ခေတ်သစ်ကမ္ဘာကြီးမှာ လူတွေဟာ နည်းအမျိုးမျိုးနဲ့ အပန်းဖြေခရီးထွက်ကြပါတယ်။ တတ်နိုင်သူ တွေကလည်း ဇိမ်ခံဟိုတယ်အကောင်းစားတွေမှာ မိသားစုလိုက် ခရီးထွက်လေ့ရှိကြပါတယ်။ တချို့တွေကလည်း ပြည်ပကို မိသားစုလိုက် ခရီးထွက်လေ့ရှိကြပါတယ်။
ဒါပေမယ့် မိသားစုလိုက်ခရီးထွက်လို့ ကောင်းတဲ့နေရာကတော့ ကျယ်ပြောပြီးအရိပ်လည်းရတဲ့ လယ်ကွင်းပြင်လို နေရာတွေပါ။ ဒီလိုနေရာမျိုးတွေဟာ ငွေကုန်ကြေးကျသက်သက်သာသာနဲ့ မိသား စုလိုက် ခရီးထွက်သင့်တဲ့နေရာပါ။
အဲဒီလိုနေရာတွေကို မိသားစုလိုက်ပျော်ပွဲစားထွက်ရင်ရလာနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြ ပေးချင်ပါတယ်။
(၁) သက်သောင့်သက်သာ နားနေနိုင်ခြင်း
ကျယ်ပြန့်ပြီး အရိပ်လည်းရတဲ့ လယ်ကွင်းပြင်လိုနေရာမျိုးတွေဟာ သက်သောင့်သက်သာနဲ့နားနေ နိုင်တဲ့နေရာ တနေရာဖြစ်သလို ရှုပ်ထွေးလှတဲ့ပတ်ဝန်းကျင်နဲ့ ခေတ္တအဆက်ဖြတ်လို့ကောင်းတဲ့ နေရာတနေရာပါ။ ဖုန်းလိုမျိုး လျှပ်စစ်နဲ့ ပတ်သက်တဲ့အရာတွေနဲ့ ခဏဝေးနေတဲ့အတွက် ကျန်းမာရေးကို အထောက်အကူဖြစ်သလို ကလေးတွေအနေနဲ့လည်း ဗဟုသုတကြွယ်ဝလာနိုင်ပါတယ်။
(၂) ကလေးတွေအနေနဲ့ ဆန်ဘယ်ကရတယ်ဆိုတာ လက်တွေ့သင်ယူနိုင်ခြင်း
ကလေးတွေအဖို့တော့ ဒီအချက်က ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ်နေ့စဉ်စားသောက် နေရတဲ့ အာဟာရတွေဟာ ဘယ်ကရသလဲဆိုတာကို လက်တွေ့သင်ကြားနိုင်ပါလိမ့်မယ်။
မိသားစုလိုက်ပျော်ပွဲစားသွားတဲ့ လယ်ကွင်းပြင်လိုနေရာတွေမှာ ဆိတ် ၊ နွား ၊ ကြက် ၊ ဘဲ နဲ့ မြင်းလို တိရစ္ဆာန်တွေမွေးမြူထားရင် ပိုတောင်ကောင်းပါသေးတယ်။ ကလေးတွေအနေနဲ့ တိရစ္ဆာန်တွေရဲ့ သဘာဝကို ကိုယ်တိုင်ကိုယ်ကျ လေ့လာနိုင်မှာဖြစ်သလို တိရစ္ဆာန်တွေနဲ့ဆော့ကစားခွင့်ကိုလည်း ရနိုင်ပါသေးတယ်။
(၃) တနေကုန်တိရစ္ဆာန်တွေနဲ့ ဆော့ကစားနိုင်ခြင်း
ကျယ်ပြန့်တဲ့ လယ်ကွင်းပြင်တွေမှာဆိုရင်တော့ တိရစ္ဆာန်တွေဟာ နေရာတိုင်းလိုလိုမှာရှိနေတတ်ပါ တယ်။ ကျွဲနွားကျောင်းနေတာကို တွေ့နိုင်မှာဖြစ်တဲ့အပြင် ကျေးငှက်တွေရဲ့ တစီစီအသံကိုလည်း ကြားရမှာအမှန်ပါပဲ။ ငယ်ရွယ်တဲ့ကလေးငယ်တွေအဖို့ဆိုရင်လည်း ပတ်ဝန်းကျင်ကောင်းကို စတင် မိတ်ဆက်ရတာဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်တွေအပေါ် ချစ်ခင်ကြင်နာစိတ် ပို မိုတိုးပွားစေပါတယ်။
(၄) ကျယ်ပြန့်တဲ့နေရာတွေမှာ ဆော့ကစားနိုင်ခြင်း
ဒီကနေ့ခေတ်ကလေးအများစုက အိမ်ကျဉ်းကျဉ်းတွေမှာ ဆော့ကစားရလေ့ရှိပါတယ်။ လယ်ကွင်း ပြင်တွေမှာ ဆိုရင်တော့ ကလေးတွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆော့ကစားရတဲ့အတွက် ကြီးမား တဲ့ပျော်ရွှင်မှုကိုရစေနိုင်သလို တသက်မမေ့စရာ အတွေ့အကြုံလည်းဖြစ်နေပါလိမ့်မယ်။
ကလေးတွေအနေနဲ့ ဘောလုံးကန်နိုင်သလို မိဘတွေချက်ပြုတ်နေတာမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပျော်ပျော်ရွှင်ရွှင် ပါဝင်နိုင်ပါလိမ့်မယ်။
Ref:matadornetwork