည့် ထိုင်းနိုင်ငံ၏ အထင်ကရ ပွဲတော်ဖြစ်ပြီး နှစ်စဉ် ဧပြီလ ၁၃ ရက်မှ ၁၅ ရက်အတွင်း အထူးစည်ကား နေကျဖြစ်သည်။
“ပုံမှန်အားဖြင့်ဆိုရင်တော့ ချင်းမိုင်မြို့မှာ အခုလိုအချိန်မျိုးဆိုရင် ဆုန်ခရမ်ပွဲတော်အတွက် လာရောက် တည်းခိုမှု စုစုပေါင်း ၈၅ ရာခိုင်နှုန်းရှိရမှာပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ မီးခိုးမြူ ပြဿနာကြောင့် ကြိုတင် စာရင်းပေးမှုက ၆၀ ရာခိုင်နှုန်းပဲ ရှိတော့ တယ်” ဟု ထိုင်းမြောက်ပိုင်း ဟိုတယ်များ အသင်း ဥက္ကဋ္ဌ La-iad က ပြောသည်။
ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ ချင်းမိုင်ရုံးခွဲမှ အရာရှိဖြစ်သူ ပါကာ နန် ဗီနစ်ချိုင်းက ပြောကြားရာတွင် ထိုင်းခရီးသွားဧည့်သည့် ၅ ရာခိုင်နှုန်းမှာ ချင်းမိုင်မြို့သို့ လာရန် ကြိုတင်စာရင်းပေး မှုများကို ဖျက်သိမ်းခဲ့မှုရှိနေသကဲ့သို့ ခရီးစဉ်ရွှေ့ဆိုင်းခြင်းများလည်း ရှိနေကြောင်း ဆိုသည်။
“အခြေအနေကို သူတို့က အနီးကပ်စောင့်ကြည့်နေတယ်လို့ ကျမတို့ ယုံကြည်ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
မီးခိုးမြူထူထပ်နေသည့် နေ့ရက်များအတွင်း မည်သည့် နိုင်ငံခြားသားကမှ ၎င်းတို့ ကြိုတင် မှာကြား မှုများကို ဖျက်သိမ်း ခဲ့ခြင်း မရှိကြောင်း သူက ဖြည့်စွက်ပြောသည်။
“ဒါပေမယ့် ချင်းမိုင်အတွက် ဆွန်ခရမ်ပွဲကာလ အဓိက ခရီးသွား ဧည့်သည်တွေက ထိုင်းလူမျိုးတွေပဲ ဖြစ်ပါတယ်” ဟု ပါကာနန်က ဆိုသည်။
ထိုင်းမြောက်ပိုင်းတွင် မီးခိုးမြူဒဏ်ခံနေရသည့် ဟိုတယ်များ၌ အထပ်မြင့်အဆောက်အဦများပေါ်မှ ရေဖျန်းချခြင်းဖြင့် မီးခိုးထူထပ်မှုလျော့ကျအောင် ကြိုးစားလုပ်ဆောင်နေကြောင်း ထိုင်းမြောက်ပိုင်း ဟိုတယ်များ အသင်း ဥက္ကဋ္ဌ La-iad က ရှင်းပြသည်။
တချိန်တည်းမှာပင် ထိုင်းခရီးသွားလုပ်ငန်းအုပ်ချုပ်ရေးမှူး ယူသာဆက်စူပါစွန်က “မီးခိုးမြူပြဿနာ သည် ချင်းမိုင်၊ ချင်းရိုင် နှင့်အနီးအနားရှိ အခြားပြည်နယ် အတွက် ခရီးသွားလုပ်ငန်း ဝင်ငွေ ဘတ် ၂ ဘီလီယံအထိ ထိခိုက်နိုင်ဖွယ်ရှိကြောင်း” ထုတ်ဖော်ပြောကြားသည်။
မီးခိုးမြူထူထပ်နေခြင်းကြောင့် ၎င်းပြည်နယ်အတွင်း ခရီးသွားဧည့်သည် အရေအတွက်မှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ကြောင်း ချင်းရိုင်စက်မှုကောင်စီ၏ ယာယီဥက္ကဋ္ဌ ကစ်တီတစ်စာကောက ပြောကြားခဲ့သည်။