Travel

စင်ကာပူနိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ကမ္ဘာ့အကြီးဆုံး Jewel Changi လေဆိပ်

ဧပြီလ အစောပိုင်းတုန်းကပဲ စင်ကာပူနိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံး Jewel Changi လေဆိပ်ကို ဖွင့်လှစ်လိုက်ပါတယ်။ ဒီလေဆိပ်ကြီးကိုတော့ စင်ကာပူဒေါ်လာ ၁ ဒဿမ ၇ဘီလီယံ(ထိုင်းဘတ် ၄၀ ဘီလီယံ) အကုန်အကျခံပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Jewel Changi လေဆိပ်ကြီးဟာ စင်ကာပူနိုင်ငံရဲ့ အချက်အချာကျတဲ့ လေဆိပ်တခု ဖြစ်လာခဲ့ပါပြီ။

ဒီလေဆိပ်ကြီးဟာ ၁၃၅,၇၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၂၈၀ ရှိပြီး ဟိုတယ်လည်း ပါဝင်ပါသေးတယ်။ ဒီလေဆိပ်ကြီးမှာဆိုရင် မိုးလုံလေလုံတဲ့ ကြီးမားတဲ့ ဈေးဝယ်စင်တာကြီးတွေ ပါရှိသလို အထူး ပြုလုပ်ထားတဲ့ ရေတံခွန်လည်း ပါဝင်ပါသေးတယ်။ အဲဒီရေတံခွန်ကြီးကိုတော့ ကြီးမားတဲ့ မိုးသစ်တောတွေက ဝန်းရံပေးထားပါတယ်။

အဲဒီ မိုးသစ်တောကြီးကိုလည်း အမြဲတမ်း စိမ်းလန်းစိုပြေနေအောင် ပြုလုပ်ထားပြီး Shiseido တောအုပ်လို့ နာမည်ပေးထားပါတယ်။ Shuseido မိုးရာသီ တောအုပ်အတွင်းမှာဆိုရင် သစ်ပင်ပေါင်း ၉၀၀ကျော်၊ ခြုံနွယ်ပေါင်း ၆၀၀၀၀ ကျော် စိုက်ပျိုးထားပါတယ်။ အဲဒီ လေဆိပ်ကို ရောက်ရှိခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် Sabrina Stefani ကလည်း စင်ကာပူနိုင်ငံရဲ့ Jewel Changi လေဆိပ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“စင်ကာပူနိုင်ငံဟာ နည်းပညာအရာမှာ အမြဲတမ်း ရှေ့တန်းရောက်အောင် ကြိုးစားနေတဲ့ နိုင်ငံ တနိုင်ငံဆိုတာ ဒီလေဆိပ်ကြီးက သက်သေပြနေပါတယ်။ တကယ်တော့ ဒါဟာ လေဆိပ်တခုဆိုတဲ့ နာမည်နဲ့တင် မလုံလောက်ပါဘူး။ ကြီးကျယ်ခမ်းနားတဲ့ ဗိသုကာလက်ရာတွေ စုဝေးနေတဲ့ နေရာ တနေရာဖြစ်သလို စိမ်းလန်းစိုပြေတဲ့ သစ်တောနဲ့ သာယာလှပတဲ့ ရှုမျှော်ခင်းတွေ စုဝေးနေတဲ့ နေရာ တနေရာပါပဲ”လို့ ဆိုပါတယ်။

Jewel Changi လေဆိပ်ကြီးဟာ ခရီးသွားသူတွေရဲ့ မဲပေးရွေးချယ်မှုအရ ဆိုရင် ၇ နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး လေဆိပ်တခုဖြစ်ခဲ့ပြီး တိုကျိုမြို့ရဲ့ Haneda လေဆိပ်နဲ့ တောင်ကိုရီးနိုင်ငံရဲ့ Incheon လေဆိပ်က ဒုတိယနဲ့ တတိယ အသီးသီးရရှိခဲ့ပါတယ်။

Jewel Changi လေဆိပ်ဟာ ကမ္ဘာပေါ်မှာ သတ္တမမြောက် လူစည်ကားတဲ့ လေဆိပ်တခုဖြစ်ပြီး ၂၀၁၈ ခုနှစ် မှတ်တမ်းတွေအရဆို ခရီးသွားပေါင်း ၆၅ ဒဿမ ၆ သန်းလာရောက်ခဲ့ပါတယ်။

Ref:bangkokpost

Loading