တချိန်က ကြီးကျယ်ခမ်းနားခဲ့တဲ့ မြို့ကြီးအများစုဟာ အခုအခါမှာတော့ ပျောက်ဆုံးသွားတဲ့မြို့ကြီးတွေရဲ့ စာရင်းထဲ ဝင်ကုန်ပါပြီ။ အဲဒီမြို့ကြီးတွေဟာ တချိန်တုန်းက ကြီးကျယ် ခမ်းနားခဲ့ဖူးပါတယ်လို့ ပြောရင်လည်း ဒဏ္ဍာရီစကားလို့သာ လူတွေက ပြောကြပါလိမ့်မယ်။
တကယ်တော့ ဒဏ္ဍာရီ မဟုတ်ပါဘူး။ တချိန်တုန်းကတော့ တကယ်ကို ကြီးကျယ် ခမ်းနားခဲ့တဲ့ မြို့ကြီးတွေပါပဲ။ အဲဒီ မြို့ကြီးတွေမှာ ကြီးကျယ်ခမ်းနားတဲ့ လူမျိုးစုတွေ နေထိုင်ခဲ့ကြဖူးပါတယ်။ အခုခေတ် လူတွေ ရင်သပ်ရှုမောဖြစ်လောက်စရာ အတတ်ပညာတွေကို အဲဒီလူမျိုးစုတွေ တတ်မြောက်ခဲ့ကြပါတယ်။
(၁) Tikal (ဂွာတီမာလာနိုင်ငံ)
ဂွာတီမာလာနိုင်ငံရဲ့ အသည်းနှလုံးက Tikal ပါ။ Tikal မြို့ဟာ မာယာလူမျိုးတွေ နေထိုင်ခဲ့ကြတဲ့ မြို့တွေထဲမှာ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး မြို့တမြို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Tikal မြို့မှာဆိုရင်တော့ မာယာလူမျိုးတွေ တည်ဆောက်ခဲ့ပြီး ကြီးကျယ် ခမ်းနားလွန်းတဲ့ ဘုရားကျောင်း ၆ ကျောင်းလည်း ရှိနေပါသေးတယ်။ အဲဒီကျောင်းတော်ကြီးတွေဟာဆိုရင် နှစ်ပေါင်းထောင်နဲ့ ချီ ကြာမြင့်ခဲ့ပါပြီ။ တချိန်တုန်းက ကြီးကျယ်ခမ်းနားခဲ့တဲ့ Tikal မြို့ဟာ အခုဆိုရင်တော့ တောအုပ်တွေက ဖုံးလွှမ်းသွားခဲ့ပါပြီ။
(၂) Ctesiphon (အီရတ်နိုင်ငံ)
Ctesiphon မြို့ဟာ တချိန်တုန်းကတော့ ပါရှန်းအင်ပါယာရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ ဘဂ္ဂဒက်မြို့နဲ့ မနီး မဝေးမှာ ရှိပြီး တိုက်ဂရစ်မြစ်ကမ်းဘေးမှာ ရှိပါတယ်။ တချိန်တုန်းကတော့ ဒီမြစ်ကမ်းတလျှောက် ပတ်ဝန်းကျင်မြို့ ကြီးတွေဟာ ကြွယ်ဝတဲ့ စီးပွားရေးမြို့ ပြကြီးတွေ ဖြစ်ခဲ့ဖူးပါတယ်။
(၃) Vijayanagar (အိန္ဒိယနိုင်ငံ)
Vijayanagar မြို့ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းအတွက်တော့ အကြီးကျယ်ဆုံး အင်ပါယာတခု ဖြစ်ခဲ့ဖူးပြီး စီးပွားရေး အချက်အချာကျတဲ့ မြို့တမြို့ ဖြစ်ခဲ့ဖူးပါတယ်။ Vijayanagar ကျောင်းတော်ဟာဆိုရင်လည်း ကြီးကျယ်မြင့်မြတ်တဲ့ နေရာတနေရာဖြစ်သလို ဟိန္ဒူတွေနဲ့ ဟိန္ဒူ မဟုတ်သူတွေပါ အကြိုက်တွေ့စေတဲ့ နေရာတနေရာပါ။
(၄) Ani (တူရကီမြို့ )
Ani မြို့ဟာ တချိန်တုန်းကတော့ ကြီးကျယ်ခမ်းနားခဲ့ပြီး အာမေးနီးယန်းတွေရဲ့ မြို့ပြနိုင်ငံ တနိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။ Ani မြို့ကို လူတွေက “ဘုရားရှိခိုးကျောင်း ၁၀၀၁ ရှိတဲ့မြို့”လို့လည်း ခေါ်ကြပါသေးတယ်။ Ani မြို့ဟာ ဒီနေ့အထိလူတွေကို ဖမ်းစားနိုင်နေပါတယ်။
(၅) Thebes (အီဂျစ်နိုင်ငံ)
Thebes ရှေးဟောင်းမြို့တော်ဟာ BC ၂၀၄၀ နဲ့ ၁၀၇၀ ကြား ကာလတွေမှာ အီဂျစ်နိုင်ငံရဲ့ မြို့တော် ဖြစ်ခဲ့ဖူးပါတယ်။ Thebes မြို့ဟာ အီဂျစ်လူမျိုးတွေက နေနတ်ဘုရားအဖြစ် သတ်မှတ်ထားတဲ့ Amon အတွက် ရည်ရွယ် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Thebes မြို့က Luxor ဗိမာန်တော် ၊ Ramesses II ဗိမာန်တော်တွေဟာ ဒီကနေ့ခေတ် ထိတိုင်အောင် ပြိုင်ဘက်ကင်းတဲ့ ဗိသုကာပညာရပ်အနေနဲ့ တည်ရှိနေတုန်းပါပဲ။ နောက်ထပ်ကျော်ကြားတဲ့ နေရာကတော့ Tutankhamun သင်္ချိုင်းပါ။
Ref:roughguides