ထိုင်းနိုင်ငံတောင်ပိုင်း Surat Thani မှာ ရှိတဲ့ Khao Sok အမျိုးသားဥယျာဉ်ကြီးဟာ ထိုင်းအစိုးရက ကာကွယ်စောင့်ရှောက်ထားတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။ ဒီဒေသဟာ မကြာသေးခင်ကပဲ ပြင်သစ် မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Vogue မဂ္ဂဇင်းကနေ Khao Sok အမျိုးသားဥယျာဉ်ဟာ ကမ္ဘာ့အလှဆုံး အမျိုးသားဥယျာဉ် ၈ ခုထဲမှာ ၁ ခု အပါအဝင်ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။
Vogue မဂ္ဂဇင်းရဲ့ဖော်ပြချက်အရဆိုရင်တော့ Khao Sok အမျိုးသားဥယျာဉ်ကြီးဟာ စိမ်းလန်းစိုပြေတဲ့ သစ်တောဖြစ်တဲ့အပြင် သစ်တောကြီးကိုလည်း မြူနှင်းတွေက ဖုံးအုပ်ထားပါတယ်။ မတူကွဲပြားတဲ့ ငှက်မျိုးစိတ်ပေါင်း ၃၀၀ ကျော်ကိုလည်း Khao Sok အမျိုးသားဥယျာဉ်က ပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး Vogue မဂ္ဂဇင်းက Khao Sok အမျိုးသားဥယျာဉ်အတွင်းမှာရှိတဲ့ Chiew Larn ကန်ရဲ့ အလှကိုလည်း ချီးကျူးခဲ့ပါသေးတယ်။
Surat Thani ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ Wichawut Jinto ကလည်း Khao Sok အမျိုးသားဥယျာဉ်ကြီးဟာ မပျက်စီးသေးတဲ့ ဂေဟစနစ်တခု ဖြစ်နေသေးတဲ့အတွက် ဥရောပ၊ တရုတ်နဲ့ တခြားအာရှ နိုင်ငံက ခရီးသွားအများစုကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Khao Sok အမျိုးသားဥယျာဉ်ကြီးအတွင်းမှာဆိုရင်တော့ မတူကွဲပြားတဲ့ သစ်ပင်မျိုးစိတ်တွေနဲ့ သဘာဝသားရိုင်းတိရစ္ဆာန်တွေလည်း အလွန်ပေါများပါတယ်။ ဒီအမျိုးသားဥယျာဉ်ကိုတော့ ၁၉၈၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံရဲ့ ၂၂ ခုမြောက်အမျိုးသားဥယျာဉ်အဖြစ် သစ်တောဦးစီးဌာနက တည်ဆောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာတော့ Khao Sok အမျိုးသားဥယျာဉ်အတွင်းမှာ နို့တိုက်သတ္တဝါမျိုးစိတ်နဲ့ ငှက်မျိုးစိတ်တွေက အလွန်ပေါများတဲ့အတွက် ခရီးသွားတွေ အလာများတဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။ ၇၃၈ စတုရန်းကီလိုမီတာကျယ်ဝန်းတဲ့ Khao Sok အမျိုးသားဥယျာဉ်ကြီးအတွင်းမှာရှိတဲ့ မိုးသစ်တောကြီးကလည်း ကမ္ဘာ့အသက်အကြီးဆုံး မိုးသစ်တောကြီးဖြစ်တဲ့အပြင် လွန်ခဲ့တဲ့နှစ်သန်း ၁၆၀ လောက်ကတည်းက တည်ရှိခဲ့တယ်လို့ လူတွေကယုံကြည်ထားကြပါတယ်။
Ref: bangkokpost & thainationalparks