ကိုယ့်နိုင်ငံ မဟုတ်တဲ့ တခြားနိုင်ငံတွေကို ခရီးသွားမယ်ဆိုရင် ရှောင်ကြဉ်ရမယ့် အချက်တွေ ရှိပါတယ်။ အဲဒီ အချက်တွေကိုမှ မသိထားရင် အိမ်ရှင်နဲ့ ဧည့်သည်တွေအကြား ဆက်ဆံရေးပြေပြစ်မှာ မဟုတ်တဲ့အပြင် အထင်သေးခြင်းကိုပါ ခံရနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေဟာ နိုင်ငံအလိုက် တားမြစ်ထားတဲ့ စည်းကမ်းချက်တွေ ဖြစ်ပါတယ်။
(၁) အရက်နဲ့ အစ္စလာမ်နိုင်ငံ
ယေဘူယျအားဖြင့်တော့ အစ္စလာမ်နိုင်ငံတွေဟာ အရက်သောက်တာကို တားမြစ်ထားလေ့ ရှိကြပါတယ်။ ဒါကြောင့် အရက်သောက်သုံးခွင့်ကို တားမြစ်ထားတဲ့ အစ္စလာမ်နိုင်ငံတွေမှာ အရက်သောက်တဲ့ အပြုအမူမျိုးတွေ မပြုလုပ်သင့်ပါဘူး။ နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ခွေးနဲ့ ဝက်ပါ။ အစ္စလာမ် ဘာသာဝင်တွေဟာ ခွေးနဲ့ ဝက်ကို မသန့်ရှင်းတဲ့ တိရစ္ဆာန်တွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါကြောင့်လည်း အစ္စလာမ်နိုင်ငံတွေကို အလည်သွားတဲ့အခါ အိမ်မွေးခွေးမျိုးကိုတောင် မယူဆောင်သွားသင့်ပါဘူး။
(၂) လူမြင်ကွင်းမှာ နမ်းခြင်း
လူမြင်ကွင်းမှာ နမ်းတဲ့ အပြုအမူတွေကိုလည်း အစ္စလာမ်နိုင်ငံတွေက တားမြစ်ထားပါတယ်။ အထူးသဖြင့်ကတော့ ဒူဘိုင်းလို နေရာမျိုးမှာပါ။ UAE နိုင်ငံတွေအားလုံးကတော့ လက်မထပ်ဘဲ လိင်မှုကိစ္စ ပြုတာကို တားမြစ်ထားပါတယ်။ ဒူဘိုင်းကို အလည်လာတဲ့ စုံတွဲတတွဲဟာ ဒူဘိုင်းကမ်းခြေမှာ မဖွယ်မရာ အပြုအမူတွေကို ပြုခဲ့တဲ့အတွက် ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရပါတယ်။
(၃) မလုံမခြုံ ဝတ်ဆင်ခြင်း
အစ္စလာမ်နိုင်ငံတွေမှာ မိန်းကလေးတွေ မလုံမခြုံ ဝတ်ဆင်တာကို တားမြစ်ထားပါတယ်။ ဒါကြောင့် အစ္စလာမ်နိုင်ငံတွေကို အလည်သွားတဲ့အခါ အမျိုးသမီးတွေ လုံလုံခြုံခြုံ ဝတ်ဆင်သင့်ပါတယ်။
(၄) ဘာသာစကားနဲ့ နိုင်ငံရေး
တရုတ်နိုင်ငံကို ရောက်တဲ့အခါ တိဘက် ဘာသာစကားကို မပြောမိဖို့ လိုအပ်သလို အိုင်ယာလန်ကို ရောက်တဲ့အခါလည်း အိုင်ယာလန်ဟာ ဗြိတိသျှတွေရဲ့ ကျွန်းစုလေးပါဆိုတဲ့ စကားကိုလည်း မပြောမိဖို့ လိုအပ်ပါတယ်။
