ဒူဘိုင်းမြို့ဟာ ချမ်းသာကြွယ်ဝလွန်းတဲ့အတွက် ကမ္ဘာပေါ်မှာ ထင်ရှားတဲ့မြို့တမြို့ ဖြစ်ပါတယ်။ ဒူဘိုင်းမြို့ကို အပန်းဖြေခရီး ထွက်ချင်သူတွေအနေနဲ့ အလည်သွားသင့်တဲ့ အကောင်းဆုံးအချိန်တွေကတော့ နိုဝင်ဘာလကနေ ဧပြီလအတွင်းပါ။ ဒီအချိန်တွေမှာဆိုရင်တော့ အပူချိန်က အမြင့်ဆုံး အခြေအနေကို ရောက်မနေတဲ့အတွက် အပန်းဖြေခရီးထွက်ဖို့ အကောင်းဆုံးအချိန်တွေပါ။
ပုံမှန်အားဖြင့်ကတော့ ဇူလိုင်လကနေ သြဂုတ်လအတွင်းမှာဆိုရင် ဒူဘိုင်းမြို့အပူချိန်ဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေတဲ့အတွက် အပန်းဖြေခရီးထွက်ဖို့ သိပ်မသင့်တော်ပါဘူး။ နေရောင်ခြည်ဒဏ်က ပူပြင်းလွန်းတဲ့အတွက် ဒီလတွေမှာဆိုရင်တော့ သာတောင့်သာယာ ခရီးတခု ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
ဇန်နဝါရီလကတော့ ဒူဘိုင်းမြို့ရဲ့ အအေးဆုံးအချိန်ပါ။ ဇန်နဝါရီလအတွင်းမှာဆိုရင်တော့ ဒူဘိုင်းမြို့မှာ အထူးဈေးရောင်းပွဲတော်တွေကို ကျင်းပလေ့ ရှိတတ်ကြပါတယ်။ ဒူဘိုင်းမြို့ကို ဈေးဝယ်ထွက်ချင်သူတွေ အနေနဲ့ကတော့ ဇန်နဝါရီလမှာ အလည်သွားတာ အကောင်းဆုံးပါပဲ။ ဒီအချိန်မှာဆိုရင်တော့ လျှပ်စစ်ပစ္စည်း၊ လက်ဝတ်ရတနာ၊ အဝတ်အစား စတဲ့ ပစ္စည်းတွေကို ဈေးနှုန်းချပြီး ရောင်းချပေးလေ့ ရှိပါတယ်။
ဒူဘိုင်းမြို့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေရဲ့ ဈေးအကြီးဆုံးအချိန်တွေကတော့ ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလအတွင်းပါပဲ။ ဒီအချိန်တွေမှာဆိုရင်တော့ ဈေးနှုန်းတွေဟာ သာမန်အချိန်တွေထက် မြင့်နေတတ်ပါတယ်။ ဘာဖြစ်လို့ ဈေးနှုန်းတွေ ကြီးရသလဲဆိုရင်တော့ အပန်းဖြေခရီး လာရောက်သူတွေ များတဲ့အတွက်ပါ။
အပူဆုံးအချိန်တွေဖြစ်တဲ့ နွေရာသီမှာဆိုရင် ဟိုတယ်ဈေးနှုန်းတွေဟာ အနိမ့်ဆုံး အခြေအနေမှာ ရှိနေပါတယ်။ အဲဒီအချိန်တွေမှာဆိုရင် ခရီးသွားတွေကို ဆွဲဆောင်ဖို့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေရဲ့ဈေနှုန်းကို အနိမ့်ဆုံးအထိ ချပေးထားသလို အချို့ဟိုတယ်တွေဆို အစားအသောက်ကို တနေ့လုံးအတွက် အခမဲ့ စီစဉ်ပေးထားပါသေးတယ်။ ။
Ref. santorinidave