Travel

ကမ္ဘာပေါ်က မြင့်မြတ်သော နေရာများ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာပေါ်မှာ လူသားတွေ တန်ဖိုးထား လေးစားရတဲ့ မြင့်မြတ်တဲ့နေရာတွေ ဆိုတာ ရှိပါတယ်။ အဲဒီ နေရာအများစုဟာ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေ ဖြစ်သလို ဘာသာရေး ခေါင်းဆောင်တွေ မွေးဖွားခဲ့တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ ဗုဒ္ဓ၊ ယေရှူနဲ့ မိုဟာမက်တို့ မွေးဖွားရာ နေရာတွေအပြင် ဘာသာရေးနဲ့ သက်ဆိုင်တဲ့ နောက်ထပ် လူသိနည်းနေသေးတဲ့ နေရာတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် အဲဒီနေရာ အချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) Western Wall (အစ္စရေးနိုင်ငံ)

“Wailing Wall” လို့လည်းခေါ်လေ့ ရှိတဲ့ Western Wall ဟာ ဂျူးလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ နေရာ တနေရာပါ။ အဲဒီနေရာဟာ ဂျေရုစလင်မြို့ဟောင်းမှာ ရှိပြီး အေဒီ ၇၀ က ရောမတွေ ဖျက်ဆီးခဲ့တဲ့ ဂျူးဘုရားရှိခိုးကျောင်းရဲ့ နောက်ဆုံး အကြွင်းအကျန် နံရံပါ။ ဒီကျောင်းတော်ကြီးကတော့ ဂျူးတွေရဲ့ ဒုတိယ ဘုရားရှိခိုးကျောင်းဖြစ်ပြီး ရှောလမုန်မင်း တည်ဆောက်ခဲ့တဲ့ ပထမကျောင်းတော်နေရာမှာ ထပ်မံ ဆောက်လုပ်ထားတဲ့ ကျောင်းတော်လည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဂျူးလူမျိုးတွေက ဒီနေရာကို ဒုတိယကျောင်းတော်လို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ ရှောလမုန်ဘုရင် တည်ဆောက်ခဲ့တဲ့ ပထမကျောင်းတော်ကတော့ ဘီစီ ၅၈၇ ခုနှစ်မှာ ဘေဘီလုံ သားတွေရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနေရာကို ထောင်ပေါင်းများစွားသော ခရီးသွားတွေ လာရောက် လည်ပတ်လေ့ရှိပြီး ဂျူးလူမျိုးတွေကတော့ ဝတ်ပြု ဆုတောင်းဖို့အတွက် လာရောက်လေ့ ရှိကြပါတယ်။

(၂) ဗာတီကန်မြို့ (အီတလီနိုင်ငံ)

ဗာတီကန်မြို့ဟာ သေးငယ်တဲ့ မြို့လေးတမြို့ ဖြစ်ပေမယ့် ရိုမန်ကက်သလစ် ဘာသာဝင်တွေအတွက်တော့ အထွတ်အမြတ်ထားရာ နေရာ တနေရာပါ။ အဲဒီမြို့လေးကို လူတွေက ဘုရားသခင်ကို မြင်နိုင်တဲ့ မြို့လို့ခေါ်လေ့ ရှိကြပြီး ၁၃၇၈ ခုနှစ်ကနေ ပုပ်ရဟန်းမင်းကြီးတွေ နေထိုင်လာခဲ့တာ အခုချိန်ထိတိုင်အောင်ပါပဲ။

ဗာတီကန်ကို နှစ်စဉ် အလည်လာရောက်ကြသူ စုစုပေါင်းဟာ ပျမ်းမျှခြင်းအားဖြင့် ၄ ဒဿမ ၃သန်း ဝန်းကျင်ရှိပါတယ်။ အထူးသဖြင့်ကတော့ ခရစ္စမတ်နဲ့ အီစတာပွဲတော်လို အချိန်တွေပါပဲ။ အဲဒီလို အချိန်တွေဆိုရင်တော့ ဝေးလံတဲ့ အာဖရိက၊ လက်တင်အမေရိက နိုင်ငံလို နေရာမျိုးတွေက လူတွေပါ ပုပ်ရဟန်းမင်းကြီးရဲ့ သွန်သင်ဆုံးမမှုကို နာခံဖို့ လာရောက်လေ့ ရှိကြပါတယ်။

(၃) Golden Temple (အိန္ဒိယနိုင်ငံ)

ဆစ်ခ်ဘာသာဝင်တွေအတွက် အရေးကြီးတဲ့ ရွှေကျောင်းတော်ဟာ ပန်ဂျပ်ပြည်နယ်ထဲက Amritsar မြို့မှာ ရှိပါတယ်။ အဲဒီကျောင်းတော်ကိုတော့ ၁၆၀၀ နှစ်တွေတုန်းက ဆောက်လုပ်ခဲ့ပြီး Amrit Sarovar လို့ ခေါ်တဲ့ ရေထုက ဝန်းရံထားသလို ဘုရားဖူးဧည့်သည်တွေ လာတဲ့အခါ အဆင်ပြေပြေ နားနေနိုင်တဲ့ တည်းခိုဆောင်တွေနဲ့ ကြီးမားတဲ့ မီးဖိုချောင်ကြီးတွေက ဝန်းရံထားပါတယ်။

(၄) Badrinath(အိန္ဒိယနိုင်ငံ)

Badrinath ဟာ ဘာသာရေး မြို့တမြို့ ဖြစ်ပြီး ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဘုရားကျောင်း တည်ရှိရာမြို့လည်း ဖြစ်ပါတယ်။ အဲဒီဘုရားကျောင်းကတော့ Badrinath ဘုရားကျောင်းပဲ ဖြစ်ပြီး Garhwal ဘုရင်တွေက ၉ ရာစုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ဘုရားဖူးတွေ ဒီနေရာကို လာရောက်ရတဲ့အကြောင်းကတော့ ဗိဿနိုး (Vishnu) ကို အရိုအသေ ပေးဖို့ အတွက်ပါ။

Ref : wanderlust.co.uk

Did you find apk for android? You can find new Free Android Games and apps.
Loading