(၅) ဖိနပ်စီးခြင်း
ဂျပန်နိုင်ငံနဲ့ တခြား အာရှနိုင်ငံတွေကို သွားလည်တဲ့အခါ ဘုရားကျောင်းတွေကို ဖိနပ်စီးပြီး ဝင်တဲ့ အပြုအမူမျိုး မပြုလုပ်သင့်သလို ဦးထုပ်ဆောင်းပြီးလည်း မဝင်သင့်ပါဘူး။ ဂျပန်နိုင်ငံရဲ့ နေအိမ်တွေကို အလည်သွားတဲ့အခါ ကိုယ်စီးလာတဲ့ ဖိနပ်ကို တံခါးဝမှာပဲ ချွတ်ထားခဲ့သင့်ပါတယ်။ ဧည့်ခန်းထဲကို ဝင်ဖို့အတွက် နောက်ထပ် ဖိနပ်တရံ သူတို့ပေးပါလိမ့်မယ်။ နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ခြေအိတ်တွေဟာ သန့်ရှင်းနေပါစေ။
(၆) ပန်း လက်ဆောင်ပေးခြင်း
ပန်း လက်ဆောင်ပေးတယ်ဆိုတာ ယဉ်ကျေးတဲ့ ဓလေ့ တခုပါ။ ဒါပေမဲ့ တချို့နိုင်ငံတွေဟာ လက်ဆောင်ပေးတဲ့ ပန်းနဲ့ ပန်းရဲ့ အရောင်တွေကို ကြည့်ပြီး သီးခြား သတ်မှတ်ချက်တွေ ရှိပါတယ်။ ဂျာမနီ၊ ပိုလန်နဲ့ ဆွီဒင်လိုနိုင်ငံမျိုးမှာဆိုရင် ညစာစားတဲ့ အခမ်းအနားမျိုးတွေမှာ ဇော်မွှားပန်းကို လက်ဆောင်အဖြစ် မပေးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံတွေဟာ ဇော်မွှားပန်းကို အသုဘလို အခမ်းအနားတွေမှာသာ သုံးလေ့ရှိပါတယ်။
ဘယ်လ်ဂျီယံ၊ အီတလီ၊ ပြင်သစ်၊ စပိန်နဲ့ တူရကီမှာဆိုရင်တော့ ဂန္ဓမာပန်း လက်ဆောင်ပေးတာက ကောင်းမွန်တဲ့ အပြုအမူပါပဲ။ ပြင်သစ်နဲ့ သြစတြီးယားနိုင်ငံတွေမှာ နှင်းဆီပန်းအနီ လက်ဆောင်ပေးတာက ချစ်ခြင်းရဲ့ သင်္ကေတဖြစ်ပေမယ့် မက္ကဆီကိုနဲ့ ချီလီမှာဆိုရင်တော့ အဝါရောင်နှင်းဆီက ဝမ်းနည်းမှုနဲ့ ခွဲခွာခြင်းရဲ့ သင်္ကေတပါ။
ဂျာမနီ၊ ဆွီဒင်နဲ့ ပိုလန်နိုင်ငံတွေမှာဆိုရင် ပန်းစည်းကို လက်ဆောင်ပေးပါ။ ထုပ်ပိုးပြီးမှ မပေးပါနဲ့။ တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာတော့ ပန်းလက်ဆောင်ပေးမယ်ဆိုရင် မ ဂဏန်း အရေအတွက်ကို မပေးပါနဲ့။ မ ဂဏန်းဟာ ကံမကောင်းစေတဲ့ ဂဏန်းလို့ ယူဆထားတဲ့ အတွက်ပါ။ ဒါပေမဲ့ အိန္ဒိယ၊ တူရကီ၊ ရုရှားနဲ့ ဂျာမနီနိုင်ငံတွေမှာတော့ စုံဂဏန်းကို ကံမကောင်းစေတဲ့ဂဏန်း အဖြစ် မှတ်ယူထားပါတယ်။
Ref : thetravelmagazine