The Active Times Website က ၂၀၁၉ ဧပြီလ ၁၄ ရက်နေ့မှာ ဆောင်းပါးတပုဒ် ဖော်ပြခဲ့ပါတယ်။ အဲဒါကတော့ ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံတွေရဲ့စာရင်းကို ဖော်ပြထားတာပါ။ အဲဒီဆောင်းပါးဟာ ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အစီရင်ခံစာမှာ အခြေခံထားတယ်လို့ ဆိုပါတယ်။ အဲဒီအစီရင်ခံစာဟာ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ နိုင်ငံပေါင်း ၁၃၆ ကို သုတေသနပြုပြီး ထုတ်ပြန်ထားတဲ့ စာရင်းပါ။
(၁) ကိုလံဘီယာနိုင်ငံ
ကိုလံဘီယာနိုင်ငံမှာဆိုရင် Bogota မြို့က ခရီးသွားတွေအတွက် အန္တရာယ်အများဆုံးမြို့ပါ။ Bogota မြို့ဟာ ကိုလံဘီယာနိုင်ငံရဲ့ မြို့တော်ဖြစ်သလို အကြီးဆုံးမြို့လည်း ဖြစ်ပါတယ်။ Bogota မြို့မှာ အများဆုံးဖြစ်လေ့ရှိတဲ့ ရာဇဝတ်မှုတွေကတော့ ကိုယ်ထိလက်ရောက် စော်ကားမှု၊ လူသတ်မှုနဲ့ လက်နက်ကိုင် အကြမ်းဖက်မှုတွေပါ။
လုယက်မှုနဲ့ ပြန်ပေးဆွဲတဲ့ အဖွဲ့အစည်းတွေကလည်း ကိုလံဘီယာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါ တယ်။ လူဆိုးဂိုဏ်း အချင်းချင်း ဖြစ်ပွားလေ့ရှိတဲ့ စစ်ပွဲတွေကြောင့်လည်း တောင်အမေရိနိုင်ငံတွေမှာဆို ကိုလံဘီယာနိုင်ငံက ရာဇဝတ်မှုအဖြစ်ပွားဆုံး နိုင်ငံပါ။
(၂) ယီမင်နိုင်ငံ
စစ်ရေးပဋိပက္ခ၊ အကြမ်းဖက်ဝါဒ ၊ အရပ်ဖက် မငြိမ်သက်မှုတွေကြောင့် နိုင်ငံတကာခ ရီးသွားတွေဟာ ယီမင်နိုင်ငံကို သွားရောက်လည်ဖို့ ဝန်လေးကြပါတယ်။ အစိုးရရဲ့ အစီရင်ခံစာတွေအရ ဆိုရင်တော့ အကြမ်းဖက်အဖွဲ့အစည်းတွေဟာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိပါတယ်။ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းကလည်း ယီမင်နိုင်ငံအတွင်း လှုပ်ရှားသွားလာနေကြသလို မြေမြှုပ်မိုင်းတွေ ကလည်း အဓိက ပြဿနာပါ။ နောက်ထပ်အချက်ကတော့ ရေနဲ့ အခြေခံဆေးဝါး လုံလောက်မှု မရှိတာပါပဲ။
(၃) အယ်လ်ဆာဗေဒေါနိုင်ငံ
ရာဇဝတ်မှုဟာ အယ်လ်ဆာဗေဒေါ နိုင်ငံအဖို့တော့ အရေးပါတဲ့ အဆင့်မှာ ရှိနေပါတယ်။ အကြမ်းဖက်မှုကို ခန့်မှန်းဖို့ ခက်ခဲပြီး နေရာမရွေး၊ အချိန်မရွေး ဖြစ်ပွားလာနိုင်ပါတယ်။ စည်းကမ်းမဲ့ အပြုအမူတွေနဲ့ ဂိုဏ်းအချင်းချင်း ဖြစ်ပွားတဲ့ စစ်ပွဲတွေ အဓိကဖြစ်ပွားလေ့ ရှိသလို လုံခြုံရေးကလည်း အလွန် နည်းပါးပါတယ်။
(၄) ပါကစ္စတန်နိုင်ငံ
ပါကစ္စတန်နိုင်ငံဟာ လူမျိုးရေး တိုက်ခိုက်မှုတွေနဲ့အတူ အကြမ်းဖက်မှုတွေလည်း ဆက်လက် ဖြစ်ပွားနေတဲ့အတွက် ခရီးသွားတွေ အလာနည်းတဲ့ နိုင်ငံ တနိုင်ငံပါ။ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲမှုတွေလည်း ရှိနေပြီး ဘာသာရေး ပဋိပက္ခတွေကလည်း နှစ်ပေါင်းများစွ ာရှည်ကြာခဲ့ပြီဖြစ်တဲ့ ပြဿနာအနေနဲ့ ဆက်လက် တည်ရှိနေပါတယ်။ လုံခြုံရေး အခြေအနေကလည်း အနိမ့်ဆုံးအဆင့်မှာ ရှိနေပြီး မကြာခဏ ဆိုသလို စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။
(၅) နိုင်ဂျီးရီးယားနိုင်ငံ
အကြမ်းဖက်ဝါဒနဲ့ ပင်လယ်ဓားပြရန်ကြောင့် နိုင်ဂျီးရီးယားနိုင်ငံကလည်း ခရီးသွားတွေအတွက် အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။ ဖြစ်လေ့များတဲ့ ရာဇဝတ်မှုတွေကတော့ လက်နက်ကိုင် လုယက်မှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ ပြန်ပေးဆွဲမှုနဲ့ ကားအပိုင်စီးမှုတွေပါ။
အကြမ်းဖက်သမားတွေကလည်း နိုင်ဂျီးရီးယားနိုင်ငံကနေ တိုက်ပွဲတွေကို ဖြစ်ပွားစေပါတယ်။ ကား လုယက်မှုတွေ အဆမတန် များလွန်းတဲ့အတွက် နိုင်ဂျီးရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကားမောင်းလို့ မကောင်းဆုံးသော နေရာတနေရာပါပဲ။
နောက်ထပ် ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံးနိုင်ငံတွေကတော့ ဗင်နီဇွဲလား၊ အီဂျစ်၊ ကင်ညာ၊ ဟွန်ဒူးရပ်စ်၊ ယူကရိန်း၊ ဖိလစ်ပိုင်၊ လက်ဘနွန်၊ မာလီ၊ ဘင်္ဂလားဒေ့ရှ်၊ ချဒ်၊ ဂွာတီ မာလာ၊ တောင်အာဖရိက၊ ဂျမေကာ၊ ထိုင်းနဲ့ ကွန်ဂိုနိုင်ငံတို့ပါပဲ။
Ref:msn