သြင်္ကန်ကာလ ဟတ်ချောင်မိုင် အမျိုးသားဥယျာဉ်အတွင်း ကမ္ဘာလှည့် ခရီးသွား စက်လှေများ အကြိမ်ကြိမ် ဖြတ်သန်း မောင်းနှင်ခြင်းကြောင့် သန္တာကျောက်တန်းများ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရကြောင်း၊ သန္တ္တာကျောက်တန်းများ ပြန်လည် ရှင်သန်ရေးနှင့် နောက်ထပ် ပျက်စီးမှု ထပ်မံ မဖြစ်ပွားရေး တားဆီးရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်သည်။
အမျိုးသား ဥယျာဉ် အတွင်း နေရာ အတော်များများ ပျက်စီးခဲ့ရကြောင်း ဥယျာဉ်အုပ်ချုပ်ရေးမှူး နာရောင် ခေါင် အိဒ်က အတည်ပြုပြောကြားခဲ့ပြီး ဥယျာဉ်တည်ရှိရာကျွန်းပေါ်သို့ ဧည့်အလာများခဲ့ပြီးနောက် ခိုကရာဒန် နေရာတဝိုက်တွင် အပျက်အစီးအထူးများပြားသည်ဟု ဆိုသည်။
ခရီးသည်များသည် အဆိုပါ ကျွန်းပေါ်သို့ ခရီးသည်တင် သင်္ဘောများ၊ လောင်းလှေများဖြင့် ရောက်ရှိ လည်ပတ် ခဲ့ကြခြင်း ဖြစ်သည်။
ရောက်ရှိလာသည့် ခရီးသည် အရေအတွက်မှာ များပြားလွန်းလှ သဖြင့် ဥယျာဉ်တာဝန်ရှိသူများက ကမ်းခြေများနှင့် ရေအောက် သန္တာကျောက်တန်းများကို လိုက်လံကြီးကြပ်ရန် ခဲယဉ်းသွားခဲ့သည်။
ကျွန်းသို့ လာရောက်သော သင်္ဘောများ၊ လှေများသည် ကျောက်ချရပ်နား ခြင်းကြောင့် သန္တာကျောက်တန်းများ ထိခိုက် ပျက်စီးခဲ့ရခြင်းဖြစ်သည်။
အချို့လှေ၊ သင်္ဘောများမှာ လှိုင်းကြီးလာသည့် အချိန်၌ပင် ကျောက်ချထားဆဲရှိကြောင်း၊ ယင်းသို့ လှိုင်းကြီးချိန် ကျောက် ချခြင်းကြောင့် ယင်းလှေ၊ သင်္ဘောအောက်ခြေရှိ သန္တာကျောက်တန်းများကို ဆွဲလှုပ်သကဲ့သို့ဖြစ်စေခဲ့ကြောင်း သိရသည်။
ဖူးခက်ကျွန်းရှိ အဆိုပါ ဥယျာဉ်နှင့် အစိုးရပိုင် ရေကြောင်းဌာနတို့က အဆိုပါလှေများဆိုက်ကပ်မည့်နေရာကို သန္တာကျောက် တန်းများဝေးကွာရာတွင် သတ်မှတ်ပေးခဲ့သည်။
ခရီးသွား လုပ်ငန်းရှင် များကိုလည်း လှေ၊ သင်္ဘောများ ဆိုက်ကပ်ရမည့်စည်းကမ်းချက်နှင့် ကျွန်းပတ်လည် ငါးစာကျွေးခြင်း ကန့်သတ်ချက်များ လိုက်နာရန် တင်းကြပ်စွာ ညွှန်ကြားထားသည်။
အဆိုပါ ပြဿနာကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်သို့ Prug Udomkerd နှင့် Supaporn Prempree စသည့် Account ပိုင်ရှင်များက လွှင့်တင်ခဲ့ခြင်း ဖြစ်ပြီး၊ ခရီးသွားဧည့်သည်များ ပြန်လည်ထွက်ခွာပြီးနောက် ကျန်ရစ်ခဲ့သော အပျက်အစီးများ အကြောင်းနှင့် ခိုကရာဒန်ပေါ်ရှိ သန္တာကျောက်တန်း အခြေအနေမှတ်တမ်းတင်ဓာတ်ပုံများဘေးတွင် သတင်းစကား မှတ်ချက်များကို တွေ့ရသည်။
ထရောင်ပြည်နယ်ရှိ ဧည့်လမ်းညွှန်ကျွမ်းကျင်အဖွဲ့ခေါင်းဆောင် ဆွမ်ဆက် ပန်သူမက်က ပြောကြားရာတွင် “၎င်းနှင့် ဧည့်လမ်းညွှန် အဖွဲ့ဝင်များသည် ယင်းပြဿနာနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း” ဆိုသည်။
ကျွန်းပေါ် လာရောက်သည့်ဧည့်သည်များကို စည်းကမ်း သတ်မှတ်၍ ကြီးကြပ်ရန် နည်းလမ်းများကို ဥယျာဉ် အာဏာပိုင် များနှင့်၎င်းတို့ တိုင်ပင်သွားရန် စီစဉ်ထားသည်ဟု ပြောပြသည်။
မီတာ ၅၀၀ ကျော်မျှ ပျက်စီးခဲ့သော သန္တာကျောက်တန်းများ ပြန်လည် ထူထောင်ရေး အတွက် ၎င်းတို့အဖွဲ့က ပူးပေါင်း ဆောင်ရွက်သွားမည့် အကြောင်းလည်း ကတိပြုခဲ့သည်။
အလားတူ ပျက်စီးမှု သတင်းထွက်ပေါ်လာသည့် နေရာမှာ ခိုချူအက်အနီးရှိ ကမ်းရိုးတန်းဖြစ်သည်။
ခိုကရာသို့ လာရောက်သည့် ခရီးသည်များမှာ ရက်သတ္တပတ် အကုန်များနှင့် အများပြည်သ ူအလုပ်ပိတ်ရက်များတွင် အထူး ပိုမို များပြားခြင်းကြောင့် ထိန်းသိမ်းရန် မလွယ်ကူကြောင်း မစ္စတာ ဆွမ်ဆက်က ပြောသည်။